ဂါဇာအတွက် အစ္စရေး၏အစီအမံ

ဂါဇာအတွက် အစ္စရေး၏အစီအမံ
Photo - AFP
Photo - AFP
Published 25 October 2023
TRANSLATED - ဇင်မျိုး

လွန်ခဲ့သော သီတင်းနှစ်ပတ်ခန့်တွင် ဟားမာ့စ်အကြမ်းဖက်သမားများက အစ္စရေးတောင်ပိုင်းကို ဝင်ရောက်တိုက်ခိုက်သည့် နေရာဖြစ်သောဂါဇာကမ်းမြောင်တွင် တားလ်နှင့်ဇက်တို့ ဘယ်လောက်ကြာကြာ နေရဦးမလဲဆိုသည်ကို မသိကြပါ။

သီတင်းပတ်ပေါင်းများစွာ ကြာသွားနိုင်သည်။ လချီကြာသွားနိုင်သည်ဟု သူတို့က ပြောသည်။ “လူတိုင်းအတွက် အတူတူပါပဲ။ ဘယ်သူမှ မသိကြပါဘူး”ဟု ဂါဇာနယ်စပ်နှင့်မဝေးသောနေရာက စစ်စခန်းတစ်ခုတွင် ဇက်က CNN ကို ပြောသည်။ တားလ်နှင့်ဇက်တို့၏ မိသားစုအမည်များကို လုံခြုံရေးအနေအထားကြောင့် CNN က ဖော်ပြခြင်းမပြုပါ။သူတို့နှစ်ဦးသည် လူငယ်စစ်သားများဖြစ်သည်။ အောက်တိုဘာ ၇ ရက်တွင် ဟားမာ့စ်ကအစ္စရေးကိုတိုက်ခိုက်ခဲ့ပြီးနောက် သူတို့သည် ဤနေရာတွင် တာဝန်ကျနေခြင်းဖြစ်သည်။ နှစ်ဦးစလုံးသည် အစ္စရေးကာကွယ်ရေးတပ်(IDF)၏အမြောက်တပ်တွင် တာဝန်ထမ်းဆောင်နေကြသော လူ ငယ် အစ္စရေးစစ်သားများဖြစ်သည်။ ဟားမာ့စ်ကျူးကျော်တိုက်ခိုက်မှုကြောင့် အစ္စရေးတွင် လူ ၁,၄၀၀ သေဆုံးထားသည်။ လူ ၂၀၀ ခန့် ပြန်ပေးဆွဲခံထားရသည်။

သူတို့တပ်စိပ်သည် ဂါဇာနယ်စပ်တွင်ချထားသော အင်အားကြီးမားသည့် အစ္စရေးတပ်နှင့် အစ္စရေးစစ်လက်နက်ပစ္စည်းများ၏ အစိတ်အပိုင်းတစ်ခုသာဖြစ်သည်။ အမြဲတမ်းတပ်များအပြင် အရန်တပ်သား ၃၀၀,၀၀၀ ကိုလည်း IDF က ဆင့်ခေါ်ထားသည်။ အရန်တပ်သားများသည် နာရီပိုင်းအတွင်း ၎င်းတို့၏ အခြေစိုက်စခန်းများကို သတင်းပို့ကြရသည်။ အစ္စရေးနိုင်ငံတစ်ဝန်းတွင် အခြေစိုက်စခန်းများနှင့်နီးကပ်သော အဝေးပြေးကားလမ်းများပေါ်တွင် အရန်တပ်သားများထားခဲ့သောကားများ ထောင်သောင်းချီ တန်းစီနေသည်။ သူတို့သည် လက်နက်အမြန်စွဲကိုင်ကြရသောကြောင့် သူတို့စီးသောကားများကို ကားလမ်းများပေါ်တွင် ပစ်ထားခဲ့ကြရသည်။

