ဟုမ်းလန့်ဒ် အီကော်နောမစ်

ဟုမ်းလန့်ဒ် အီကော်နောမစ်
Published 29 October 2023
စောနိုင် (အသုံးချဘောဂဗေဒ)

''စစ်အေးကာလအလွန်အပြောင်းအလဲများ''

စစ်အေးတိုက်ပွဲအလွန်အချိန်ကစ၍ ကမ္ဘာကြီးသည် ရွာကြီးတစ်ရွာအသွင်သဏ္ဍာန်ကဲ့သို့ ပြောင်းလဲဖြစ်ပေါ်လာခဲ့သည်ဟု ရှုမြင်ခဲ့ကြသည်။ နိုင်ငံအများစုတွင် ဗဟိုချုပ်ကိုင်မူထက် စျေးကွက်များ၏ စွမ်းအားအပေါ် ယုံကြည်ချက်များတိုးပွားလာခဲ့သည်။ အခြေအနေများသည် ဂလိုဘယ်လိုက်ဇေးရှင်းကိုလည်း အရှိန်မြင့်တက်လာစေခဲ့၏။ နိုင်ငံအစိုးရများသည်လည်း ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာမှုကဏ္ဍများအပေါ် ထိန်းချုပ်မှုများ လျှော့ချလာခဲ့ကြသည်။ ၂၀၀၁ ခုနှစ်  တွင် အာရှဒေသနှင့် အနောက်နိုင်ငံများကြား ကုန်သွယ်မှုအရှိန်ပိုမိုတက်စေသည့်ဖြစ်ရပ်တစ်ခု ပေါ်လာခဲ့သည်။ ကမ္ဘာ့စက်ရုံကြီးဟု တင်စားခေါ်ဝေါ်ကြသော တရုတ်နိုင်ငံ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (ဒဗလျူတီအို) ဝင်ရောက်ခွင့်ရခဲ့ခြင်းဖြစ်သည်။

''ဂလိုဘယ်လိုက်ဇေးရှင်းလှိုင်း အနိမ့်အမြင့်''

ဂလိုဘယ်လိုက်ဇေးရှင်းဖြစ်စဉ်ထဲတွင် ကမ္ဘာ့နိုင်ငံများအကြား နယ်ပယ်စုံကူးလူးဆက်နွှယ်မှုအားကောင်းလာခဲပြီး ဆင်းရဲနွမ်းပါးမှုနှင့် ဝင်ငွေမညီမျှမှုလျော့ကျခြင်းကဲ့သို့ သိသာထင်ရှားသော ကောင်းကျိုးသက်ရောက်မှုများကို ထင်ထင်ရှားရှားတွေ့ရ၏။ သို့သော် အကောင်းအဆိုးဒွန်တွဲနေသည့်သဘာဝအတိုင်း  များပြားလှသော ပြဿနာများလည်း ပေါ်ထွက်လာခဲ့သည်။  ၂၀၀၇-၂၀၀၉ ကမ္ဘာ့ဘဏ္ဍာရေးအကျပ်အတည်း ကြုံတွေ့လာခဲ့ရ၏။ အရင်းအနှီးဈေးကွက်များ၏လွတ်လပ်သော အခြေအနေများကြောင့် ဖြစ်ပေါ်လာသော ဘေးအန္တရာယ်များကိုလည်း သိရှိခဲ့ကြ၏။ ထို့ကြောင့် မူလကျင့်သုံးနေကျ ဘဏ္ဍာရေး၊ စီးပွားရေးအခြေအနေအပေါ် အပြောင်းအလဲများ မျှော်လင့်ခဲ့ကြသည်။ အိမ်ခြံမြေကဏ္ဍ စန်းပွင့်အားကောင်းလာမှုအရှိန်ကို ဟန့်တားရန်နှင့် လွတ်လပ်လွန်းသော ဘဏ္ဍာရေး အခြေအနေများကို ထိန်းကျောင်းရန် ဆွေးနွေးမှုများရှိခဲကြသည့်တိုင် ကြီးမားသော အပြောင်းအလဲများမမြင်ခဲ့ရပေ။ 

''ရွေးချယ်စရာနည်းလမ်းသစ် သို့မဟုတ် ဟုမ်းလန့်ဒ် အီကော်နောမစ်''

