တရုတ် BRI နှင့်အပြိုင် အီးယူ၏ ပရောဂျက်  

တရုတ် BRI နှင့်အပြိုင် အီးယူ၏ ပရောဂျက်  
Published 5 November 2023
စောနိုင် (အသုံးချဘောဂဗေဒ)  

(၁)

တရုတ်နိုင်ငံ၏ ဘီအာအိုင် (Belt and Road Initiative- BRI) အစီအစဉ် (၁၀) နှစ်မြောက်နှစ်ပတ်လည် ကျင်းပပြီးနောက်တစ်ပတ်ခန့်အကြာ၌ အီးယူ (EU) ခေါ်  ဥရောပသမဂ္ဂက ၎င်း၏ပရောဂျက်သစ်တစ်ခုကိုဖော်ထုတ်လာသည်။ ၎င်း၏ ဂလိုဘယ်ဂိတ်ဝေး (Global Gateway) အစီအစဉ်ကို တရားဝင် စတင်အကောင်အထည်ဖော်နေပြီဖြစ်ကြောင်း အောက်တိုဘာ ၂၅ ရက်က ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်ဆဲလ် ၌ သတင်းပေးလိုက်ခြင်းဖြစ်သည်။ ကမ္ဘာသတင်းများက  အခြေအနေနှစ်ရပ်၏ ပထဝီနိုင်ငံရေးအကျိုးဆက်အလားအလာများကို အာရုံစိုက်နေကြပြီ။ ကျွမ်းကျင်သူများ၊ သုတေသနအဖွဲ့များ၏ သုံးသပ်ချက်များလည်း ထွက်ပေါ်လာလျက်ရှိသည်။ ထိုဖွံ့ဖြိုးရေးအစီအစဉ်ကြီးများသည် မလွှဲမရှောင်သာ ပြိုင်ဆိုင်မှုများဖြစ်လာလိမ့်မည်ဟု မှန်းဆနေကြ၏။

(၂)

အီးယူ၏ ပရောဂျက် ဂလိုဘယ်ဂိတ်ဝေးအစီအစဉ်ကို လွန်ခဲ့သည့် နှစ်နှစ် (၂၀၂၁) က စတင်ခဲ့ပြီး ပုဂ္ဂလိကကဏ္ဍမှစွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် ဒစ်ဂျစ်တယ်ကဏ္ဍမှ ကျယ်ပြန့်သော လုပ်ငန်းအမျိုးအစားများဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများကို ထည့်သွင်းစဉ်းစားထားသည်။ ထို့ပြင် ကာကွယ်ဆေးစက်ရုံများနှင့် လမ်းများတည်ဆောက်မှု၊ မြန်နှုန်းမြင့်အင်တာနက်ချိတ်ဆက်မှုများ၊ အရေးကြီးသောကုန်ကြမ်းပစ္စည်းဆိုင်ရာ ရောင်းဝယ်မှုများ၌ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှုများအတွက် ၂၀၂၁ ခုနှစ်မှ ၂၀၂၇ ခုနှစ်အထိ ယူရို ၃၀၀ ဘီလျံ (အမေရိကန်ဒေါ်လာ ၃၁၇ ဘီလျံ)  ရင်းနှီးမြှုပ်နှံရန်ရှိသည်။  ရင်းနှီးမြှုပ်နှံမှု ငွေပမာဏယူရို ၃၀၀ ဘီလျံ ပစ်မှတ်သည် ကမ္ဘာ့အနှံ့ရှိ ဘဏ္ဍာရေးအဖွဲ့အစည်းများ၊  ဖွံ့ဖြိုးရေးဘဏ် များ၊ အစိုးရများကို အခြေခံထားပြီး ပုဂ္ဂလိကရင်းနှီးမြှုပ်နှံမှုများကိုလည်း လမ်းဖွင့်ပေးထား သည်ဟု ဆိုသည်။     

(၃)

