အခွန်ဆောင်ခြင်းသည် ယဉ်ကျေးမှုတစ်ရပ် ဖြစ်သော်လည်း အချို့က အခွန်ရှောင်ခြင်း ဆိုသည်ကို မြန်မာ့ယဉ်ကျေးမှုဟု ထင်နေကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ပြောကြား

အခွန်ဆောင်ခြင်းသည် ယဉ်ကျေးမှုတစ်ရပ် ဖြစ်သော်လည်း အချို့က အခွန်ရှောင်ခြင်း ဆိုသည်ကို မြန်မာ့ယဉ်ကျေးမှုဟု ထင်နေကြကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဂျပန်ရောက် မြန်မာများနှင့် တွေ့ဆုံစဉ် ပြောကြား
Published 2 November 2016
မျိုးမင်းထက်

အခွန်ဆောင်ခြင်းသည် ယဉ်ကျေးမှုတစ်ရပ် ဖြစ်သော်လည်း အချို့က အခွန်ရှောင်ခြင်း ဆိုသည်ကို မြန်မာ့ယဉ်ကျေးမှုဟု ထင်နေကြကြောင်း ဂျပန်နိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်နေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်ရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံစဉ် ထည့်သွင်းပြောကြားသည်။နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၂ ရက်တွင် တိုကျိုမြို့ရှိ RIHGA ROYAL ဟိုတယ်၌ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား တစ်ထောင်ကျော်နှင့် တွေ့ဆုံရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြားခဲ့ခြင်း ဖြစ်သည်။ထိုသို့တွေ့ဆုံရာတွင် နိုင်ငံကူးလက်မှတ် အခက်အခဲ၊ အခွန်ဆောင်ရသည့် အခက်အခဲများကြောင့် မြန်မာနိုင်ငံသားများ ကိုယ့်နိုင်ငံ ကိုယ်မပြန်နိုင်ခြင်းနှင့် ပတ်သက်သော မေးခွန်းအပေါ် ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံကူးလက်မှတ်နှင့် ပတ်သက်သည့် အခက်အခဲ၊ အခွန်ဆောင်မှုနှင့် ပတ်သက်သည့် အခက်အခဲများကို အတတ်နိုင်ဆုံး အမြန်ဆုံး လုပ်နေကြောင်း၊ နိုင်ငံကူး လက်မှတ်များကို ပြန်ပြီး ပေးနိုင်မည့်သူများကို ပေးရန်အတွက် စီစဉ်နေကြောင်း ပြောကြားသည်။အခွန်ဆောင်ရမည့် ကိစ္စနှင့် ပတ်သက်သည့် အခက်အခဲများကို ဖြေရှင်းရန်အတွက် နည်းလမ်းရှာနေကြောင်း၊ နိုင်ငံ တစ်နိုင်ငံကို စနစ်တစ်ခု နောက်စနစ်တစ်ခုကို ပြောင်းသည့် အချိန်တွင် အခက်အခဲများစွာ တွေ့ရကြောင်း၊ အားလုံးအတွက် တရားမျှတမည့် မူတစ်ခုချပြီး လုပ်ဆောင်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“စောစောက ကျွန်မပြောသွားသလိုပါပဲ။ အခွန်ဆောင်ခြင်း ဆိုတာလည်း ယဉ်ကျေးမှု တစ်ရပ်ပဲ။ တချို့တွေကတော့ အခွန်ရှောင်ခြင်းဆိုတာ မြန်မာ့ယဉ်ကျေးမှုလို့ ထင်နေကြတယ်။ အဲဒါကျတော့ ဘာဖြစ်လို့ ဖြစ်လာလဲ ဆိုတော့။ ဘာဖြစ်လို့ အခွန်ဆောင်ရတာလဲ ဆိုတာကို သဘောမပေါက်လို့။ စောစောက ကျွန်မပြောသလိုပေါ့။ ဘာဖြစ်လို့ ဥပဒေဆိုတာ ရှိတာလဲ ဆိုတာကို သဘောမပေါက်လို့။ ဘာဖြစ်လို့ အခွန်တွေ ဆောင်ရတာလဲဆိုတာ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသား အများစုက သဘောမပေါက်ပါဘူး။ ဘယ်လို ထင်နေကြလဲ ဆိုတော့ စောစောကပြောသလို သံရုံးက စားဖို့၊ ဝါးဖို့လို့ ထင်နေကြတယ်။ ဒါတွေက တကယ်တော့ မဟုတ်ပါဘူး။ အခွန်တွေ ကောက်တယ်ဆိုတာ နိုင်ငံအကျိုးအတွက် သုံးစွဲဖို့ ဖြစ်ပါတယ်။ ကျွန်မတို့ အစိုးရကတော့ အခွန်ကောက်တာနဲ့ ပတ်သက်လို့ ဒီအခွန်တွေကို ဘယ်လိုသုံးတယ် ဆိုတာကို ပွင့်လင်းမြင်သာစွာနဲ့ ပြည်သူ၊ ပြည်သားတွေ သိနိုင်အောင် ကြိုးစားပြီး လုပ်နေပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။ဆက်လက်ပြီး ၎င်းက “အကောက်အခွန်နဲ့ ပတ်သက်လို့ အကောက်အခွန် ယဉ်ကျေးမှု ထူထောင်ဖို့ဆိုတာ နံပါတ်တစ်ကတော့ အခွန်ကောက်ရတယ်ဆိုတာ နိုင်ငံတစ်နိုင်ငံအတွက် လိုအပ်ချက်ပါ။ အခုလို အင်မတန်မှ ချမ်းသာတဲ့ ဂျပန်နိုင်ငံမှာလည်း အခွန်ကောက်ရတာပဲ။ မကောက်လို့ အစိုးရက ဘယ်ကပိုက်ဆံနဲ့ လည်မလဲ။ ကျွန်မတို့ဟာ နိုင်ငံအကျိုးအတွက် ပိုက်ဆံလိုလို့၊ ငွေလိုလို့ ဘဏ္ဍာတောင့်ဖို့ လိုလို့ အခွန်ကောက်ရတာ။ ဒါကို ပထမဆုံး ပြည်သူပြည်သားများ နားလည်ဖို့ လိုအပ်တယ်။ နောက်တစ်ခုကလည်း အခွန်တွေကို ဘယ်လိုပုံစံနဲ့ ထမ်းဆောင်ရမယ်၊ ဘယ်လောက် ထမ်းဆောင်ရမယ်၊ ဘယ်လို စည်းမျဉ်းစည်းကမ်းတွေ ရှိတယ် ဆိုတာလဲ အများသိအောင်လည်း ကြေညာရမယ်။ အများသိလွယ်အောင်လည်း လုပ်ပေးရမယ်။ တချို့ အခွန်အကောက် ဥပဒေတွေက ရှုပ်ထွေးပြီးတော့ ကိုယ့်ကိုယ် ဘယ်လောက်ပေးရမှန်းတောင် မသိတဲ့ အခြေအနေမျိုး ဖြစ်နေတယ်။ အဲဒီတော့ အဲဒါတွေကိုလည်း ကျွန်မတို့ ပြုပြင်ရမယ်။ နောက်ပြီးတော့ တကယ်ပဲ အခွန်အကောက် ဝင်ငွေတွေကို အများပြည်သူအတွက် သုံးပါတယ်။ နိုင်ငံအကျိုးအတွက် သုံးပါတယ် ဆိုတာကို ထင်သာမြင်သာဖြစ်အောင် လုပ်ပေးရမယ်။ အဲဒါတွေကို အင်မတန်မှ ကြိုးစားရမှာ ဖြစ်ပါတယ်” ဟု ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က အခွန်အကောက် အခက်အခဲကြောင့် နိုင်ငံကို မပြန်နိုင်သည့် ပုဂ္ဂိုလ်များ နိုင်ငံကို ပြန်နိုင်အောင် နည်းလမ်းများ ရှာနေကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများအား ပြောကြားသည်။အဆိုပါ တွေ့ဆုံပွဲတွင် မြန်မာနိုင်ငံ၌ အဘက်ဘက်မှ တိုးတက်ရန် လိုနေကြောင်း၊ စီးပွားရေး တိုးတက်ရန်အတွက် နှစ်ဆ၊ သုံးဆ ပိုပြီး အလုပ်လုပ်ရန် လိုကြောင်း၊ မိမိနိုင်ငံ ဆင်းရဲနေချိန်တွင် ကိုယ်တစ်ယောက်တည်း ချမ်းသာခြင်းဟာ ဘာမှ ဂုဏ်ယူစရာ မရှိကြောင်း၊ မိမိ၏ ချမ်းသာမှုကို အများအတွက် သုံးသင့်ကြောင်း ၎င်းက ဆိုသည်။ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ နိုင်ငံတိုးတက်ရင် အများကလည်း တိုးတက်မှုရဲ့ အကျိုးကို ခံစားရမှာပါပဲ။ တစ်ကမ္ဘာလုံးက လေးစားတဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံသူ၊ နိုင်ငံသား ဖြစ်တာနဲ့ အများမလေးစားတဲ့ နိုင်ငံတစ်ခုရဲ့ နိုင်ငံသူ၊ နိုင်ငံသား ဖြစ်ရတာ မတူဘူးဆိုတာ ပြည်ပရောက် မြန်မာနိုင်ငံသူ၊ နိုင်ငံသားများ သေသေချာချာ နားလည်လိမ့်မယ်လို့ ကျွန်မ ထင်ပါတယ်။ ဒါကြောင့် ကျွန်မတို့ နိုင်ငံကို အများလေးစားအောင်လို့ ဆိုတာ အထင်ကြီး ခံချင်လို့ မဟုတ်ဘူး။ လေးစားအပ်တဲ့ လက္ခဏာတွေ လေးစားအပ်တဲ့ လုပ်သင့်လုပ်ထိုက်တဲ့ အရည်အချင်းတွေ ကျွန်မတို့ ပိုင်ဆိုင်လို့ ဆိုတဲ့ သဘောနဲ့ အများလေးစားမှုကို ခံသင့်တာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။ငွေရေးကြေးရေးအရ နိုင်ငံတော်ကို ထောက်ပံ့လို့ ရကြောင်း၊ အစိုးရ အဖွဲ့အစည်းများကို ထောက်ပံ့သည့် ငွေများကိုလည်း အလဟဿ မဖြစ်စေရန်နှင့် ပွင့်လင်းမြင်သာစွာဖြင့် မည်သို့သုံးစွဲမည်ဟု အာမခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောကြားသည်။ထို့နောက် ပညာရေးကဏ္ဍနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “နောက်တစ်ခုကတော့ လူမှုရေးနဲ့ အရမ်း အရေးကြီးတာကတော့ ပညာရေးပေါ့။ ပညာရေးကတော့ ကျွန်မတို့ နိုင်ငံမှာ ဆိုလို့ရှိရင် ပညာတတ်တွေ အများကြီး လိုနေပါတယ်။ ပညာတတ်တွေဆိုတာ အခုခေတ် ပညာတတ်တွေ ကျွန်မတို့ လိုပါတယ်။ ဒါပေမဲ့ အခုခေတ် ပညာတတ်တွေဟာ ကျွန်မတို့နိုင်ငံရဲ့ ပကတိ အခြေအနေနဲ့ ဆက်နွှယ်နေတဲ့ ပညာမျိုးတွေကို နားလည်သင်ယူနိုင်ဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံအတွက် ပြန်ပြီးတော့ အကျိုးပြုမယ် ဆိုလို့ရှိရင် ကိုယ့်နိုင်ငံရဲ့ လိုအပ်ချက်တွေကို သဘောပေါက်ဖို့ လိုပါတယ်။ ပြီးတော့ ပညာသင်တဲ့ အခါမှာ ဘယ်လိုဘက်ကနေပြီးတော့ ကိုယ့်နိုင်ငံကို ပြန်ပြီးတော့ ပံ့ပိုးနိုင်မလဲ ဆိုတာကို စဉ်းစားစေချင်ပါတယ်။ တခြားနိုင်ငံတွေမှာ အခြေချနေတဲ့ ကျွန်မတို့ရဲ့ မြန်မာနိုင်ငံက ထွက်လာတဲ့ ပြည်သူ၊ ပြည်သားတွေဟာ ကျွန်မနိုင်ငံသူ၊ နိုင်ငံသားတွေလို့ မသုံးပါဘူး။ တချို့က တခြားနိုင်ငံသား ခံယူထားတာတွေလည်း ရှိပါတယ်။ အဲဒါကြောင့်လည်း စိတ်ညစ်စရာ မလိုပါဘူး။ အားငယ်စရာလည်း မလိုပါဘူး။ ဒါအကြောင်းကြောင်းကြောင့် ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ အမြဲပြောပါတယ်။ ကိုယ့်နိုင်ငံ တစ်နိုင်ငံရဲ့ နိုင်ငံသား ခံယူထားပြီ ဆိုရင် အဲဒီနိုင်ငံ အပေါ်မှာ သစ္စာရှိရမယ်။ ကျေးဇူးတရားရှိမယ်။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ကို အကာအကွယ်ပေးတဲ့နိုင်ငံ ကိုယ့်ကိုလာပြီးတော့ အခြေချခွင့်ပေးတဲ့နိုင်ငံ ဒါက တစ်ခု။ နောက်တစ်ခုကလည်း ကိုယ့်ရဲ့ အမိနိုင်ငံ အပေါ်မှာလည်း သံယောဇဉ် မပြတ်ရဘူး။ အမိနိုင်ငံရဲ့ ကျေးဇူးကိုလည်း ဆက်ပြီး သိရမယ်။ ဘယ်လိုပဲပြောပြော ကိုယ့်ကို မွေးထုတ်ပေးတဲ့နိုင်ငံ အမိနိုင်ငံပေါ်မှာ ဆက်ပြီးတော့ မေတ္တာထားရမယ်။ အဲဒီမေတ္တာနဲ့ ကျေးဇူးတရားအရ တတ်နိုင်တဲ့ဘက်က နေပြီးတော့ ကူညီပေးနိုင်မယ် ဆိုလို့ရှိရင် ဒါဟာ တာဝန်ကျေတယ်လို့ ယူဆရမယ်” ဟု မှာကြားသည်။မြန်မာနိုင်ငံ၏ ပညာရေးစနစ်မှာ အခြား နိုင်ငံများ၏ ပညာရေးနှင့် ကွာခြားနေသည်ကို သိရှိကြောင်း၊ ပြုပြင်ရန်အတွက် စီစဉ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားသည်။ထို့အတူ မြန်မာနိုင်ငံ၌ အသေးစား၊ အလတ်စား စီးပွားရေး လုပ်ငန်းများကို လက်ရှိတွင် အထူး အားပေးရန် လိုကြောင်း၊ နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများလည်း များစွာလိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။“စီးပွားရေးမှာတော့ ကျွန်မတို့ လိုအပ်တာက ရင်းနှီးမြှုပ်နှံမှုတွေ အများကြီး လိုအပ်ပါတယ်။ နောက်ပြီးတော့ ကျွမ်းကျင်တဲ့ စီးပွားရေးသမားတွေ လိုအပ်ပါတယ်။ ကျွမ်းကျင်တဲ့ စီးပွားရေးသမားများ ဆိုတာ ယခုလက်ရှိ အခြေအနေအရ အခွင့်အရေးတွေကို မှန်မှန်ကန်ကန် ထိထိရောက်ရောက် သုံးစွဲပြီးတော့ ကျွန်မတို့နိုင်ငံရဲ့ တိုးတက်မှုအတွက် ဝိုင်းဝန်း ပံ့ပိုးနိုင်တာကို ဆိုလိုတာပါ။ ကျွန်မတို့ နိုင်ငံဟာ အခုနောက်ကနေ လိုက်နေတာဆိုတော့ ကျွန်မတို့ဟာ အတွေးသစ် အခေါ်သစ်တွေနဲ့ အရှေ့ကိုရောက်အောင်လို့ ကြိုးစားရပါမယ်။ အခု ကျွန်မတို့ ၂၁ ရာစုနှစ်ထဲ ရောက်တာဆိုလို့ ရှိရင် နှစ် ၂၀ နီးပါး ရှိတော့မယ်နော်။ ၂၀၂၀ ဆိုရင် နှစ် ၂၀ ရှိသွားပြီ။ ဘာဆိုလိုတာလဲ ဆိုတော့ အခု အချို့အတွေးတွေက ၂၀ ရာစုနှစ် အတွေးတွေနဲ့ တွေးနေတယ်။ ကျွန်မ ခဏခဏ ပြောပါတယ်။ ၂၀ ရာစုနှစ်တုန်းက ဖွံ့ဖြိုး တိုးတက်ခဲ့တဲ့ ပုံစံနဲ့ အခု ဖွံ့ဖြိုးတိုးတက်တဲ့ ပုံစံနဲ့ မတူနိုင်ဘူး။ အရင် ၂၀ ရာစုနှစ် အတွေးတွေနဲ့ ကျွန်မတို့ သွားနေမယ်ဆိုရင် ၂၀ ရာစုနှစ်တုန်းက ကျွန်မတို့ အရင် စီးပွားရေး ပြိုင်ပွဲထဲမှာ ရှေ့ရောက်သွားတဲ့ သူတွေကို လိုက်မီဖို့ဆိုရင် အင်မတန်မှ ခက်ပါလိမ့်မယ်။ ဒါကြောင့် ကျွန်မတို့ဟာ ၂၁ ရာစု အတွေးတွေနဲ့ ရှေ့ရောက်အောင်ပြန်ပြီး တိုးရပါလိမ့်မယ်။ အခြားလူတွေ မယူထားသေးတဲ့ နေရာတွေ ကျွန်မတို့ ရှာရပါလိမ့်မယ်။ အဲဒါတွေ ဝိုင်းဝန်းပြီးတော့ ကြိုးစားပေးဖို့ အများကြီး လိုအပ်ပါလိမ့်မယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဂျပန်နိုင်ငံတွင် ၁၄ နှစ်ကြာ အလုပ်လုပ်ကိုင်နေသည့် ဦးမြင့်ဆွေက “အဓိကတော့ အန်တီစု ပြောသွားတာတော့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေ ပြည်တော်ပြန်ဖို့ရယ်။ နောက်တစ်ခုက အတတ်ပညာရှင်တွေ၊ အသိပညာရှင်တွေ နိုင်ငံ အကျိုးပြုရယ်။ အခွန်ကိစ္စတွေ ဘာတွေ နည်းနည်း ပြောတယ်” ဟု The Daily Eleven သတင်းစာကို ပြောကြားသည်။“ကျွန်တော်တို့လည်း အဝေးရောက်နေပေမယ့် နိုင်သလောက် လုပ်သွားဖို့ရယ်။ ပြည်တွင်းမှာရှိတဲ့ လူတွေကလည်း တိုင်းပြည် ထူထောင်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညာညာနဲ့ တရားဥပဒေ ဘာညာပေါ့ဗျာ။ အကုန်လုံး အချိန်တစ်ခုအထိ ကောင်းအောင်လို့ မျှော်လင့်ပါတယ်” ဟု ဦးမြင့်ဆွေက ဆက်လက်ပြောကြားသည်။

Most Read

Most Recent