ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်က လေးနှစ်အရွယ် အစ္စရေး-အမေရိကန် မိန်းကလေး အပါအဝင် နောက်ထပ် ဓားစာခံ ၁၇ ဦးကို ပြန်လွှတ်

ပါလက်စတိုင်းစစ်သွေးကြွအုပ်စု ဟားမာ့စ်က လေးနှစ်အရွယ် အစ္စရေး-အမေရိကန် မိန်းကလေး အပါအဝင် နောက်ထပ် ဓားစာခံ ၁၇ ဦးကို ပြန်လွှတ်
Photo: AFP
Photo: AFP
Published 27 November 2023

ဟားမာ့စ်စစ်သွေးကြွအုပ်စုက လေးနှစ်အရွယ် အစ္စရေး-အမေရိကန် မိန်းကလေးအပါအဝင် လူ ၁၇ ဦးကို လွှတ်ပေးလိုက်ပြီးနောက် အစ္စရေးနှင့်ဟားမာ့စ် ယာယီအပစ်ရပ်စဲမှုသည် ဓားစာခံများလွှတ်ပေးသရွေ့ တည်မြဲနေနိုင်သည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောကြားသည်။

အစ္စရေးက ပြန်လွှတ်ပေးသော ပါလက်စတိုင်း အကျဉ်းသား အရေးအတွက် တိုးလာရေးအတွက် အလေးအနက်ထားသော ကြိုးပမ်းအားထုတ်မှုများရှိလာမည်ဆိုပါက ယာယီအပစ်ရပ်စဲရေးကို  သက်တမ်းတိုးရန် မိမိတို့ လိုလားကြောင်း ဟားမာ့စ်က ပြောကြားခဲ့သည်။  အစ္စရေးနှင့် ဟားမာ့စ်တို့ ယာယီ အပစ်ရပ်စဲရေးသည် နိုဝင်ဘာ ၂၇ ရက်တွင် လေးရက်မြောက်နေ့ကို ဝင်ရောက်လာပြီဖြစ်ကာ သဘောတူထားသည့် နောက်ဆုံးနေ့ကို ရောက်ရှိလာပြီဖြစ်သည်။

နိုဝင်ဘာ ၂၆ ရက်တွင် အစ္စရေးက ဆယ်ကျော်သက် ပါလက်စတိုင်း အကျဉ်းသား ၃၉ ဦးကို ပြန်လွှတ်ပေးခဲ့ရာ ယာယီအပစ်ရပ်စဲမှု စတင်ခဲ့ပြီးနောက်ပိုင်း အစ္စရေးပြန်လွှတ်ပေးခဲ့သော ပါလက်စတိုင်းအကျဉ်းသား အရေ အတွက် စုစုပေါင်းသည် ၁၁၇ ဦးရှိသည်။

အစ္စရေးနိုင်ငံသား ၁၃ ဦး၊ ထိုင်းနိုင်ငံသားသုံးဦး၊ ရုရှားနိုင်ငံသားတစ်ဦးတို့ကို လွှဲပြောင်းပေးလိုက်ကြောင်း ဟားမာ့စ်က ပြောကြားခဲ့သည်။ ၎င်းတို့ကို နိုဝင်ဘာ ၂၆ ရက်တွင် ဂါဇာ၌ အောင်မြင်စွာလွှဲပြောင်းပေးခဲ့သည်ဟု နိုင်ငံတကာ ကြက်ခြေနီကော်မတီက အတည်ပြုခဲ့သည်။

အသက်လေးနှစ်အရွယ် ဓားစာခံ အဘီဂျေးလ်အေဒင်သည် အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်က အစ္စရေးကို ဝင်ရောက်စီးနင်းတိုက်ခိုက်စဉ်အတွင်း ၎င်း၏ မိဘများကို ဟားမာ့စ်တိုက်ခိုက်ရေးသမားများက သတ်ဖြတ်သည်ကို မြင်တွေ့ခဲ့ရသူဖြစ်ပြီး အောက်တိုဘာ ၇ ရက်ကတည်းက ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရသူဖြစ်သည်ဟု ဘိုင်ဒင်က ပြောကြားခဲ့သည်။

အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်၏ စီးနင်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် အစ္စရေးက ဂါဇာကမ်းမြောင်အားအပြင်းအထန် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထို့နောက်ဂါဇာကမ်းမြောင်ထဲသို့ အစ္စရေးစစ်သားများ ဝင်ရောက်လျက်ရှိသည့် မြေပြင်ထိုးစစ်ကို လုပ်ဆောင်ခဲ့သည်။ ဂါဇာတွင် လူ ၁၄,၈၀၀ သေဆုံးထားသည်ဟုပါလက်စတိုင်း ကျန်းမာရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုသည် ဓားစာခံပြန်လွှတ်ပေးရေးကိစ္စကို နိုဝင်ဘာ ၂၆ ရက်တွင် အမေရိကန်သမ္မတနှင့်ပြောဆိုခဲ့သည်ဟု ပြောကြားခဲ့သည်။ ဓားစာခံ ၁၀ ဦး ထပ်တိုး လွှတ်ပေးသည့် ရက် တိုင်းသည် အပစ်ရပ်စဲရေးကို သက်တမ်းတိုးသည့် သဘောဖြစ်လာမည်ဖြစ်၍ ယင်းသို့ဓားစာခံများ လွှတ်ပေးခြင်းကို ကြိုဆိုသည်ဟု နေတန်ယာဟုက ပြောကြားခဲ့သည်။

သို့ရာတွင် အပစ်ရပ်စဲရေး ပြီးဆုံးသွားသည့်အခါ မိမိတို့၏ ရည်မှန်းချက်များဖြစ်သည့် ဟားမာ့စ် ချေမှုန်းရေး၊ ဂါဇာသည် ယခင်ပုံစံအတိုင်း ပြန်မဖြစ်ရေး၊ မိမိတို့၏ဓားစာခံအားလုံး ပြန်လွှတ်ပေးရေးဆိုသည့် ရည် မှန်းချက်များအောင်မြင်စေရန် မိမိတို့အင်ပြည့်အားပြည့် ပြန်လည်လုပ်ဆောင်သွားမည်ဟု အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုက အမေရိကန်သမ္မတဂျိုးဘိုင်ဒင်ကို ပြောကြားခဲ့ကြောင်းသိရသည်။

Ref: Reuters

Most Read

Most Recent