ခိုလှုံခွင့်တောင်းခံသူများကို တားဆီးရန် ရုရှားနှင့်ထိစပ်နေသော မိမိ၏နယ်စပ်ဂိတ်အားလုံးကို သီတင်းနှစ်ပတ်ကြာ ပိတ်ထားမည်ဟု ဖင်လန်အစိုးရက ပြောကြား

ခိုလှုံခွင့်တောင်းခံသူများကို တားဆီးရန် ရုရှားနှင့်ထိစပ်နေသော မိမိ၏နယ်စပ်ဂိတ်အားလုံးကို သီတင်းနှစ်ပတ်ကြာ ပိတ်ထားမည်ဟု ဖင်လန်အစိုးရက ပြောကြား
ဖင်လန်မြောက်ပိုင်း အင်နာရီရှိ ရာဂျာ-ဂျိုးဆက်ပီနယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၄ ရက်တွင် တွေ့ရစဉ် (Photo:Reuters)
ဖင်လန်မြောက်ပိုင်း အင်နာရီရှိ ရာဂျာ-ဂျိုးဆက်ပီနယ်စပ်ဂိတ်ကို နိုဝင်ဘာ ၂၄ ရက်တွင် တွေ့ရစဉ် (Photo:Reuters)
Published 30 November 2023

နော်ဒစ်ဒေသနိုင်ငံဖြစ်သော ဖင်လန် သို့ ထူးထူးခြားခြား ခိုလှုံခွင့်တောင်းခံသူ အများအပြားဝင်ရောက်ခြင်းကို ဟန့်တားရန် ကြိုးပမ်းမှုအဖြစ် ဖင်လန်သည် ရုရှားနှင့်၎င်းင်း ၏နယ်စပ်ကို ခရီးသွားများအတွက် နှစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်သည်။

ဖင်လန်သည် ရုရှားမှလာသော ခရီးသွားများအတွက် ၎င်းင်း၏နယ်စပ်ဖြတ်သန်းရေးဂိတ် တစ်ခုမှလွဲ၍ ဂိတ်အားလုံးကို လွန်ခဲ့သော သီတင်းပတ်တွင် ပိတ်ထားခဲ့ပြီး အာတိတ်ဒေသ၌ရှိသော မြောက်ဖျားစွန်း နယ်စပ်ဂိတ်တစ်ခုကိုသာ ဖွင့်ထားခဲ့သည်။ သို့ရာတွင် ယခုအခါ အားလုံးကို ပိတ်ထားတော့မည်ဟု နိုဝင်ဘာ ၂၈ ရက်တွင် ဖင်လန်အစိုးရက ပြောကြားသည်။

ကင်ညာ၊ မော်ရိုကို၊ ပါကစ္စတန်၊ ဆိုမာ လီယာ၊ ဆီးရီးယား၊ ယီမင်တို့အပါအဝင် နိုင်ငံများစွာမှ ခိုလှုံခွင့်တောင်းခံသူ ၉၀၀ ခန့်သည် နိုဝင်ဘာလထဲတွင် ရုရှားမှတစ်ဆင့် ဖင်လန်နိုင်ငံကို ဝင်ရောက်လာသည်ဟု ဖင်လန်နယ်ခြားစောင့်တပ်က ပြောကြားသည်။ ယခင်က တစ်ရက်ကို တစ်ယောက်ပင်မရှိသည့် အနေအထားမှ ပိုများလာခြင်းဖြစ်သည်ဟု ဆိုသည်။

နယ်စပ် ဂိတ်ရှစ်ခုစလုံးကို ပိတ်ထားရန် ဆုံးဖြတ်ချက်ကြောင့် ကုန်ရထားများသည် နိုင်ငံ ဖြတ်သန်းသွားလာနိုင်သည့် အဓိပ္ပာယ်ဖြစ်သည်ဟု ဖင်လန်နယ်ခြားစောင့်တပ်က ပြောကြားသည်။

အမေရိကန်နှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ဖင်လန်၏ဆုံးဖြတ်ချက်ကို လက်တုံ့ပြန်သည့်အနေအဖြင့်   လူများနယ်စပ်ဖြတ်ကျော်ဝင်ရောက်စေရန် ရုရှားက လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ဖင်လန်က ပြောကြားသည်။ ဖင်လန်၏ ပြောကြားချက်ကို ရုရှားက ပယ်ချထားသည်။

ဖင်လန်သည် ယခုနှစ် အစောပိုင်းတွင် နေတိုးမဟာမိတ်အဖွဲ့ကို ဝင်ရောက်ခဲ့သည်။ ယင်းလုပ်ရပ်က ရုရှားကို ဒေါသထွက်စေခဲ့သည်ဟု ဆိုသည်။ ဖင်လန်သည် နေတိုးအ ဖွဲ့ဝင်နိုင်ငံမဟုတ်သော ကြားနေနိုင်ငံအဖြစ် နှစ်ပေါင်းများစွာရပ်တည်ခဲ့သော နိုင်ငံဖြစ်သည်ဆိုသော်လည်း ယူကရိန်းစစ်ပွဲဖြစ်ပွားသည့်အခါ ဖင်လန်သည် နေတိုးမဟာမိတ် အဖွဲ့သို့ဝင်ရန်ဆုံးဖြတ်ခဲ့သည်။

“ဒါဟာ ရုရှားရဲ့နိုင်ငံရေး ကစားကွက် ဖြစ်ပါတယ်။ ဒါကို ကျွန်တော်တို့ လက်မခံပါဘူး”ဟု ဖင်လန် ဝန်ကြီးချုပ် ပတ်တာရီအော်ပိုက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ခိုလှုံခွင့်တောင်းခံသူများကို ရုရှားအာဏာပိုင်များက အကူအညီပေးနေသည်ဆိုသော ထောက်လှမ်းရေးသတင်းကို နိုဝင်ဘာ ၂၇ ရက်တွင်မိမိတို့ နိုင်ငံကရရှိခဲ့သည်ဟု ဖင်လန်ဝန်ကြီးချုပ်က ပြောကြားခဲ့သည်။ ဖင်လန်က နယ်စပ်များကို ပိတ်ထားသည်ဆိုသော်လည်း ဖင်လန်သို့ ဦးတည်လာနေသော နောက်ထပ်လူအများအပြား ရုရှားတွင်ရှိနေဆဲဖြစ်သည်ဟု ဆိုသည်။

နိုဝင်ဘာ ၂၇ ရက်တွင် နောက်ဆုံးဖွင့်ထားသော နယ်စပ်ဂိတ်ဖြစ်သည့် ဝေးလံသော ရာဂျာ-ဂျိုးဆက်ပီဂိတ်ပေါက်မှတစ်ဆင့် ဖင်လန်ကို ခိုလှုံခွင့်တောင်းခံသူ သုံးဦးရောက်လာခဲ့ပြီး နိုဝင်ဘာ ၂၈ ရက်တွင် ဝင်လာသူမရှိဟု ဆိုသည်။

အဆိုပါ နယ်စပ်ဖြတ်သန်းရေးဂိတ်ကို ဒီဇင်ဘာ ၁၃ ရက်အထိ ပိတ်မထားမီ နိုဝင်ဘာ ၂၉ ရက်အထိ ဖွင့်ထားမည်ဟုဖင်လန် အစိုးရက ပြောကြားခဲ့သည်။

                                                    Ref:Reuters

Most Read

Most Recent