ဂါဇာကို အစ္စရေးက မြေပြင်ဝင်ရောက် ကျူးကျော်မှုသည်ကား လက်ရှိအချိန်တွင် ဖြစ်လာဦးမည့်ပုံမရှိသေးပေ။ သို့ရာတွင် ဂါဇာမြို့ကို အတွင်းပိုင်းမှတစ်ဆင့် မကြာမီမြင်ကြရတော့မည်ဟု အောက်တိုဘာ ၁၉ ရက်တွင် အစ္စရေးကာကွယ်ရေးဝန်ကြီးယို အက်ဂါးလန့်က နယ်စပ်ကိုရောက်နေသော အစ္စရေးစစ်သားများကို ပြောခဲ့သည်။ ဂါဇာသည် ဂါဇာဟုတ်တော့မည်မဟုတ်ဟု ၎င်းကဆိုခဲ့သည်။ ဟားမာ့စ်ကိုချေမှုန်းမည်ဆိုသည့် အကြောင်းပြချက်ရိုးရိုးလေးကြောင့် မြေပြင်ဝင်ရောက်ကျူးကျော်မှုသည်  ဂါဇာအတွင်းပိုင်းတွင် နောက်ဆုံးစစ်ဆင်ရေးဖြစ် လာလိမ့်မည်ဟု အစ္စရေးကာကွယ်ရေးဝန်ကြီးက ပြောသည်။ စစ်ဆင်ရေးသည် အချိန်တစ်လကြာနိုင်သည်ဆိုသော်လည်း စစ်ဆင်ရေးအပြီးတွင် ဟားမာ့စ်စစ်သွေးကြွများရှိ လာတော့မည်မဟုတ်ဟုဆိုသည်။

သို့ရာတွင် အဆိုပါစစ်ဆင်ရေးသည် မည်သည့်စစ်ဆင်ရေးမျိုးဖြစ်လာမလဲဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရ။ IDFသည် အင်ပြည့်အားပြည့် ကျူးကျော်မှုကို လုပ်မည်လော သို့မဟုတ် ဓားစာခံများ ပြန်ရရေး၊ ဟားမာ့စ် အဓိကလူများကို ပစ်မှတ်ထားရေးတို့ကို ဦးတည်သော ပိုမိုတိကျသည့်ကျူးကျော်မှုကို လုပ်ဆောင်လာနိုင်ပေ သည်။

ဓားစာခံများ၏ အခြေအနေက ဂါဇာကို ဝင်ရောက်ကျူးကျော်မည့်အလားအလာကို ရှုပ်ထွေးစေနိုင်သည်။ ဟားမာ့စ်က ဓားစာခံ နှစ်ဦးကို ပြန်လွှတ်ပေးလိုက်သည်။ နောက်ထပ်ဓားစာခံများ ပြန်လွတ်လာရေးအတွက် ဝင်ရောက်ကျူးကျော်မှုကို အချိန်ဆွဲထားရန် အမေရိကန်က ဖိအားပေးထားသည်ဟု သိရသည်။ ဟားမာ့စ်ထိန်းသိမ်းထားသော အမေရိကန် ဓားစာခံနှစ်ဦးကိုလည်း အောက်တိုဘာ ၂၀ ရက်တွင် လွှတ်ပေးလိုက်သည်ကို ကြည့်ခြင်းအားဖြင့် နောက်ထပ်ဓားစာခံများ ပိုမိုလွတ်မြောက်လာမည့်အနေအ ထားရှိနေသည်။ အောက်တိုဘာ ၂၃ ရက်တွင် ဓားစာခံနှစ်ဦး ထပ်မံလွတ်မြောက်လာခဲ့သည်။ သို့သော် အစ္စရေးဘက်က အပစ်ရပ်စဲရေးကို စဉ်းစားနေသည့် လက္ခဏာမျိုးပြသခြင်းမရှိပေ။

