နေတန်ယာဟု သို့မဟုတ် အာဏာတည်မြဲရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေသူ

နေတန်ယာဟု သို့မဟုတ် အာဏာတည်မြဲရေးအတွက် ရုန်းကန်တိုက်ပွဲဝင်နေသူ
Published 7 November 2023
TRANSLATED - ဖြိုးဟိန်းကျော်

၂၀၂၂ ခုနှစ်တွင် ဝန်ကြီးချုပ် ဘန်ဂျမင်နေတန်ယာဟု အာဏာပြန်လည်ရရှိပြီး နောက်ပိုင်းတွင် နက်နက်ရှိုင်းရှိုင်း သဘောထားကွဲလွဲနေခဲ့သည့် အစ္စရေးပြည်သူများသည် ဟားမာ့စ်အဖွဲ့နှင့် ဖြစ်ပွားနေသည့် စစ်ပွဲတွင် တညီတညွတ်တည်း ရှိနေခဲ့သော်လည်း စစ်ပွဲပြီးဆုံးချိန်တွင် နေတန်ယာဟုသည် ၎င်း၏ရာထူးအာဏာ တည်မြဲရေးအတွက် တိုက်ပွဲဝင်ရလိမ့်မည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားသည်။

အောက်တိုဘာ ၇ ရက်က အစ္စရေးကို တုန်လှုပ်စေခဲ့သော ဟားမာ့စ်အဖွဲ့၏အလစ်အငိုက်တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ဟားမာ့စ်တို့ကို ချေမှုန်းရန်အမိန့်ပေးခဲ့သည့် အသက် ၇၄ နှစ်အရွယ် ဝန်ကြီးချုပ်နေတန်ယာဟု၏ စစ်ဆင်ရေးကို အစ္စရေးတို့က တညီတညွတ်တည်း ထောက်ခံခဲ့သည်။

သို့ရာတွင် ဟားမာ့စ်တိုက်ခိုက်ရေးသမားများ စီးနင်းတိုက်ခိုက်ခဲ့စဉ်က ထင်သာမြင်သာရှိခဲ့သည့် လုံခြုံရေးဆိုင်ရာ လစ်ဟာမှုများသည် နိုင်ငံရေးပြဿနာများ၊ ဥပဒေကြောင်းအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရ သော အစ္စရေး၏ သက်တမ်းအကြာဆုံး ဝန်ကြီးချုပ်ဖြစ်သူ နေတန်ယာဟုအတွက် အကြီးမားဆုံးနှင့် အပြင်းထန်ဆုံးထိုးနှက်မှု ဖြစ်လာနိုင်သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

“နေတန်ယာဟုနဲ့ သူ့ရဲ့ညွန့်ပေါင်းအစိုးရအပေါ် လူထုထောက်ခံမှုဟာ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှု မတိုင်ခင်ကတည်းက တရိပ်ရိပ်ကျဆင်းလာခဲ့တာပါ။ စစ်ပွဲလည်းဖြစ်ရော သိသိသာသာပိုပြီး ကျဆင်းသွားခဲ့တယ်”ဟု အစ္စရေးအခြေစိုက် Bar-Ilan တက္ကသိုလ်မှ နိုင်ငံရေးကထိကနှင့် London School of Economic မှ သုတေသနပညာရှင်ဖြစ်သူ တိုဘီဂရီနီကပြောကြားခဲ့သည်။

“အခုအချိန်သာ ရွေးကောက်ပွဲကျင်းပမယ်ဆိုရင် သူအကြီးအကျယ် ရှုံးနိမ့်ပါလိမ့်မယ်”ဟုလည်း ၎င်းက ဆိုသည်။

၎င်းကိုထောက်ခံသူများက “King Bibi နှင့် “Mr Security” ဟု ချစ်စနိုးခေါ်ဆိုကြပြီး ဝေဖန်သူများနှင့် ဆန့်ကျင်ဆန္ဒပြသူများက “Crime Minister” ဟု ရှုတ်ချခေါ်ဝေါ်ခံရသည့် နေတန်ယာဟုသည် အစ္စရေးနိုင်ငံ ရေးလောကကို ကာလကြာမြင့်စွာ လွှမ်းမိုးချုပ်ကိုင်ထားသူဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ စကားအပြောအဆို ခက်ထန်သည့် ဝန်ကြီးချုပ်နေတန်ယာဟုနှင့် ၎င်း၏လက်ယာဝါဒီ လီကွတ်ပါတီအပေါ် လူထုထောက်ခံမှု ကျဆင်းလာသည်ကို မကြာမီက ထုတ်ပြန်ခဲ့သည့်လူထုသဘောထား စစ်တမ်းများက ညွှန်ပြနေသည်။

အထူးသဖြင့် ဂါဇာနယ်စပ်အနီးရှိ အရပ်ဒေသများတွင် နေထိုင်သည့် အစ္စရေးအသိုင်းအဝိုင်းကို အကာအကွယ်ပေးရန် ပျက်ကွက်ခဲ့သည့်အပေါ် ပြည်သူအများအပြားက အကြီးအကျယ် ဒေါသထွက်လျက်ရှိ သည်။ ဂါဇာနယ်စပ်တွင် နေထိုင်သည့် အစ္စရေးအသိုင်းအဝိုင်းသည် အရပ်သားအများစုအပါအဝင် လူပေါင်း ၁,၄ဝဝသေဆုံးခဲ့သည်ဟု အစ္စရေးက ထုတ်ပြန်ထားသည့် ဟားမာ့စ်အဖွဲ့၏ တိုက်ခိုက်မှုဒဏ်ကို အဆိုးရွားဆုံး ကြုံတွေ့ခဲ့ရသည်။

ကွန်မန်ဒိုတပ်ဖွဲ့ဝင် အရာရှိဟောင်းတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ ဂျူးလူမျိုးများအတွက် အခိုင်အမာ ရပ်တည်ကာကွယ်သူအဖြစ် အမွှမ်းတင်လေ့ရှိသည့် ဝန်ကြီးချုပ်နေတန်ယာဟု လက်ထက်တွင် အစ္စရေးပြည် သူ အများစု၏ ဘေးကင်းလုံခြုံမှုအပေါ် ယုံကြည်မှုများ ရိုက်ချိုးဖျက်ဆီးခံခဲ့ရသည်။

 

ဆုံးဖြတ်ချက်မှန်သမျှသည်…

အစ္စရေးစစ်တပ်နှင့် ထောက်လှမ်းရေး အဖွဲ့အစည်းများက လုံခြုံရေးဆိုင်ရာပျက်ကွက်မှုများရှိခဲ့သည်ဟု ဝန်ခံထားသော်လည်း နေတန်ယာဟုကမူ ဟားမာ့စ်အဖွဲ့၏ အလစ်အငိုက် တိုက်ခိုက်မှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ ဝန်ခံပြောဆိုခဲ့ခြင်းမရှိပေ။

နေတန်ယာဟု၏ မဟာမိတ်များသည် ၎င်း၏အခန်းကဏ္ဍနှင့် ပတ်သက်၍ ရေငုံနှုတ်ပိတ်နေသကဲ့သို့ ၎င်း၏ပြိုင်ဘက်အချို့ကလည်း စစ်ပွဲကာလ အစိုးရအဖွဲ့တွင် ပူးပေါင်းပါဝင်လာခဲ့ပြီး ဂါဇာဒေသတွင် အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုများကို ကာကွယ်ပြောဆိုခဲ့သည်။ ပိတ်ဆို့ခံ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက ဗုံးကြဲတိုက်ခိုက်မှုများ အပြင်းအထန်လုပ်ဆောင်ခဲ့ခြင်းကြောင့် လူပေါင်း ၉,၅၀၀ နီးပါးသေဆုံးခဲ့သည်ဟု ဟားမာ့စ်အဖွဲ့က ထိန်းချုပ်ထားသည့် ဂါဇာကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ဂျေရုဆလင်ရှိ Hebrew University မှ နိုင်ငံရေးသိပ္ပံ ပညာရပ်ဆိုင်ရာ ပါမောက္ခဖြစ်သူ ရူဗင်ဟာဇန်က နေတန်ယာဟုသည် အချိန်ဆွဲရာတွင် ပါးနပ်သည့် နိုင်ငံရေးသမားဖြစ်သည်ဟု ဆိုသည်။

“သူ့ရဲ့ရာထူးအာဏာ တည်မြဲရေးအတွက် တိုက်ပွဲဝင်နေရမှန်း သူကောင်းကောင်းသိထားပြီး ဒီစစ်ပွဲမှာ သူချမှတ်တဲ့ ဆုံးဖြတ်ချက်တိုင်းဟာလည်း သူ့ရဲ့ရာထူးတည်မြဲရေးကို သေချာစေဖို့ပဲဖြစ်တယ်”ဟု ၎င်းက ပြောကြားသည်။

မကြာသေးမီက ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ရာထူးမှနုတ်ထွက်ရန် စဉ်းစားနေခြင်းရှိမရှိ မေးမြန်းရာတွင် နေတန်ယာဟုက ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့သည်။ သို့သော် ၎င်း၏ပထမအကြိမ် ဝန်ကြီးချုပ်သက်တမ်းကို ၁၉၉၆ ခုနှစ်က ရယူခဲ့သည့် နေတန်ယာဟုသည် ဝေဖန်ထိုးနှက်မှုများနှင့် အလူးအလဲရင်ဆိုင်နေရသည်။

