မန်ယူအသင်းအနေဖြင့် ပွဲစဉ်(၂၀)အပြီး၌ (၉)ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ခေတ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံ(၂၁)ပွဲရှုံးနိမ့်ခဲ့

မန်ယူအသင်းအနေဖြင့် ပွဲစဉ်(၂၀)အပြီး၌ (၉)ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ခေတ်တွင် ပထမဆုံးအကြိမ်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း ပြိုင်ပွဲစုံ(၂၁)ပွဲရှုံးနိမ့်ခဲ့
Photo : AP
Photo : AP
Published 1 January 2024

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ပွဲစဉ်(၂၀)အပြီးတွင် (၉)ပွဲအထိ ရှုံးနိမ့်ခဲ့ခြင်းမှာ ပရီးမီးယားလိဂ်ခေတ်၌ ပထမဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။ မန်ယူအသင်းသည် ပရီးမီးယားလိဂ်ခေတ်မတိုင်မီ အင်္ဂလန်ပထမတန်း ပြိုင်ပွဲခေတ်၌ ၁၉၈၉-၉၀ ရာသီတွင် ပွဲစဉ်(၂၀)အပြီး ရှုံးပွဲ (၉)ပွဲရှိခဲ့ပြီးနောက်ပိုင်း ပရီးမီးယားလိဂ်ခေတ်တစ်လျှောက်လုံး ယခုမှ ပထမဆုံးအကြိမ်အဖြစ် ရှုံးပွဲ(၉)ပွဲ ကြုံတွေ့ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် ပရီးမီးယားလိဂ်ခေတ်၌ တစ်ရာသီလုံး၌ အများဆုံးရှုံးပွဲပင် (၁၂)ပွဲအထိသာ ရှိဖူးသောကြောင့် ယခုရှုံးပွဲအရေအတွက်မှာ အလွန်ဆိုးရွားသည့် အခြေအနေဖြစ်နေခဲ့သည်။ မန်ယူအသင်း၏ လက်ရှိနည်းပြ တန်ဟက်ဂ်သည် ပထမဆုံးကိုင်တွယ်သည့် ၂၀၂၂-၂၃ ရာသီတွင် တစ်ရာသီလုံး၌ ပရီးမီးယားလိဂ်ပွဲစဉ်(၉)ပွဲသာ ရှုံးနိမ့်အောင် စွမ်းဆောင်နိုင်ခဲ့သော်လည်း ယခုအခါ ပွဲစဉ် (၂၀)အပြီးတွင်ပင် (၉)ပွဲရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။ မန်ယူအသင်းအနေဖြင့် ဒီဇင်ဘာလအတွင်း ပရီးမီးယားလိဂ်ပွဲစဉ် (၇)ပွဲယှဉ်ပြိုင်ကစားရာ (၂)ပွဲသာအနိုင်ရပြီး (၁)ပွဲသရေ နှင့် (၄)ပွဲမြောက် ရှုံးပွဲကြုံတွေ့ခြင်းဖြစ်သည်။ မန်ယူအသင်းသည် စနေနေ့က ယှဉ်ပြိုင်ခဲ့သော နော်တင်ဟမ်နှင့်ပွဲတွင် (၉)ပွဲမြောက်အရှုံးနှင့် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ပြီး နော်တင်ဟမ်အသင်းမှာမူ ၁၉၉၄ ခုနှစ် ဒီဇင်ဘာလနောက်ပိုင်း (၂၉) နှစ်အကြာတွင် မန်ယူအသင်းအား ပထမဆုံးအကြိမ် နိုင်ပွဲပြန်လည်ရရှိခြင်း ဖြစ်သည်။ မန်ယူအသင်းနည်းပြ အဲရစ်တန်ဟက်ဂ်က နော်တင်ဟမ်အသင်းအား ရှုံးနိမ့်ခြင်းအတွက် ခြေစွမ်းမတည်ငြိမ်မှုနှင့် ဒဏ်ရာပြဿနာများကို အပြစ်တင်ခဲ့ပြီး ရှယ်ယာရှင်သစ်များအနေဖြင့် မိမိတို့ ပြဿနာကို မြင်နိုင်လိမ့်မည်ဟု ပြောကြားခဲ့သည်။