အပစ်ရပ်စဲရေးကိစ္စသည် ပုစ္ဆာကြီးတစ်ပုဒ်ဖြစ်လာပြီးနောက် ဘာတွေဆက်လက်ဖြစ်လာမည်နည်း။ ဟားမာ့စ်ကို အမြစ်ဖြုတ်ပစ်မည်ဟု အစ္စရေးခေါင်းဆောင်ပိုင်းက ပြတ်ပြတ်သားသား ပြောဆိုနေသည်ဆိုသော်လည်း ဂါဇာအနာဂတ်အစီအမံနှင့် ဂါဇာပြည်သူ နှစ်သန်းကျော်တို့၏ အနာဂတ်တို့သည် ရေရေရာရာမရှိပေ။

“ဟားမာ့စ်ကို လုံးလုံးချေမှုန်းပစ်ဖို့ကလွဲလို့ အခြားရွေးစရာနည်းလမ်းဟာ အစ္စရေးအတွက်သာမက ဒေသတစ်ခုလုံးအတွက်ဆိုးရွားပါလိမ့်မယ်။ တစ်ကမ္ဘာလုံး အတွက်တောင် ဆိုးရွားပါလိမ့်မယ်”ဟု ဟာ ရယ်ချိုရက်ဗ်က ပြောသည်။ ဟာရယ်ချိုရက်ဗ်သည် တဲလ်အဗစ်တက္ကသိုလ်ရှိ အရှေ့အလယ်ပိုင်းနှင့် အာဖရိကလေ့လာရေးအတွက် မိုရှေဒါယန်စင်တာ၏ အကြီးတန်းသုတေသနပညာရှင်တစ်ဦး ဖြစ်သည်။

“ဆိုလိုတာက မြို့အောက်ကမြို့ကို ဖျက်ဆီးတာဖြစ်ပါတယ်။ Gaza City Metro ကို ဖျက်ဆီးတာဖြစ်ပါတယ်”ဟု ၎င်းက CNN ကို ပြောသည်။ ဂါဇာမြို့၏အောက်တွင် ဖောက်ထားသောလိုဏ်ခေါင်းများကို ဖျက်ဆီးပစ်ခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ အဆိုပါလိုဏ်ခေါင်းများသည်လူများ၊ ကုန်စည်များ သယ်ယူပို့ဆောင်ရာတွင်သုံးသော လိုဏ်ခေါင်းများဖြစ်သည်။ ဒုံးကျည်များ၊ လက်နက်ခဲယမ်းများကို ယင်းလိုဏ်ခေါင်း များတွင်သိုလှောင်ထားသည်။ ဟားမာ့စ်ကွပ်ကဲရေးဌာနများသည် လိုဏ်ခေါင်းများထဲတွင် တည်ရှိသည်။ ထို့ကြောင့် ဂါဇာမြို့၏အောက်ဘက်က အခြေခံအဆောက်အအုံများဟုခေါ်သည့် လိုဏ်ခေါင်းများကို ရှင်း ထုတ်ပစ်ခြင်းသည့် ဂါဇာ၏ကျောရိုးကို ချိုးပစ်ခြင်းဖြစ်သည်။ ဂါဇာနှင့် အခြားနေရာတို့က ခေါင်းဆောင်ပိုင်းကို ဖျက်ဆီးပစ်ခြင်းဖြစ်သည်ဟု ဟာရယ်ချိုရက်ဗ်ကပြောသည်။

ဟားမာ့စ်ကို အပြီးအပြတ်ချေမှုန်းရန် အစီအမံသည် အန္တရာယ်များနိုင်ပြီး ရှုပ်ထွေးနိုင်သည်ဟု ဟာဆန်အယ်လ်ဟာဆန်က ပြောသည်။ ကြိုပြီးမမြင်ရသည့်  နောက်ဆက် တွဲအကျိုးဆက်များပင်ရှိလာနိုင်သည်ဟုဆိုသည်။ ဟာဆန်အယ်လ်ဟာဆန်သည်  အပြည်ပြည်ဆိုင်ရာ မဟာဗျူဟာမြောက်လေ့လာရေးဌာန၌ အရှေ့အလယ်ပိုင်း မူဝါဒအတွက် သုတေသီအဖြစ် ဆောင်ရွက်နေ သူဖြစ်သည်။