ယနေ့အချိန်တွင် ဟုမ်းလန့်ဒ် အီကော်နောမစ် (Homeland Economics) ဟု အမည်တပ်ထားသည့်ရွေးချယ်စရာ အိုင်ဒီယာတစ်ခုပေါ်လာသည်။ “ပြည်တွင်း၌အလေးထားလုပ်ကိုင်သော” ၊ “ပြည်တွင်းကိုသာ ဦးစားပေးသော”၊ “ပြည်တွင်းဖူလုံရေးကို အထူးဂရုပြုသော” စီးပွားရေးအယူအဆဖြစ်သည်။ အစိုးရတစ်ရပ်သည် နိုင်ငံစီးပွားရေးအတွက် ပြည်တွင်းကိုသာပြန်လည်အလေးထားကြည့်လာခြင်းဖြစ်သည်။ နိုင်ငံ့စီးပွားရေးအတွက် ချေးငှားမှု၊ နိုင်ငံခြားအကူအညီ၊ စီးပွားရေးပိတ်ဆို့မှု၊ ကုန်သွယ်ရေးသဘောတူညီမှု စသည်ဖြင့် အမျိုးမျိုးသော စီးပွားရေးကိရိယာများကိုအသုံးပြု၍  ခေါင်းဆောင်များ၏ ပရိယာယ်ဆင်မှု (Economic Statecraft) ဟု  အချို့ကဆိုသည်။

ဟုမ်းလန့်ဒ်အီကော်နောမစ်သည်  စျေးကွက်များ၏မတည်ငြိမ်မှု အတက်အကျများကြောင့်လည်းကောင်း၊ ကပ်ရောဂါများကဲ့သို့ မမျှော်မှန်းနိုင်သော ရှော့ခ်များကြောင့်လည်းကောင်း နိုင်ငံတစ်နိုင်ငံအပေါ်တွင် သက်ရောက်လာနိုင်သည့် ဘေးအန္တရာယ်များကို လျော့နည်းစေရန် ရည်ရွယ်ထားသည့်ချဉ်းကပ်မှုလည်းဖြစ်သည်။ ပြည်တွင်းလုပ်ငန်းများကို ထောက်ပံ့ကူညီမှု အများအပြားပေးခြင်း၊ အစိုးရက ဝင်ရောက်ပတ်သက်ခြင်းတို့ပြုလုပ်ကာ ပြည်တွင်းအကျိူးစီးပွား (ကိုယ့်ကျိုးစီးပွား) ကို ကာကွယ်သည့်အိုင်ဒီယာဖြစ်သည်။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနယ်ပယ်ထဲတွင် ရောင်းလိုအားကွင်းဆက်များ ပြတ်တောက်ခြင်း၊ လောင်စာစွမ်းအင်ခက်ခဲလာခြင်း၊ နိုင်ငံ၏အမျိုးသားလုံခြုံရေးကိုထိပါးလာခြင်း၊ နေထိုင်မှုစရိတ်မြင့်မားကာ အကျပ်အတည်းများဖြစ်လာခြင်း စသည့် နိုင်ငံသူနိုင်ငံသားတို့ကို ခက်ခဲကျပ် တည်းမှု ဖြစ်လာစေသောအခြေအနေများသည် အစိုးရကနိုင်ငံ့စီးပွားရေးတွင် ဝင်ရောက်ပါဝင်ဆောင်ရွက်ပေးရန် တောင်းဆိုခြင်းလာသည့်သဘောဖြစ်သည်။ ယခင်က ဈေးကွက်နှင့်ဝေးဝေးနေရသော၊ စီးပွားရေးတွင် ဝင်ရောက်ပတ်သက်ခွင့်မရှိသော အစိုးရသည် ယခုအချိန်တွင် အကြောင်းပြချက် ကောင်းကောင်းဖြင့် ဈေးကွက်အတွင်း ဝင်ရောက်စွက်ဖက်ခွင့်ရခြင်းလည်းဖြစ်သည်။ 

ဟုမ်းလန့်ဒ် အီကော်နောမစ်သည် ပိုမိုဘေးန္တရာယ်ကင်းသော၊ ပိုမိုတရားမျှတသော၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ပိုမိုနည်းပါးသော ကမ္ဘာကြီးဆီသို့ ဦးတည်နေလိမ့်မည်ဟု လက်ခံသူများက ယူဆသည်။ တစ်ဖက်တွင် အများစုအတွက် ဆန့်ကျင်ဘက်အကျိုးသက်ရောက်မှုများကို ဖန်တီးပေးလိမ့်မည်ဟုလည်း ထောက်ပြသူများရှိနေသည်။ 

