အစိုးရနှင့် တပ်မတော် အနေဖြင့် စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဆောင်ရွက်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် စစ်ဖြစ်ပွားနေခြင်းအား ရပ်တန့်ရန် မဆောင်ရွက်နိုင်ခြင်းသည် အစိုးရအတွက် အားနည်းချက်တစ်ခု ဖြစ်နေဟု ဆို

အစိုးရနှင့် တပ်မတော် အနေဖြင့် စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဆောင်ရွက်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန် စစ်ဖြစ်ပွားနေခြင်းအား ရပ်တန့်ရန် မဆောင်ရွက်နိုင်ခြင်းသည် အစိုးရအတွက် အားနည်းချက်တစ်ခု ဖြစ်နေဟု ဆို
Published 30 October 2016
စိုးမင်းထိုက်

အစိုးရနှင့် တပ်မတော် အနေဖြင့် စစ်ပွဲများ အမြန်ဆုံး ရပ်ဆိုင်းရန် ဆောင်ရွက်သင့်ကြောင်းနှင့် ငြိမ်းချမ်းရေး ဆောင်ရွက်နေချိန်တွင် စစ်ပွဲဖြစ်ပွားနေခြင်းအား ရပ်တန့်ရန် မဆောင်ရွက်နိုင်ခြင်းသည် အစိုးရအတွက် အားနည်းချက်တစ်ခု ဖြစ်နေကြောင်း UPDJC အတွင်းရေးမှူး အဖွဲ့ဝင် ဒေါက်တာဆလိုင်းလျန်မုန်းက ပြောကြားသည်။အောက်တိုဘာ ၂၉ ရက်က ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ အစည်းအဝေး ပြီးဆုံးချိန်တွင် The Daily Eleven သတင်းစာအား ပြောကြားခဲ့ခြင်း ဖြစ်သည်။ဒေါက်တာဆလိုင်းလျန်မုန်းက “ငြိမ်းချမ်းရဖို့ ဆောင်ရွက်နေတဲ့ အချိန်မှာ အခက်အခဲတစ်ခုက တချို့က NCA လက်မှတ်ရေးထိုးတယ်။ တချို့က NCA ကို လက်မှတ် မရေးထိုးထားဘူး။ လက်မှတ်မထိုးသေးတဲ့ အဖွဲ့တွေနေရာမှာ တိုက်ပွဲတွေ ဖြစ်နေတာကို အစိုးရနဲ့ တပ်မတော်နဲ့က ချုပ်ငြိမ်းအောင် မလုပ်နိုင်သေးတာကိုတော့ စိတ်မကောင်း ဖြစ်မိပါတယ်။ အမှန်စင်စစ်က ငြိမ်းချမ်းကို လိုလားတယ်။ ပြည်တွင်းစစ်ကြီးကို ချုပ်ငြိမ်းစေချင်တယ်ဆိုရင် ဒီလိုတိုက်ပွဲတွေက လုံးဝမရှိသင့်တော့ဘူးလို့ မြင်ပါတယ်။ ဘာလို့လဲဆိုတော့ ပြီးခဲ့တဲ့ ၂၁ ရာစု ပင်လုံညီလာခံမှာ လက်မှတ်မရေးထိုးသေးတဲ့ အဖွဲ့တွေ အားလုံးလည်း တက်ခဲ့ကြတယ်။ သူတို့ဘက်ကလည်း လက်မှတ်ရေးထိုးဖို့ ကြိုးစားနေတဲ့အချိန်၊ ဆွေးနွေးနေတဲ့ အချိန်မှာ တိုက်ပွဲဖြစ်နေတာတော့ လုံးဝမကောင်းဘူးလို့ သုံးသပ်မိပါတယ်။ အစိုးရအနေနဲ့သော် လည်းကောင်း၊ တပ်မတော်အနေနဲ့သော် လည်းကောင်း၊ စစ်ပွဲကြီးကို အမြန်ဆုံး ရပ်ဆိုင်းပေးသင့်တယ်။ အမြန်ဆုံး ရပ်စဲနိုင်မှပဲ ရေရှည်လုပ်ရမယ့် ငြိမ်းချမ်းရေးကို ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။ အစိုးရအနေနဲ့ ဒီစစ်ပွဲကို ရပ်အောင် မလုပ်နိုင်သေးတာ အားနည်းချက် တစ်ခုလို့ မြင်ပါတယ်” ဟု ပြောကြားသည်။ဆက်လက်၍ “နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UPDJC ဥက္ကဋ္ဌ လုပ်ပြီး ဆောင်ရွက်နေတာဆိုတော့ ငြိမ်းချမ်းရေးကို အလေးအနက်ထားတယ်ဆိုတာ ပေါ်လွင်နေတာပေါ့။ အစည်းအဝေးတိုင်းကို သုံးသပ်ကြည့်ရင် သူတို့ဘက်က စိတ်ရှည်တယ်။ သည်းခံတယ်။ ငြိမ်းချမ်းရေးကို မရရအောင် ဘက်ပေါင်းစုံကနေ ကြိုးစားဆောင် ရွက်နေတာကို လေးစားပါတယ်။ အဲဒီအတွက် သူတို့ရဲ့ ဒီသက်တမ်း ကာလအတွင်းမှာပဲ ငြိမ်းချမ်းရေးရမယ်လို့ မျှော်လင့်မိတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။NLD အစိုးရ အနေဖြင့် ငြိမ်းချမ်းရေး ရရှိရန် ဆောင်ရွက်မည်ဟုဆိုကာ ရွေးကောက်ပွဲ ကာလကတည်းက ကြွေးကြော်ခဲ့ကြောင်း၊ ငြိမ်းချမ်းရေး ရရှိရန် ကြိုးစားဆောင်ရွက်နေသည်ကိုလည်း တွေ့ရကြောင်း ၎င်းက ပြောကြားသည်။“ငြိမ်းချမ်းရေးနဲ့ ဆက်နွှယ်နေတဲ့ UPDJC နဲ့ ဆက်စပ်ဆွေးနွေးပွဲတွေ ကျင်းပတာ အချိန်နည်းနည်းလေး ကြန့်ကြာမှုတော့ ရှိခဲ့တယ်။ သူတို့မှာလည်း ဆောင်ရွက်စရာ ကိစ္စတွေက အများကြီး ဖြစ်နေတယ်။ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကလည်း ကျွန်တော်တို့ မျှော်လင့်တာထက် နည်းနည်းနောက်ကျတယ်။ နောက်ကျနေသော်လည်း ပစ်ပယ်ထားတာ မဟုတ်တဲ့အတွက် ဝမ်းသာပါတယ်။ တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်တဲ့နေရာမှာ UPDJC လို့ ခေါ်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီကိုလည်း အလေးအနက်ထားပြီး ဆောင်ရွက်တယ်” ဟု ၎င်းက ဆိုသည်။

Most Read

Most Recent