အဲရစ်တန်ဟက်ဂ်က "ကျွန်တော်တို့က တစ်သမတ်တည်းမရှိဘူးဆိုတာ သေချာပါတယ်။ ဘယ်လို ပွဲထွက်စာရင်းပဲ သုံးသည်ဖြစ်စေ၊ အရေးမကြီးဘူး။ နိုင်ပွဲယူရမယ်လို့ ကျွန်တော် အမြဲပြောထားပါတယ်။ ဒဏ်ရာရကစားသမားတွေ ပြန်လာတဲ့အချိန်ဆိုရင် ဒီအသင်းက ပိုပြီးအားကောင်းလာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူတို့ (ရှယ်ယာရှင်အသစ် INEOS လုပ်ငန်းစု) က ကျွန်တော့်ကို သိပါတယ်။ ကျွန်တော့်မှာ အသင်းတစ်သင်းရှိတဲ့အခါ ဘယ်လိုရလဒ်တွေ ထွက်လာမယ်ဆိုတာ သူတို့သိပါတယ်။ ဒါက ပရောဂျက်တစ်ခုရဲ့ အစိတ်အပိုင်းပါ။ ကျွန်တော်တို့က ပြီးခဲ့တဲ့နှစ်မှာ ပုံမှန်ထက် ပိုစွမ်းဆောင်နိုင်ခဲ့ပြီး ဒီနှစ်မှာတော့ ပုံမှန်စွမ်းဆောင်ရည်အောက် ရောက်နေပါတယ်။ ကျွန်တော်တို့အနေနဲ့ ရှေ့ကိုဆက်သွားရမှာဖြစ်ပြီး ကျွန် တော်ကလည်း ဒီလုပ်ငန်းစဉ်ကို ဦးဆောင်ရမှာပါ။ ကျွန် တော်တို့ကြုံတွေ့နေရတဲ့ ဒဏ်ရာတွေနဲ့ ပြဿနာတွေကို ဘယ်အသင်းမှ မဖြေရှင်းနိုင်ပါဘူး။ ကျွန်တော်တို့မှာ ပြ ဿနာတွေရှိနေတာကို (INEOS အားကစားဒါရိုက်တာ ဆာဒေ့ဗ်ဘရေးစ်ဖို့ဒ်) သေချာပေါက် မြင်ပါလိမ့်မယ်။ ရလဒ်က အရမ်းစိတ်ပျက်စရာကောင်းတယ်ဆိုတာ သေချာပါတယ်။ ဒီအခိုက်အတန့်တွေမှာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံမှု ပိုလုပ်သင့်တယ်။ တိုက်စစ်မှူးနေရာ အပြောင်းအလဲ လုပ်ရပါမယ်" ဟု ပြောကြားခဲ့သည်။

မန်ယူအသင်းသည် ၂၀၂၃ ခုနှစ်အတွင်းတွင် ပြိုင်ပွဲစုံရှုံးပွဲ(၂၁)ပွဲရှိခဲ့သည့်အတွက် အသင်း၏သမိုင်းတစ်လျှောက် စတုတ္ထမြောက် ရှုံးပွဲအများဆုံးနှစ်လည်း ဖြစ်ခဲ့သည်။ ၂၀၂၃ ထက် ရှုံးပွဲပိုများသည့်နှစ်များမှာ ၁၉၃၀ ခုနှစ်တွင် (၂၈)ပွဲ၊ ၁၉၇၂ ခုနှစ်တွင် (၂၅)ပွဲ၊ ၁၉၂၁ ခုနှစ်တွင် (၂၄)ပွဲ ရှုံးနိမ့်ခဲ့ခြင်းဖြစ်သည်။

Most Read

Most Recent