ဆယ်စုနှစ်တစ်စုကြာ တရုတ်စီးပွားရေးကို ဦးဆောင်ခဲ့သူ 

ဆယ်စုနှစ်တစ်စုကြာ တရုတ်စီးပွားရေးကို ဦးဆောင်ခဲ့သူ 
Photo: Reuters
Photo: Reuters
Published 28 October 2023
ခက်ဝေ

တရုတ်တွင် ခေါင်းဆောင်တစ်ဦးသေဆုံးလျှင် ကြီးမားသည့်အပြောင်းအလဲများ သို့မဟုတ် နိုင်ငံရေး ကသောင်းကနင်းဖြစ်မှုများ ဖြစ်လာနိုင်သည်။ ဥပမာကြည့်မည်ဆိုလျှင် ခေါင်းဆောင်ဟောင်းများဖြစ်ကြသည့် မော်စီတုန်းနှင့် ဟူယောက်ပန်းတို့ သေဆုံးခဲ့ ပြီးနောက်ကာလကို ကြည့်လျှင်သိနိုင်သည်။

ယခုလည်း တရုတ်နိုင်ငံ၏ နံပါတ် (၂)ခေါင်းဆောင်ဟောင်း  အသက် ၆၈ နှစ်အရွယ် ရှိ ဝန်ကြီးချုပ်ဟောင်း လီခဲ့ချန် ရုတ်တရက် ကွယ်လွန်သ ွားသည့်သတင်းက တရုတ်နိုင်ငံသားအများစုကို အံ့အားသင့်စေခဲ့သည်။လီသည် အောက်တိုဘာ ၂၇ ရက်အစော ပိုင်းတွင် နှလုံးဖောက်ပြန်ပြီး သေဆုံးခဲ့သည်။

လီခဲ့ချန်သည် ဆယ်စုနှစ်တစ်စုကြာ တရုတ်နိုင်ငံ၏စီးပွားရေးကို ဦးဆောင်ခဲ့ပြီး  တရုတ်နှင့်အမေရိကန် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးတင်းမာနေချိန်၊ ကိုဗစ် ၁၉ ကပ်ရောဂါရင်ဆိုင်နေရချိန်တို့တွင် လမ်းညွှန်မှုကောင်း ခဲ့သည်။သူသည် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း များကို အားပေးထောက်ခံသူအဖြစ် ထင်ရှားသည်။

တရုတ်ဆိုရှယ်မီဒီယာတွင် လီနှင့်ပတ် သက်သည့် ပို့စ်များ၌ “like”  ပေးသည့်နေရာ သည် ဒေစီပန်း( တရုတ်နာရေးများတွင် သုံးသည့်ပန်း) ပုံအဖြစ် ပြောင်းထားသည်။ မှတ်ချက်အများစုက ကောင်းရာသုဂတိလား ပါစေဟု ရေးထားကြသည်။  

တရုတ်အစိုးရကမူ လီနှင့်ပတ်သက်ပြီး များများစားစားထုတ်ပြန်ထားခြင်းမရှိပေ။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ က သတင်းထောက်များအား တရားဝင် သတင်းဌာနဖြစ်သည့်ဆင်ဟွာမှ အချက်အ လက်များနှင့် ၊ ထုတ်ပြီးသားနာရေးသတင်းကိုသာ ကိုးကားကြရန် ပြောကြားခဲ့သည်။ ရဲဘော်ရဲဘက်လီခဲ့ချန် သေဆုံးခြင်းအတွက် အလွန်ဝမ်းနည်းမိကြောင်းလည်း ၎င်းအရာရှိက ပြောသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန် တိုနီဘလင်ကလည်း ဝမ်းနည်းကြောင်း အသိ ပေးထားပြီး တရုတ်နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ် နစ်ကိုးလက်စ်ဘန်းစ်က X ဆိုရှယ် မီဒီယာတွင် ဝမ်းနည်းကြောင်း ရေးသားထား သည်။ ဝေပိုတွင် ဝမ်းနည်းကြောင်း ဖော်ပြ ထားသည့် တရုတ်ရှိဂျပန်သံရုံးအဆိုအရ  လီသည် ၂၀၁၈ ခုနှစ်က ဂျပန်ကိုရောက်လာခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးတွင် လီ၏အခန်း ကဏ္ဍက အရေးပါခဲ့သည်။

