ပြည်တွင်းစစ် ရပ်စဲရေးအတွက် အဓိက အခက်အခဲမှာ စစ်မရပ်စဲချင်သည့် စိတ်ဓာတ်များကြောင့်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်တွင်းစစ် ရပ်စဲရေးအတွက် အဓိက အခက်အခဲမှာ စစ်မရပ်စဲချင်သည့် စိတ်ဓာတ်များကြောင့်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 3 November 2016
မျိုးမင်းထက်

ပြည်တွင်းစစ် ရပ်စဲရေးအတွက် အဓိက အခက်အခဲမှာ စစ်မရပ်စဲချင်သည့် စိတ်ဓာတ်များကြောင့်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။
ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂ ရက်တွင် ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံခဲ့ပြီး မေးခွန်းမေးမြန်းခြင်း အစီအစဉ်တွင် "ပြည်တွင်းစစ် ရပ်စဲဖို့အတွက် အခက်အခဲတွေက ဘာဖြစ်သလဲ" ဆိုသည့် မေးခွန်းအား အထက်ပါကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
အဆိုပါ မေးခွန်းအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က "အဓိက အခက်အခဲက ဘာလဲဆိုရင် မရပ်စဲချင်တဲ့ စိတ်ဓာတ်ပဲ။ ရပ်စဲချင်ရင် ရပ်စဲလို့ရတာပဲ။ ဒါပေမဲ့လည်း အဲဒါတော့ မထင်ပါဘူး။ ဒုတိယက မရပ်စဲချင်တဲ့ အကြောင်းတွေကို ကျွန်မတို့က ရှာရတယ်။ ဘာဖြစ်လို့ မရပ်စဲချင်တာလဲ။ ဒီစစ်ကို ရပ်စဲခြင်းအားဖြင့် ဘယ်လိုအကျိုးယုတ်မယ်ထင်လို့ မရပ်စဲချင်တာလဲ ဆိုတာကို ကျွန်မတို့မေးရမယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်သူမှ ကိုယ့်အတွက် အကျိုးယုတ်မယ့်ကိစ္စကို လုပ်ချင်ကြမှာ မဟုတ်ပါဘူး။ တစ်ခုပဲ အကျိုးယုတ်မလား၊ အကျိုးရှိမလား ဆိုတာကို မှန်မှန်ကန်ကန် မသုံးသပ်နိုင်လို့လဲ ဖြစ်နိုင်တယ်။ နောက်တစ်ခုကလည်း အကြောင်းကြောင်းကြောင့် အကျိုးယုတ်စရာ ကိစ္စလေးတွေ ပါလာနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီတော့ ကျွန်မတို့ဟာ စစ်ရပ်စဲရေးအတွက် အကျိုးယုတ်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေ ပပျောက်အောင်လို့၊ ဆုတ်ယုတ်မှုတွေ ပပျောက်အောင်လို့ လုပ်ဖို့ရာ ကျွန်မတို့ ငြိမ်းချမ်းရေးဖြစ်စဉ်ရဲ့ အရေးအကြီးဆုံး အခက်ခဲဆုံး ဆောင်ရွက်ချက်တစ်ခု ဖြစ်ပါတယ်။ ဒါလည်း တစ်ချိန်လုံး ကြိုးစားနေရတာပဲ" ဟု ပြောကြားသည်။
ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို အောက်တိုဘာ ၂၈ ရက်တွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ ကျင်းပခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်း ပြောကြားရာတွင် "NCA မှာ လက်မှတ်မထိုးရသေးတဲ့သူတွေ ပါဝင်လာနိုင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ နည်းတွေကိုလည်း ရှာရပါလိမ့်မယ်။ လက်မှတ် မထိုးရသေးတဲ့ သူတွေကလည်း ပါဝင်လာဖို့ စိတ်အားထက်သန်လာဖို့ လိုပါတယ်။ ကျွန်မတို့အနေနဲ့ အားလုံးပါဝင်နိုင်ရေးကို ဦးတည်ပါတယ်။ အားလုံးပါဝင်နိုင်ရေးဟာ အားလုံးကို ကိုယ်စားပြုတဲ့ ပုဂ္ဂိုလ်များ ပါဝင်နိုင်ရေး ဆိုတာကို ဆိုလိုတာပါ။ တိုင်းရင်းသား လူမျိုးစုငယ်လေးတွေက စိုးရိမ်ပူပန်ကြပါတယ်။ သူတို့ကျန်ရစ်ခဲ့မှာလား။ နောက်ပြီးတော့ လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ဆက်သွယ်မှု မရှိတဲ့ တိုင်းရင်းသား လူမျိုးစုတွေကလည်း သူတို့ကျန်ရစ်ခဲ့မှာလားဆိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာပါတယ်။ အားလုံး ပါဝင်နိုင်အောင်လို့  စီစဉ်သွားမှာ ဖြစ်ပါတယ်။ အမျိုးသားအဆင့် ဆွေးနွေးပွဲတွေနဲ့ ပတ်သက်ပြီးတော့ စမ်းသပ်ကာလရောက်ပြီလို့ ထင်ပါတယ်" ဟု ထည့်သွင်းပြောကြားသည်။
အောက်တိုဘာ ၂၈ ရက်နှင့် ၂၉ ရက်တို့တွင် ကျင်းပခဲ့သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး၌ ဆုံးဖြတ်ချက် (၉) ချက် သဘောတူညီမှုရရှိခဲ့ပြီး အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် လုပ်ငန်းလမ်းညွှန်းချက်များ ဆွေးနွေးသဘောတူခဲ့ကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားထားသည်။
ရေရှည်တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေး တည်ဆောက်ရန်အတွက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အားလုံး ပါဝင်လာရေးသည် အလွန်အရေးကြီးကြောင်း ဒေါက်တာဆလိုင်းလျန်မုန်းက ဆိုသည်။                        

Most Read

Most Recent