အစ္စရေးနိုင်ငံ၏ သမိုင်းတစ်လျှောက် လက်ယာဝါဒီအဆန်ဆုံး အစိုးရ၏ ခေါင်းဆောင်ဖြစ်သူ နေတန်ယာဟုက ယင်းဝေဖန်ထိုးနှက်မှုများကို တုံ့ပြန်ဖြေရှင်းရလိမ့်မည်ဟု ဝန်ခံထားသော်လည်း စစ်ပွဲပြီးဆုံးမှသာလျှင် ဖြေရှင်းသွားမည်ဟု ပြောဆိုထားသည်။

ဟားမာ့စ်တို့၏ အန္တရာယ်နှင့်ပတ်သက် ၍ ၎င်းကိုသတိပေးရန် ပျက်ကွက်ခဲ့သည်ဟု အစ္စရေးထောက်လှမ်းရေး အဖွဲ့အစည်းများကို စွပ်စွဲထားသည့် မှတ်ချက်စကားအားဆို ရှယ်မီဒီယာတွင် တင်မိသည့်အတွက် ၎င်းက ပြန်လည်တောင်းပန်ခဲ့သည်။ သူသည် နောက်ပိုင်းတွင် ယင်းမှတ်ချက်စကားကို ပြန်ဖျက်ခဲ့သည်။

အလွန်ပါးနပ်သည့် နေတန်ယာဟုကို ရာထူးမှဖယ်ရှားရန်မှာ ၎င်းကိုယ်တိုင် ရာထူးမှနုတ်ထွက်ရခြင်း သို့မဟုတ် လက်ယာစွန်းပါတီများ၊ ဘာသာရေးအယူဝါဒ အလွန်ရှေးရိုးဆန်သည့် ဂျူးပါတီများနှင့် ပူးပေါင်းထားသည့် ၎င်း၏ညွန့်ပေါင်းပါတီက လွှတ်တော်တွင်း အမတ်နေရာအများစုရရှိထားခြင်းကို စွန့်လွှတ်ရမှသာလျှင် ဖြစ်လာနိုင်လိမ့်မည်ဖြစ်သည်။

ထိပ်တန်းနည်းပညာ လုပ်ငန်းရှင် သူဌေးကြီးအမ်နွန်ရှာရှူအာကမူ ပျက်ကွက်မှု၊ သဘောထားကွဲလွဲမှုနှင့် ညံ့ဖျင်းမှုတို့အတွက် နေတန်ယာဟုအစိုးရကို အမြန်ဆုံးဖြုတ်ချရမည်ဟု ပြောကြားထားသည်။

 

ဂုဏ်သိက္ခာကျဆင်းနေသည့်ခေါင်းဆောင်

ဟားမာ့စ်တို့၏ တိုက်ခိုက်မှု မတိုင်မီ ကတည်းကပင် နေတန်ယာဟုအပေါ် ဖိအားသက်ရောက်မှုများ တစ်စတစ်စမြင့်တက်လာခဲ့ပြီး ၎င်း၏ရာထူးအာဏာ ဆုပ်ကိုင်မှုသည် အဆုံးအဖြတ်ကာလသို့ ရောက်လာရန် အချိန်အတိုင်းအတာ တစ်ခုသာလိုတော့သည်ဟု ကျွမ်းကျင်သူများက ဆိုသည်။

လွန်ခဲ့သည့် ၂၇ နှစ်အတွင်း အစ္စရေးကို ၁၆ နှစ်နီးပါး ဦးဆောင်ခဲ့သည့် ဝန်ကြီးချုပ် နေတန်ယာဟုသည် အဂတိလိုက်စားမှု သုံးမှုနှင့် တရားရင်ဆိုင်နေရဆဲဖြစ်သည်။

သဘောထားတင်းမာသော ၎င်း၏အစိုးရ၏ အငြင်းပွားဖွယ် တရားရေးစနစ် အလုံးစုံပြုပြင်ပြောင်းလဲမှုအပေါ် လူထုဆန္ဒပြမှုများသည် အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုမတိုင်မီ ကိုးလအလိုတွင် စတင်ဖြစ်ပွားခဲ့သည်။ ၎င်း၏ပြုပြင်ပြောင်းလဲရေး အစီအစဉ်သည် အစ္စရေး၏ ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုဖြစ်သည်ဟု အတိုက် အခံများကလည်း ဝေဖန်ခဲ့သည်။

