မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် ပြောကြား

မြောက်ကိုရီးယားက ခရုဇ်ဒုံးကျည်များ ပစ်ခတ်ခဲ့ကြောင်း တောင်ကိုရီးယားစစ်တပ် ပြောကြား
ဇန်နဝါရီ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ရထားဘူတာရုံတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုသတင်းကို ခရီးသည်များက ကြည့်ရှုနေစဉ်(Photo:AFP)
ဇန်နဝါရီ ၂၈ ရက်က တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်ရှိ ရထားဘူတာရုံတွင် မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုသတင်းကို ခရီးသည်များက ကြည့်ရှုနေစဉ်(Photo:AFP)
Published 28 January 2024

မြောက်ကိုရီးယားသည် ဇန်နဝါရီ ၂၈ ရက်က ခရုဇ်ဒုံးကျည်များပစ်ခတ်ခဲ့သည်ဟု တောင်ကိုရီးယားစစ်တပ်က ပြောကြားခဲ့ပြီး ယင်းသည် နျူကလီးယားလက်နက်ပိုင်ဆိုင်သည့် မြောက်ကိုရီးယားက လုပ်ဆောင်သည့် တင်းမာမှုများမြင့်တက်စေသည့် လုပ်ရပ်များ၏ နောက်ဆုံးလှုပ်ရှားမှုတစ်ခုဖြစ်သည်။

မြောက်ကိုရီးယားသည် မျိုးဆက်သစ် မဟာဗျူဟာမြောက် ခရုဇ်ဒုံးကျည်များကို ပထမဆုံးအကြိမ်စမ်းသပ်မှုဟု ပြောကြားခဲ့သည့် ခရုဇ်ဒုံးကျည်အချို့ကို ပင်လယ်ဝါအတွင်းသို့ ပစ်ခတ်ခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုကဲ့သို့ ခရုဇ်ဒုံးကျည်များ ထပ်မံပစ်လွှတ်ခဲ့ခြင်း ဖြစ်သည်။

မြောက်ကိုရီးယားသည် ရေအောက် နျူကလီးယားလက်နက်စနစ်နှင့် လောင်စာတောင့်သုံး ဟိုက်ပါဆောနစ် ပဲ့ထိန်းဒုံးကျည်တစ်စင်း စမ်းသပ်မှုအပါအဝင် ယခုနှစ်အတွင်း လက်နက်စမ်းသပ်မှုများကို အရှိန်မြှင့် တင်ခဲ့သည်။

“ဒီနေ့မနက် ၈ နာရီက မြောက်ကိုရီးယားရဲ့ စင်ပိုဒေသကနေ အနီးနားက ရေပြင်တွေထဲကို အမျိုးအမည်မသိ ခရုဇ်ဒုံးကျည်အချို့ ပစ်လွှတ်ခဲ့တာကို ကျွန်တော်တို့ စစ်တပ်က ထောက်လှမ်းသိရှိခဲ့ပါတယ်”ဟု တောင်ကိုရီး ယား ပူးတွဲစစ်ဦးစီးချုပ်များအဖွဲ့ (JCS) က အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

မြောက်ကိုရီးယား၏ ဒုံးကျည်ပစ်လွှတ်မှုကို တောင်ကိုရီးယားနှင့် အမေရိကန်ထောက်လှမ်းရေး အာဏာပိုင်များက လေ့လာဆန်းစစ်ခဲ့ပြီး နောက်ထပ် မြောက်ကိုရီးယား၏ လှုပ်ရှားမှုများကို အနီးကပ်စောင့်ကြည့်ခဲ့ကြောင်း CJS က ပြောကြားခဲ့သည်။

ကုလသမဂ္ဂက မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများတွင် ပဲ့ထိန်းဒုံးကျည်များ ပစ်လွှတ်မှုကို တားမြစ်ထားသော်လည်း ခရုဇ်ဒုံးကျည်များ ပစ်လွှတ်မှုကိုမူ တားမြစ်ထားခြင်းမရှိပေ။

မြောက်ကိုရီးယားက ၎င်းတို့၏ ခရုစ်ဒုံးကျည် အမျိုးအစားသစ်တစ်မျိုးကို ပထမဆုံးအကြိမ် စမ်းသပ်ခဲ့ကြောင်း ဇန်နဝါရီ ၂၅ ရက် တွင် ပြောကြားခဲ့သည်။

၎င်းတို့၏ အနောက်ဘက်ကမ်းလွန် ရေပြင်ထဲသို့ မြောက်ကိုရီးယားက ခရုစ်ဒုံးကျည်များ ပစ်လွှတ်ခဲ့သည်ကို တွေ့ရှိရကြောင်း တောင်ကိုရီးယားက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့ပြီး တစ်ရက်အကြာတွင် မြောက် ကိုရီးယားနိုင်ငံပိုင်မီဒီယာ၏ ထုတ်ပြန်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Pulhwasal-3-31 ဒုံးကျည်အမျိုးအစားသည် တီထွင်ထုတ်လုပ်ဆဲအဆင့်ဖြစ်သဖြင့် အိမ်နီးချင်းနိုင်ငံများကို ခြိမ်းခြောက်မှု ဖြစ်စေခဲ့ခြင်းမရှိကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနဖြစ်သည့် KCNA က ဖော် ပြခဲ့သည်။

အဆိုပါဒုံးကျည်သည် နျူကလီးယား လက်နက်များတွင် တပ်ဆင်ရန်ရည်ရွယ်သည့် မဟာဗျူဟာမြောက် ဒုံးကျည်အမျိုးအစားဖြစ်ကြောင်း KCNA က သွယ်ဝိုက်ညွှန်းဆိုခဲ့သည်။

ထိုဒုံးကျည်ပစ်လွှတ်မှုသည် အိမ်နီးချင်း နိုင်ငံများ၏ လုံခြုံရေးအပေါ် သက်ရောက်မှုမရှိဘဲ ဒေသတွင်း လုံခြုံရေးကိုလည်း ခြိမ်း ခြောက်ရာမရောက်ကြောင်း KCNA ကဖော်ပြခဲ့သည်။

မကြာသေးမီလများအတွင်းက ကိုရီးယားနှစ်နိုင်ငံအကြား တင်းမာမှုများလျှော့ချသည့် အဓိကသဘောတူညီချက် ကျိုးပျက်ခဲ့ပြီးနောက် နယ်စပ်လုံခြုံရေးအတွက် စစ်အင်အားများ တိုးမြှင့်ချထားမှု၊ ရေကြောင်းနယ်စပ်တွင် ကျည်အစစ်များဖြင့် စစ်ရေးလေ့ကျင့်မှုတို့ကြောင့် နှစ်နိုင်ငံဆက်ဆံရေးသိသာစွာ ကျဆင်းခဲ့သည်။

ထို့ပြင် တောင်ကိုရီးယားသည် မြောက်ကိုရီးယား၏ အဓိကရန်သူဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ယခုလအစောပိုင်းတွင် ပြောကြားခဲ့သည်။

ကင်သည် ဇန်နဝါရီ ၁၀ ရက်က နိုင်ငံအတွင်းရှိ အဓိကလက်နက်စက်ရုံများသို့ သွားရောက်ခဲ့သည့် ခရီးစဉ်အတွင်း ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနေဖြင့် တောင်ကိုရီးယားကို အမြစ်ဖြတ်ချေမှုန်းရန် တွန့်ဆုတ်နေမည်မဟုတ်ကြောင်း သတိပေးခဲ့သည်။                                      Ref:AFP

Most Read

Most Recent