အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အကျုံးဝင်သည့် လူမျိုးအလိုက်နှင့် ဒေသဆိုင်ရာအလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ပြင်ဆင်

အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများတွင် အကျုံးဝင်သည့် လူမျိုးအလိုက်နှင့် ဒေသဆိုင်ရာအလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) ပြင်ဆင်
Published 24 November 2016
ဇာလီမြင့်ဦး

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အကျုံးဝင်သည့် လူမျိုးအလိုက်နှင့် ဒေသဆိုင်ရာအလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ (CSSU) က ပြင်ဆင်လျက်ရှိကြောင်း CSSU အဖွဲ့ဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီမှ တွဲဖက်အတွင်းရေးမှူး (၁) ဦးစိုင်းလိတ်က ပြောကြားသည်။
CSSU ကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ (RCSS/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP)၊ ရှမ်းပြည်ပူးပေါင်း ဆောင်ရွက်ရေးကော်မတီ (SSJAC) အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် SSA အသွင်ပြောင်းအဖွဲ့ စသည်တို့ အဓိကပါဝင် ဖွဲ့စည်းထားခြင်းဖြစ်သည်။
အဆိုပါ လူမျိုးအလိုက်နှင့် ဒေသဆိုင်ရာအလိုက် ဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် အတွက်လည်း CSSU အဖွဲ့ဝင် အဖွဲ့အစည်းများ တွေ့ဆုံဆွေးနွေးမှုကို တောင်ကြီးမြို့တွင် ဒီဇင်ဘာ ၁၀ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ဦးစိုင်းလိတ်က “ဒီအပတ်ပြုလုပ်ခဲ့တဲ့ CSSU အတွင်းရေးမှူးအဖွဲ့ အစည်းအဝေးမှာ ကျွန်တော်တို့ ဆုံးဖြတ်ချက်ချလိုက်တာကတော့ နောက်တစ်ကြိမ် ထပ်ပြီးတွေ့မယ်။ အဲဒီအခါကျရင် ကျွန်တော်တို့ CSSU အဖွဲ့ဝင် အဖွဲ့အစည်းတွေ အကုန်လုံးကို ဖိတ်ခေါ်ပြီးတော့မှ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့် နိုင်ငံရေး ဆွေးနွေးမှုများပေါ့။ အဲဒီအခါကျရင် တစ်နိုင်ငံလုံး အတိုင်းအတာ အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲမှာ ကျွန်တော်တို့ ဆွေးနွေးပိုင်ခွင့်ရှိတာ လူမျိုးအလိုက်ရယ်၊ ဒေသအလိုက်ရယ်ပေါ့နော်။ အဲဒီလူမျိုးအလိုက် ဆွေးနွေးတဲ့ အခါကျရင် ကျွန်တော်တို့ ရှမ်းတိုင်းရင်းသားတွေ အကုန်လုံး ရှမ်းလူမျိုးတွေ အကုန်လုံး ဘယ်ထောင့် ဘယ်နေရာမှာ ရှိနေပြီးတော့မှ သူတို့တွေအားလုံး လက်သင့်ခံနိုင်တဲ့ နိုင်ငံရေး အခင်းအကျင်း တစ်ခုကို ကျွန်တော်တို့ ဘယ်လိုဖန်တီးမလဲပေ့ါနော်။ သူတို့ရဲ့ အသံတွေကို ဆင်းပြီးနားထောင်မယ်။ အစုအဖွဲ့တွေ ကျွန်တော်တို့ ဖွဲ့ထားမယ်။ ပြီးရင် တစ်ချိန်တည်း တစ်ပြိုင်တည်း ကျွန်တော်တို့ ဆင်းပြီးတော့မှ ကျွန်တော်တို့ပြန်ပြီး သုံးသပ်ပါမယ်ခင်ဗျ” ဟု ပြောကြားသည်။
ဒေသဆိုင်ရာနှင့် ပတ်သက်၍ ရှမ်းပြည်နယ်အတွင်းရှိ တိုင်းရင်းသား ခေါင်းဆောင်များ၊ လူထုအခြေပြုအဖွဲ့များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့် တွေ့ဆုံညှိနှိုင်းမှုများကို ပြုလုပ်ကာ ဒေသတွင်း အကျိုးရှိနိုင်ရန်၊ အားလုံးတန်းတူ ညီမျှသည့် အခွင့်အရေးများ ရရှိနိုင်ရန်အတွက် ပူးပေါင်းဆောင်ရွက်နိုင်မည့် သဘောထားများကို ရယူသွားမည် ဖြစ်ကြောင်း ဦးစိုင်းလိတ်က ပြောကြားသည်။
“ဒေသတွင်း အတွက်ကို ကျွန်တော်တို့ ဦးစားပေးပြီးလုပ်မယ်။ ဘာဖြစ်လို့လဲဆိုတော့ ရှမ်းပြည်တိုင်းရင်းသားတွေ အကုန်လုံး မညီမညွတ်လို့ရှိရင် ကျွန်တော်တို့ အတွက်က ရှေ့ဆက်သွားဖို့ မလွယ်ဘူး။ ဒါကြောင့်မို့လို့ လူမျိုးအလိုက် ကဏ္ဍကိုတော့ ကျွန်တော်တို့  ဒုတိယနေရာမှာပဲ ထားပါတယ်။ အဲဒါတွေ လုပ်ဖို့အတွက်ကို ကျွန်တော်တို့ ဒီဇင်ဘာ ၁၀ ရက်မှာ ထပ်မံပြီးတော့မှ တွေ့ဆုံဆွေးနွေးပြီးတော့မှ Plan တွေချပါမယ်ခင်ဗျ။ လုပ်ငန်းလုပ်ကိုင်ဖို့ အတွက်ကတော့ ကျွန်တော်တို့ CSSU အဖွဲ့ဝင် အဖွဲ့အစည်းတွေကိုပဲ အရင်ဖိတ်မယ်။ ဒါပေမဲ့ တကယ်တမ်းလုပ်ပြီ ဆိုရင်တော့ အဖွဲ့အစည်းတိုင်း၊ လူမျိုးတိုင်း ပါဝင်နိုင်ဖို့အတွက်ကို ကျွန်တော်တို့ လုပ်ဆောင်သွားမှာပါ” ဟု ဦးစိုင်းလိတ်က ပြောကြားသည်။
CSSU ကို ၂၀၁၃ ခုနှစ် အောက်တိုဘာတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌတာဝန်ကို အက္ခရာအစဉ်လိုက် အလှည့်ကျ တာဝန်ယူ ဆောင်ရွက်ရာ လက်ရှိဥက္ကဋ္ဌမှာ SSJAC အဖွဲ့ ဥက္ကဋ္ဌနှင့် SNLD ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦး ဖြစ်သည်။                                             

Most Read

Most Recent