ဟုမ်းလန့်ဒ်အီကော်နောမစ်သည် ကမာ့္ဘနိုင်ငံများ သိသိသာသာကြုံခဲ့ရသည့် စီးပွားရေးထိတ်လန့်မှုဖြစ်ရပ် (ရှော့ခ်) လေးခုကို တုံ့ပြန်ဖြစ်ပေါ်လာခြင်းဖြစ်သည်။ ပထမရှော့ခ်ဟုခေါ်နိုင်သောအခြေအနေမှာ ယခင်က လက်ခံယုံကြည်ထားသည့် အယူအဆများ အစိတ်စိတ်အမြွှာမြွှာဖြစ်သွားရသည့် ၂၀၀၇-၂၀၀၉ ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကမ္ဘာအနှံ့ကူးလူဆက်ဆံမှုများ ရပ်ဆိုင်းခဲ့ရသည့်၂၀၂၀ ကမ္ဘာ့စီးပွားရေးကျဆင်းမှု ဖြစ်သည်။ ဒုတိယရှော့ခ်မှာ အမေရိကန်နှင့် တရုတ်နှစ်နိုင်ငံကြား  စီးပွားရေးပိတ်ဆို့အရေးယူမှုအမျိုးမျိုးကို အပြန်အလှန်ကျင့်သုံး၍ ပဋိပက္ခများ ပိုမိုပြင်းထန်လာစေသည့် ပထဝီနိုင်ငံရေးအခြေအနေဖြစ်သည်။     ရုရှား-ယူကရိန်းစစ်ပွဲသည်  တတိယရှော့ခ်ဆီသို့ ဦးတည်သွားခဲ့သည်။  ရုရှား၏ ဟိုက်ဒရိုကာဗွန်တင်ပို့ရောင်းချမှုကို ပထဝီနိုင်ငံရေးလက်နက်အဖြစ် အသုံးပြုခြင်းကြောင့်ဖြစ်ပေါ်လာသော စွမ်းအင်အကျပ်အတည်းဖြစ်သည်။ ထိုအခြေအနေကြောင့် အခြားနိုင်ငံအပေါ်မှီခိုနေရခြင်း၏အနုတ်လက္ခဏာအကျိုးဆက်များကို နိုင်ငံများ သတိပြုမိလာစေသည်။ စွမ်းအင်သာမက အခြားသော အရေးကြီးကုန်စည်များပါ  ပြည်တွင်းဖူလုံမှုရှိရေးအတွက် ကြိုတင်ပြင်ဆင်ထားရန်လိုအပ် သည်ကို တပ်လှန့်သံပေးလိုက်သည့်အသံလည်းဖြစ်သည်။ စတုတ္ထရှော့ခ်မှာ လူတို့၏အလုပ်အကိုင်အခွင့်အလမ်းများကို ခြိမ်းခြောက်လာနေသော၊ ဉာဏ်ရည်တုနည်းပညာ (Artificial Intelligence- AI) ပေါ်ပေါက်လာခြင်းဖြစ်သည်။   

  .

''စက်မှုကဏ္ဍ မူဝါဒများနှင့် စိန်ခေါ်မှုများ''

နိုင်ငံအစိုးရများသည် စီးပွားရေးအရ ပြည်တွင်းကိုမှီခိုအားထားနိုင်ရန် နည်းလမ်းအမျိုးမျိုးကို အသုံးပြုကြသည်။ ပြည်တွင်းထုတ်လုပ်မှုများကိုအထောက်အကူဖြစ်စေရန် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ကြသည်။ ပြည်တွင်းထုတ်ကုန်များကို အကာအကွယ်ပေးနိုင်ရန် နိုင်ငံခြား သွင်းကုန်များ ဝင်ရောက်လာမှုအပေါ် အကောက်ခွန်များ မြှင့်တင်စည်းကျပ်ကောက်ခံကြသည်။ ကွန်ပျူတာချစ်ပ် (computer chips)၊ လျှပ်စစ်ကား (electric vehicle) နှင့် ဉာဏ်ရည်တု (AI) ကဲ့သို့သော မဟာဗျူဟာမြောက်လုပ်ငန်းများ ထူထောင်လုပ်ကိုင်နိုင်ရေးအတွက်လည်း အာရုံစိုက်ထားသည်။ ပြည်တွင်းထုတ်လုပ်မှုကို မြှင့်တင်ရန်အတွက် အစိုးရ၏အလုံးအရင်းဖြင့် ထောက်ပံ့ပေးမှုနှင့် ထုတ်လုပ်မှုတွင် ပြည်တွင်းကုန်ကြမ်းပါဝင်မှု ရာခိုင်နှုန်းများပြားနိုင်ရေး အကောင်အထည်ဖော်ခြင်းတို့လည်း ထည့်သွင်းစဉ်းစားထားသည်။  