ဟားမာ့စ်တို့၏ တိုက်ခိုက်မှုမတိုင်မီကပင် အစ္စရေးသည် ပြဿနာများစွာနှင့် ရင်ဆိုင်ခဲ့ရသော်လည်း လက်ရှိတွင် စစ်ပွဲဖြစ်ပွားနေသည့်အတွက် နိုင်ငံရေးဘက်သို့ မလှည့်နိုင်ခြင်းဖြစ်သည်ဟု နိုင်ငံရေးသိပ္ပံပါမောက္ခ ဟာဇန်က ဆိုသည်။

“တစ်ချိန်မှာ နိုင်ငံရေးဘက်ကို အာရုံပြန်စိုက်လာပါလိမ့်မယ်။ အဲဒီအခါကျရင် စစ်ဆေးမေးမြန်းတာတွေ ရှိလာမှာဖြစ်ပြီး ဆန္ဒပြပွဲတွေလည်း တစ်ကျော့ပြန်ဖြစ်ပွားလာပါလိမ့်မယ်”ဟု ၎င်းက ထပ်မံပြောကြားခဲ့သည်။

စစ်ပွဲပြီးဆုံးချိန်တွင် အစ္စရေးအစိုးရသည် လုပ်ပိုင်ခွင့်အာဏာ အကန့်အသတ်ရှိသည့် အစိုးရ စုံစမ်းစစ်ဆေးရေး ကော်မရှင် သို့မဟုတ် ပိုမိုလွတ်လပ်သည့် အမျိုးသားအဆင့် ကော်မရှင်တစ်ရပ်ကို ဖွဲ့စည်းရန် ညွှန် ကြားဖွယ်ရှိသည်။ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ၎င်း၏ချွတ်ချော်အားနည်းမှု တစ်စုံတစ်ရာတွေ့ရှိခဲ့လျှင် နေတန်ယာဟု၏ နိုင်ငံရေးပြဿနာသည် အတိမ်းအစောင်းမခံသည့် အနေအထား ဖြစ်လာနိုင်သည်။

စစ်ပွဲသည် လပေါင်းများစွာ ကြာမြင့်နိုင်သည်ဟု အစ္စရေးအစိုးရက သတိပေးထားသည့်အတွက် နေတန်ယာဟု အနေဖြင့် သုံးနှစ်အတွင်း ရွေးကောက်ပွဲတစ်ရပ်ကို မဖြစ်မနေကျင်းပရန်လိုအပ်မည် မဟုတ်ပေ။ သို့သော် ၎င်းအနေဖြင့် ယင်းအချိန်အထိ ဆက်ရှိနိုင်ပါမည်လော ဆိုသည်ကို နိုင်ငံရေးအကဲခတ်များက သံသယရှိနေ သည်။

“သူ့ရဲ့ဂုဏ်သိက္ခာတွေ ကျဆင်းနေတာကို အားလုံးသိကြပါတယ်။ ညွန့်ပေါင်းအဖွဲ့ ဝင်တွေကလည်း သူ့ရဲ့ပရိယာယ်ကို ရိပ်စားမိလာပုံရတယ်”ဟု ဟာဇန်က ဆိုသည်။

လက်ရှိတွင် အစ္စရေးပြည်သူများအကြား ရေပန်းစားနေသည့် ကိုယ်စားလှယ်လောင်းမှာ စစ်ပွဲမဖြစ်ပွားမီက အတိုက်အခံအုပ်စုတွင် ပါဝင်ခဲ့ပြီး စစ်ပွဲကာလ အစိုးရအဖွဲ့တွင် ရာထူးဌာနလက်ကိုင် မရှိသည့် ဝန်ကြီးတစ်ဦးဖြစ်သော ဗဟိုဝါဒီခေါင်းဆောင် ဘန်နီဂန့်ဇ်ဖြစ်သည်ဟု လူထုစစ်တမ်းများအရ သိရသည်။

“နေတန်ယာဟုရဲ့ တရားရေးစနစ်ပြင်ဆင်ပြောင်းလဲမှု အစီအစဉ်ကြောင့် ဖြစ်ပေါ်လာတဲ့ သဘောထားကွဲလွဲမှုတွေနဲ့ အောက်တိုဘာ ၇ ရက် တိုက်ခိုက်မှုကို မဟန့်တားနိုင်ခဲ့တဲ့ အားနည်းချက်တွေကြောင့် သူ့ရဲ့နိုင်ငံရေးအမွေဟာ တစ်စစီပျက်ပြယ်သွားပြီဖြစ်တယ်” ဟု သုတေသီတစ်ဦးဖြစ်သူ ဂရီနီက ဆိုသည်။

အစ္စရေးပြည်သူ အများအပြားသည် ယင်းကိစ္စရပ်နှစ်ခုကို ချိတ်ဆက်စဉ်းစားလျက် ရှိသည်ဟုလည်း ၎င်းက ပြောကြားခဲ့သည်။                              

Ref: AFP

 

Most Read

Most Recent