၁၉၆၆-၇၆ ခုနှစ် တရုတ်ယဉ်ကျေးမှု တော်လှန်ရေး ကာလအတွင်း နိုင်ငံရေးနှင့် ထိတွေ့မိလာပြီးသည့်နောက် လီသည် ဂုဏ် သတင်းကြီးသည့် ပီကင်းတက္ကသိုလ်တွင် တက်ရောက်ခွင့်ရကာ ဥပဒေနှင့်စီးပွားရေးကို သင်ယူခဲ့သည်။ နိုင်ငံရေးအဆက်အသွယ် များကြောင့်တက်ခွင့်ရခြင်း မဟုတ်ဘဲ သူ့ ကိုယ်ပိုင် အရည်အချင်းကြောင့်ဖြစ်သည်။

လီသည်  လွန်ခဲ့သည့်ဆယ်စုနှစ်တစ်စု ခန့်က ကွန်မြူနစ်ပါတီခေါင်းဆောင်ဟောင်း ဟူကျင်တောင်၏ သမ္မတနေရာကို ဆက်ခံ မည့်သူအဖြစ် ရှုမြင်ခံခဲ့ရသည်။ သို့သော် ပါတီအုပ်စုများ ဟန်ချက်ညီ‌ရေး လိုအပ်ချက် ကြောင့် အများသဘောတူသည့် ကိုယ်စား လှယ်လောင်းအဖြစ် (ဒုတိယဝန်ကြီးချုပ် ဟောင်းတစ်ဦး၏ သား) ရှီကျင်းပင်ကို ရွေး ချယ်ခဲ့သည်။

လီနှင့်ရှီသည် ပေါ်ပေါ်ထင်ထင် သဘောထား ကွဲလွဲခြင်းမျိုး တစ်ကြိမ်တစ်ခါမှ မရှိခဲ့သော်လည်း သမ္မတ ဟူကျင်တောင်နှင့် ဝန်ကြီးချုပ်ဝမ်ကျားပေါင်တို့ ဆက်ဆံရေးမျိုး၊ မော်စီတုန်းနှင့် ဝန်ကြီးချုပ ်ကျိုးအန်းလိုင်တို့ ဆက်ဆံရေးမျိုး သူတို့နှစ်ဦးကြားတွင် ရှိမနေ ခဲ့ပေ။

မနှစ်ကအောက်တိုဘာတွင် လီသည် ပါတီမှအနားယူရမည့် အသက် ၇၀ မပြည့် သေးဘဲ  ကွန်မြူနစ်ပါတီ အမြဲတမ်းကော်မတီမှ ဖယ်ရှားခံခဲ့ရသည်။ ယခုနှစ်မတ်လတွင် လီ၏ဝန်ကြီးချုပ်နေရာကို လီချန်က ဝင်ယူခဲ့ သည်။

လီသည် သူတို့ခေတ်၏ အထက်မြက်ဆုံးနိုင်ငံရေးသမားများထဲမှ တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသည်။ အင်ဂျင်နီယာအများဆုံး လွှမ်းမိုးထားသည့် ကွန်မြူနစ်ပါတီတွင် လီက စီးပွားရေးပညာရှင်အဖြစ် ပါဝင်ကာ နိုင်ငံ၏စီးပွားရေးပြဿနာများကို အရှိအရှိအတိုင်း ပြောတတ်သူအဖြစ် လူသိများသည်။ ကိုဗစ်ကပ်ဘေးကာလတွင် ရှီကျင်းပင်၏ ကိုဗစ်အမြစ်ပြတ်ရေး ပေါ်လစီက နိုင်ငံစီးပွားရေးနှင့် သာမန် တရုတ်ပြည်သူများအပေါ် မည်သို့ထိခိုက်စေသည်ဟုလည်း လီကပြောခဲ့ပြန်သည်။