သို့သော် နိုင်ငံ့စီးပွားရေးကိုအထောက်အကူဖြစ်စေမည့် အလားအလာရှိသော စက်မှုလုပ်ငန်းများထူထောင်ရာတွင် စိန်ခေါ်မှုကြီးမားပြီး စီးပွားရေးကုန်ကျစရိတ် မြင့်မားနိုင်သည်။ အတိတ်ကာလတစ်လျှောက် နိုင်ငံများအကောင်အထည်ဖော်ခဲ့သည့် စက်မှုကဏ္ဍမူဝါဒများကို လေ့လာကြည့်ရာတွင်  အောင်မြင် သောအခြေအနေအနည်းငယ်သာရှိ၍ အခက်အခဲများစွာကြုံခဲ့ရကြောင်း သိခဲ့ရသည်။ ၁၉၇၀ ပြည့်ကာလများက တောင်ကိုရီးယားနိုင်ငံ၏ စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ အကောင်အထည်ဖော်မှုကို လေ့လာရာတွင် ကန့်သတ်ထားသော ဘဏ္ဍာရေး၊ ဘဏ္ဍာရေးလိုငွေပြမှုနှင့် တည်ငြိမ်သောငွေလဲနှုန်း စသည့်ခိုင်မာသော မက်ခရိုစီးပွားရေးမူဝါဒများနှင့်ပါ ဆက်စပ်လုပ်ကိုင်ခဲ့ရသည်ကို တွေ့ရ၏။ 

''ဟုမ်းလန့်ဒ် အီကော်နောမစ်၏အနာဂတ်''

စက်မှုကဏ္ဍမူဝါဒအကောင်အထည်ဖော်မှုတွင် အခက်အခဲများရှိနေသည့်တိုင် ကမ္ဘာတစ်ဝန်းရှိ အစိုးရများသည် အတိတ်ကာလက မှားယွင်းမှုများကို ရှောင်ရှားနိုင်လိမ့်မည်ဟု ယုံကြည်လျက် ဟုမ်းလန့်ဒ်အီကော်နောမစ် ချဉ်းကပ်မှုနည်းလမ်းကို တွန်းအားပေးလုပ်ဆောင်လျက်ရှိသည်။ 

ဟုမ်းလန့် အီကော်နောမစ်သည် ရွေးချယ်မှုနည်းလမ်းသစ်ဟုဆိုသော်လည်း တစ်ချိန်တစ်ခါက နိုင်ငံအချို့အသုံးပြုခဲ့သော ပြည်တွင်းဖူလုံမှုအလေးပေးစီးပွားရေးအယူအဆသာဖြစ်သည်။  ၁၉၆၀၊ ၁၉၇၀ ကာလများက  အာရှထွန်းသစ်စနိုင်ငံများအလုပ်ဖြစ်ခဲ့သည့် ပို့ကုန်ဦးစားပေးခဲ့သော အခြေအနေ ပြန်လည်စဉ်းစားကာ ဟုမ်းလန့်ဒ်အီကော်နောမစ်သည် ကမ္ဘာ့ကုန်သွယ်ရေးကို ပြန်လည်အားကောင်းလာနိုင်မည်လော၊ ပျက်စီးစေမည်လော စသည်ဖြင့် သံသယရှိနေကြသည်။ ဟုမ်းလန့်ဒ် အီကော်နောမစ်သည် ကမ္ဘာကြီးကို ပိုမိုဆင်းရဲနွမ်းပါးစေလိမ့်မည်ဟု ရှုမြင်သုံးသပ်မှုများလည်းရှိသည်။ 

မိတ်အင်ချိုင်းနား(Made in China )၊ မိတ်အင်အင်ဒိယ (Made in India)၊ မိတ်အင်ယူရုပ် ( Made in Eurpoe)၊ မိတ်အင် ကနေဒါ (Made in Cadana)၊ မိတ်အင်ဩစတြေးလျ (Made in Austrilia) စသည်ဖြင့် တစ်နိုင်ငံချင်းအစီအစဉ်များဖြင့်  ပြည်တွင်းထုတ်လုပ်မှုအလေးပေးနေချိန်တွင် ဟုမ်းလန့်ဒ် အီကော်နောစ် အယူအဆသည် နိုင်ငံများကြားလွတ်လပ်သောကုန်သွယ်ရေးထက် အကန့်အသတ်ရှိသော ကုန်သွယ်ရေးပုံစံသိုဦးတည်နေသည်ဟုယူဆရပေသည်။ 

ဖြစ်လာနိုင်ခြေအန္တရာယ်များကို သေချာစွာနားလည်သဘောပေါက်ခြင်းမရှိ။ ဂရုတစိုက် အကောင်အထည်ဖော်ခြင်းလည်းမရှိခဲ့ပါ။ ဟုမ်းလန့်ဒ် အီကော်နောမစ်သည်  ကမ္ဘာလုံးဆိုင်ရာ ဆင်းရဲနွမ်းပါးမှုဆီသို့  ဦးတည်သွားစေနိုင်ပြီး နိုင်ငံများ၏ရည်မှန်းထားသော ပန်းတိုင်များကိုပါ  ပျက်ပြားသွားစေနိုင်သည်ဟု ထင်မြင်သူ အများအပြားလည်းရှိနေ၏။ 

https://bnn.network

Most Read

Most Recent