“ဟားမာ့စ်ဟာ ဂါဇာမြို့တွင်းမှာ၊ဂါဇာလူ့အဖွဲ့အစည်းမှာ၊ ဂါဇာပထဝီဝင်မှာ နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေပြီး ကောင်းကောင်းအခြေခိုင်နေတာဖြစ်လို့ ဟားမာ့စ်ကို အနိုင်ယူဖို့ဆိုရင် အစ္စရေးဟာ ဂါဇာကမ်းမြောင်ရဲ့ အမြဲတမ်းမြေမျက်နှာသွင်ပြင်နဲ့ လူဦးရေဆိုင်ရာ အပြောင်းအလဲကို လုပ်ဆောင်ရပါလိမ့်မယ်။ အဲဒီအပြောင်းအလဲဟာ ဖြစ်နေပါပြီ”ဟု ၎င်းက CNN ကို ပြောသည်။

ဂါဇာကို လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်လျက်ရှိစဉ် IDF က ဂါဇာမြောက်ပိုင်းရှိ အရပ်သားများ တောင်ပိုင်းကိုရွှေ့ကြရန် ပြောကြားထားသည်။ ယင်းသို့ နေရပ်ရွှေ့ပြောင်းခိုင်းသည့် အမိန့်က လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးတစ်ရပ်ကို ဖြစ်ပေါ်စေသည်။

ဂါဇာ၌ ပြည်သူ ၁ ဒသမ ၄ သန်းခန့် သည် နေရပ်စွန့်ခွာခဲ့ကြရသည်ဟု ကုလသမ ဂ္ဂလူသားချင်းစာနာမှုရေးရာပူးပေါင်း ဆောင်ရွက်ရေးရုံးက ထုတ်ပြန်ထားပြီး အဆိုပါ အရေအတွက်သည် ဂါဇာလူဦးရေ အားလုံး၏ ၆၀ ရာခိုင်နှုန်းကျော်ရှိသည်ဟု ဆိုသည်။

ဂါဇာကို အစ္စရေးနှင့် အီဂျစ်တို့က ပိတ်ဆို့ထားသည်မှာ နှစ်ချီကြာမြင့်နေပြီဖြစ် သည်။ သို့ရာတွင် ဟားမာ့စ်တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် အစ္စရေးက ဂါဇာကို အစားအစာ၊ လျှပ်စစ်ဓာတ်အား၊ ရေ၊ လောင်စာတို့ ဖြတ်တောက်ထားသည်။

အောက်တိုဘာ ၁၅ ရက်တွင် ရေပြန်လွှတ်ပေးထားသည်ဟု အစ္စရေးက ပြောကြားခဲ့သည်။ လျှပ်စစ်မရှိသဖြင့် ရေစုပ်ယူသည့်စခန်းများ လည်ပတ်နိုင်ခြင်းရှိသောကြောင့် ရေစုပ်ယူဖို့နေနေသာသာ ရေပြန် ပေးနေသည်ဟုတောင် မိမိတို့မပြောနိုင်ဟု ဂါဇာရေပေးဝေရေး အာဏာပိုင်များက ပြောသည်။

ဂါဇာ၌ လူသားချင်းစာနာမှု အခြေအနေခက်ခဲအောင် အစ္စရေးလုပ်ဆောင်နေခြင်းက ဂါဇာမှ ပါလက်စတိုင်းသားများ အီဂျစ်ဆိုင်းနိုင်းသို့ အလုံးအရင်းဝင်ရောက်လာနိုင်သည့်အရေးအတွက်လည်း အီဂျစ် တွင် စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။ ယင်းသို့ဖြစ်မလာအောင်လုပ်ဆောင်ရန် အာရပ်နိုင်ငံအားလုံးက အီဂျစ်ဘက်က  ထောက်ခံထားကြသည်။           

Ref: CNN                       

Most Read

Most Recent