မနှစ်ကမေတွင် ကိုဗစ်အမြစ်ပြတ်ရေး ပေါ်လစီ ချမှတ်ထားဆဲအချိန် လီသည် ယူနန်ပြည်နယ်ရှိတက္ကသိုလ်တစ်ခုသို့ နှာခေါင်း စည်းမဝတ်ဘဲ သွားခဲ့သည်။ သူ့ဘေးမှ ကျောင်းသားကျောင်းသူများ ၊ အရာရှိများက လည်း တစ်ဦးမှ နှာခေါင်းစည်းမပါကြ။ ယင်း ဖြစ်ရပ်ကို ဆိုရှယ်မီဒီယာတွင် ပြောဆိုခဲ့ကြပြီး လီကိုချီးကျူးသည့်ပို့စ်များ တက်လာသည်။  သိပ်မကြာလိုက်၊ #Premier AtYunnan University ဆိုသည့်စာသား အပိတ်ခံလိုက်ရ သည်။

ကိုဗစ်ပထမနှစ်အတွင်း လီသည် နိုင်ငံ့ စီးပွားရေးကို ဦးဆောင်သူဖြစ်သည်နှင့်အညီ လမ်းဘေးစျေးဆိုင်များ တိုးပွားလာရေးကို အားပေးရန် ဆုံးဖြတ်လိုက်သည်။ ရှန်းတုန်း ပြည်နယ်တွင် လီက လမ်းဘေးစျေးသည်များ ကိုလည်း သွားတွေ့ခဲ့သည်။ နှစ်ချီတားမြစ်ခံရ ပြီးနောက် ပေကျင်း၏လမ်းများပေါ်တွင်  လမ်းဘေးစျေးဆိုင်များ ပြန်မြင်လာရသည်။

လမ်းဘေးဆိုင်များပြန်စည်ကားလာရေး လီခဲ့ချန်၏အားပေးမှု ရက်ပိုင်းကြာလာပြီး နောက် ပေကျင်းမြူနီစီပယ်ပါတီကော်မတီ၏သတင်းစာ The Beijing Daily က ယင်း စီမံချက်ကို ဝေဖန်ရေးခဲ့သည်။ သတင်းထဲတွင် လမ်းဘေးစျေးဆိုင်များက သန့်ရှင်းမှုမရှိ၊ ခေတ်လည်းမမီဟုဆိုသည်။ အခြားနိုင်ငံပိုင် မီဒီယာတစ်ခုကလည်း အလားတူဝေဖန်မှုမျိုး ပြုလုပ်ခဲ့သည်။

လီအဆိုပြုသည့်ပေါ်လစီတစ်ရပ်ကို ပေကျင်းမြို့တော်အစိုးရက အလျင်အမြန် လည်းပယ်ချခဲ့သည်။ စုပေါင်းအုပ်ချုပ်သည့် ဟူကျင်တောင်အစိုးရလက်ထက်တွင်မူ ယင်း ကဲ့သို့ဖြစ်ချင်မှဖြစ်လိမ့်မည်။ ပါတီအတွင်း အုပ်စုအဖွဲ့များက ချိန်ညှိမှုရှိရသည်။

ယခုနှစ်တွင် ဝန်ကြီးချုပ်အဖြစ်မှမထွက် မီ လီသည် ဟူကျင်တောင်ခေတ်၊ ထိုခေတ်မှ လုပ်ပုံကိုင်ပုံများနှင့် အဆက်အစပ်ရှိသည့် နောက်ဆုံးသော အကြီးပိုင်းအစိုးရအရာရှိဖြစ် သည်။ အင်္ဂလိပ်စကားပြော ကျွမ်းကျင်သူ လီ သည် ပြည်ပခေါင်းဆောင်များနှင့် တွေ့ဆုံရာဝယ် နှစ်လိုဖွယ်ကောင်းသူလည်းဖြစ်သည်။ သူတက်ရောက်သည့် အစည်းအဝေးများကို သတင်းလာယူသည့် သတင်းထောက်များကို လည်း လက်ပြနှုတ်ဆက်တတ်သည်။

 

Ref: AP, BBC

Most Read

Most Recent