ဂလိုဘယ်ဂိတ်ဝေးကို လက်တင်အမေရိက၊ ကာရေဘီယံ၊ အရှေ့အလယ်ပိုင်း၊ အာရှ-ပစိဖိတ်နှင့် အာဖရိကဒေသတို့ကို ဗဟိုပြုထားပြီး  စတင်ချိန်၌  ပရောဂျက်ပေါင်း ၈၉ ခုကို ယူရို ၆၆ ဘီလျံဖြင့်  ကတိကဝတ်ရရှိခဲ့သည်။ ဘရပ်ဆဲတွင်ကျင်းပခဲ့သည့် အခမ်းအနား၌လည်း  အာမေးနီးယား၊ ကိုမိုရော့စ်၊ နမီးဘီးယား၊ မော်ရီတေးနီးယား၊ ဆီနီဂေါ၊ ဆိုမာလီယာ၊ အယ်လ်ဘေးနီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ၊ အီဂျစ်၊ ဂျော်ဂျီယာ၊ မော်လ်ဒိုဗာ၊ မော်ရိုကို၊ ရဝမ်ဒါနှင့် ဆားဗီးယားအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတစ်ဒါဇင်ကျော်မှ နိုင်ငံရေးခေါင်းဆောင်များ တက်ရောက်ခဲ့သည်ကိုတွေ့ရသည်။ တရုတ်နိုင်ငံ အပါအဝင် နိုင်ငံအချို့အပေါ် အလွန်အမင်းမှီခိုနေရချိန်တွင် ပရောဂျက်၏အဓိကပစ်မှတ်ဒေသများသည် အီးယူ၏ ရောင်းလိုအားကွင်းဆက်ချဲ့ထွင်ခြင်းရည်မှန်းချက်ပန်းတိုင်နှင့် လိုက်လျောညီထွေမှု ရှိနေသည်။   

(၄)

အာဖရိကနှင့် လက်တင်အမေရိကရှိ ပရောဂျက်များသည် မီဒီယာများ၏ အာရုံစိုက်မှုကို သိသိသာသာရရှိလာမှုရှိနေချိန်တွင် အရှေ့အလယ်ပိုင်းနှင့် အာရှ-ပစိဖိတ်ဒေသ၌ လူသိနည်းနေနိုင်သည်ဟုလည်း ထောက်ပြကြသည်။  အဆိုပါဒေသများတွင် ပြင်းထန်သော ပထဝီဝင်နိုင်ငံရေး ပြိုင်ဆိုင်မှုများ ရှိနေခြင်းကြောင့် အီးယူသည် ၎င်း၏ မဟာဗျူဟာမြောက် ထိတွေ့ဆက်ဆံမှုများကို ထိုဒေသများ၌ အရှိန်မြှင့်လုပ်ဆောင်လျက်ရှိသည်။ ထိုဒေသများတွင်ဖြစ်ပေါ်လာသည့် စီးပွားရေး၊ လူဦးရေ၊ နိုင်ငံရေးနှင့်ပတ်သက်၍ ပိုမိုအလေးထားလာမှုများသည် စည်းမျဉ်းကိုအခြေခံသော နိုင်ငံတကာအစီအစဉ်များကို ပုံဖော်ရာတွင်လည်းကောင်း၊ ရာသီဥတု ပြောင်းလဲမှုကဲ့သို့သော တစ်ကမ္ဘာလုံးနှင့်ပတ်သက်သည့် စိန်ခေါ်မှုများကိုဖြေရှင်းရာ၌လည်းကောင်း အီးယူကို အဓိကပူးပေါင်းလုပ်ဆောင်နိုင်သည့် အုပ်စုအဖြစ်ထင်ရှားလာစေသည်။   

အရှေ့အလယ်ပိုင်းဒေသရှိ အလားအလာရှိသော ပရောဂျက်များကြည့်လျှင် ဂျော်ဒန်နိုင်ငံရှိ ရေသန့်စင်ရေးလုပ်ငန်း ပါဝင်သည်။ ကမ္ဘာကြီးပူနွေးလာမှု၏ ရိုက်ခတ်မှုဒဏ်ကို ပိုမိုခံရသောနိုင်ငံ၌ “ရေလုံခြုံရေး” ကို တိုးမြှင့်ပေးမည့်အစီအစဉ်ဖြစ်သည်။ ထို့ပြင်အီဂျစ်နှင့် အိမ်နီးချင်းနိုင်ငံများရှိ တက္ကသိုလ်များ၊ စီးပွားရေး လုပ်ငန်းများအတွက်  ရေအောက်ကေဘယ်လ်ကြိုးမှတစ်ဆင့် အင်တာနက်မြန်နှုန်းကိုမြင့်ပေးမည့် ဒီဂျစ်တယ်ပရောဂျက်တစ်ခုလည်းပါဝင်သည်။  

ဂလိုဘယ်ဂိတ်ဝေး စူးစိုက်လုပ်ဆောင်နေသော နယ်ပယ်များတွင် ဝင်ငွေနည်းနိုင်ငံများနှင့် ဝင်ငွေအလယ်အလတ်ရှိသောနိုင်ငံများ၌ရာသီဥတုပြောင်းလဲမှုဒဏ်လျော့ပါးစေရေးနှင့် ခံနိုင်ရည်ရှိစေရေးအပြင် သန့်ရှင်းသော စွမ်းအင်ကဏ္ဍရင်းနှီးမြှုပ်နှံမှုများလည်း ပါဝင်သည်။ စွမ်းအင်လုံခြုံမှုအတွက် ဖြည့်ဆည်းပေးရေး၊ကုလသမဂ္ဂစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးပန်းတိုင်များ အောင်မြင်စေရေးနှင့် ပါရီရာသီဥတုသဘောတူစာချုပ်၏ ရည်မှန်းချက်များ ပြည့်မီရေးတို့ကိုလည်း အဓိက ရည်မှန်းချက်များအဖြစ် ထည့်သွင်းထားသည်။

ကျန်းမာရေးကဏ္ဍသည်လည်း အလေးပေးနယ်ပယ်ဖြစ်သည်။ ကိုဗစ်ကပ်ရောဂါသည် ကျန်းမာရေးစောင့်ရှောက်မှုစနစ်၏ အားနည်းချက်များနှင့်ဆေးဝါးရောင်းလိုအား ကွင်းဆက်များ၏ ထိခိုက်ပြိုကွဲမှုကို ထင်ထင်ရှားရှားဖြစ်စေခဲ့သည်ဟု သုံးသပ်ခဲ့ကြ၏။ ကမ္ဘာတစ်ဝန်းရှိ ဆေးဘက်ဆိုင်ရာ ထုတ်လုပ်မှု စွမ်းရည်များတွင် ကျယ်ကျယ်ပြန့်ပြန် ကွဲလွဲမှုများရှိခဲ့သည်ကိုလည်း မီးမောင်းထိုးပြခဲ့၏။ ထို့ကြောင့် ဆေးဝါးရောင်းလိုအားကွင်းဆက်များ လုံခြုံမှုနှင့် ဒေသတွင်းထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရေးကို ဦးစားပေးလုပ်ဆောင်ရန် အကြောင်းဖြစ်လာခဲ့သည်။ ထို့ပြင် ရေရှည်တည်တံ့ခိုင်မြဲသော၊ စမတ်ကျသော၊ ဘေးကင်းလုံခြုံသော သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို ဖန်တီးရန်အတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍကိုလည်း ထည့်သွင်းစဉ်းစားထားသည်။   

(၅)

အာဖရိကဒေသအတွက် အစီအစဉ်များလည်း ရှိသည်။ ထို့ဒေသတွင် လုံခြုံသောသယ်ယူပို့ဆောင်ရေးစင်္ကြံများ ဖန်တီးပေးခြင်း၊ ရောင်းလိုအားကွင်းဆက်များ၊ ဝန်ဆောင်မှုများနှင့် အလုပ်အကိုင်များကို ပံ့ပိုးပေးခြင်းတို့ဖြင့် အာဖရိကနှင့် ဥရောပရှိ စက်မှုလုပ်ငန်းများအကြား အပြန်အလှန်အကျိုးပြုနိုင်မည်။ အဆိုပြုထားသော မဟာဗျူဟာစင်္ကြံများသည်လည်း ပိုမိုကောင်းမွန်၍ ပိုမိုစိမ်းလန်းသော အီးယူ-အာဖရိက ချိတ်ဆက်ဆောင်ရွက်မှုကို ပံ့ပိုးပေးနိုင်မည်။ အာဖရိကဒေသအတွင်းသာမက အာဖရိက- ဥရောပကုန်သွယ်မှုနှင့် ဒေသနှစ်ခုကြားရွှေ့ပြောင်းသွားလာမှုကို ပိုမိုလွယ်ကူချောမွေ့စေမည်ဖြစ်သည်။

(၆)

အမေရိကန်နှင့်အတူ အီးယူ စိတ်အားထက်သန်နေသည့်  သယ်ယူပို့ဆောင်ရေးကွန်ရက်များထဲမှတစ်ခုမှာ အင်ဂိုလာနိုင်ငံကမ်းရိုးတန်းကို ဇမ်ဘီယာနိုင်ငံ၊ ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတို့ နှင့် ချိတ်ဆက်နိုင်ရေးနည်းလမ်းရှာဖွေနေသည့် လိုဘစ်တူးကော်ရစ်ဒါ (Lobito corridor) ခေါ်သော လမ်းကြောင်းဖြစ်သည်။ ထိုလမ်းကြောင်းသည် ကြေးနီ၊ လစ်သီယမ်နှင့် ကိုဘော့သတ္တုသိုက်များ၏ အဓိကတည်ရှိနေသော ပင်ရင်းဒေသလည်း ဖြစ်နေသည်။ ဇမ်ဘီယာနိုင်ငံရှိ ကြေးနီထွက် ရှိရာ ဒေသကိုဖြတ်၍ အင်ဂိုလာနိုင်ငံ၊ အတ္တလန္တိတ်ဆိပ်ကမ်းရှိ လိုဘစ်တူးမြို့ကို ကွန်ဂိုနိုင်ငံ၊ ကက်တန်ဂါ (Katanga) နှင့် ဆက်စပ်ပေးမည့်စီမံကိန်းနှင့်ပတ်သက်၍ပြီးခဲ့သည့် ဇူလိုင်လက ထိုသုံးနိုင်ငံ ကတိကဝတ်ပြုခဲ့ကြသည်။ 

(၇)

တရုတ်၏ ဘီအာအိုင်နှင့် အီးယူ၏ ဂလိုဘလ်ဂိတ်ဝေးတို့ကို စိတ်ဝင်စားဖွယ်ပထဝီနိုင်ငံရေး အားပြိုင်မှုတစ်ရပ်အဖြစ်လူအများသိရှိလာနေကြပြီဖြစ်သည်။ သို့သော် ဘီအာအိုင်သည်လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ကမ္ဘာ့အနှံ့ မီဒီယာများ၏ အာရုံစိုက်မှု ရယူနိုင်ခဲ့သဖြင့် ဂလိုဘယ်ဂိတ်ဝေးထက်ပို၍လူသိများ၏။ အကောင်အထည်ဖော်သည့် အချိန်ကာလမကြာသေးသည့်အတွက် အီးယူ၏ ဂလိုဘယ်ဂိတ်ဝေးကိုမူ ကောင်းစွာ သတိမထား မိခဲ့ကြပေ။ 

ယခုအချိန်တွင်မူ ဂလိုဘယ်ဂိတ်ဝေးကို အီးယူ၏ မဟာဗျူဟာအစခရီးဟုသဘောပေါက်လာကြပြီး ပထဝီဝင်နိုင်ငံရေးအချက်ပြမှုအသစ်ဟုလည်းယူ ဆနေကြသည်။ အီးယူသည် ပြိုင်ဆိုင်မှုအားကောင်းသောအုပ်စုအဖြစ် မျှော်မှန်းပုံဖော်လျက်ရှိသည်။ အီးယူ အရာရှိတစ်ဦး၏ပြောစကားအရ အီးယူ၏ပထမဦးဆုံး မဟာဗျူဟာကျကျလုပ်ဆောင်နေသည့် အခြေခံအဆောက်အအုံစီမံကိန်း ဂလိုဘယ်ဂိတ်ဝေး (Global Gateway) သည်  တရုတ်နိုင်ငံ၏ ခေတ်သစ်ပိုးလမ်းမစီမံကိန်း ဘီအာအိုင် (BRI) ကို အင်နှင့်အားနှင့် ယှဉ်ပြိုင်နေပြီဖြစ်ကြောင်း သတင်းစကားပေးလိုက်ခြင်းလည်းဖြစ်ပေသည်။   

  

www.eurasiareview.com 

 



 

 

Most Read

Most Recent