မိုင်းလားဒေသသို့ ရောက်ရှိနေသည့် ‘ဝ’ တပ်ဖွဲ့များ ဆုတ်ခွာရေး နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆဲ ဖြစ်ကြောင်း ‘ဝ’ အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ပြောကြား

မိုင်းလားဒေသသို့ ရောက်ရှိနေသည့် ‘ဝ’ တပ်ဖွဲ့များ ဆုတ်ခွာရေး နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆဲ ဖြစ်ကြောင်း ‘ဝ’ အဖွဲ့၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ပြောကြား
Published 29 October 2016
ကျော်ဇင်ဝင်း

မိုင်းလားဒေသသို့ ရောက်ရှိနေသည့် “ဝ” တပ်ဖွဲ့များ ဆုတ်ခွာရေး နှစ်ဖက်ခေါင်းဆောင်များ ညှိနှိုင်းဆဲဖြစ်ကြောင်း “ဝ” သွေးစည်းညီညွတ်ရေးပါတီ၏ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက အောက်တိုဘာ ၂၉ ရက်တွင် ပြောကြားသည်။ရှမ်းပြည်နယ်၊ အထူးဒေသ-၄ အမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့ (NDAA) မိုင်းလားနယ်မြေအတွင်း စက်တင်ဘာ လကုန်ပိုင်းကတည်းက ရောက်ရှိနေသည့် “ဝ” သွေးစည်းညီညွတ်ရေး ပါတီ၏ UWSA တပ်ဖွဲ့များ အောက်တိုဘာ ၂၄ ရက်တွင် နောက်ဆုံးထား ပြန်လည်ဆုတ်ခွာရန် တပ်မတော်က အကြောင်းကြားထားသည့်ရက်မှာ ကျော်လွန်လာပြီ ဖြစ်သော်လည်း ဆုတ်ခွာခြင်း မရှိသေးဘဲ တပ်မတော်၊ “ဝ” အဖွဲ့နှင့် မိုင်းလားအဖွဲ့ သုံးပွင့်ဆိုင် စစ်ရေးတင်းမာနေသည့် အခြေအနေဖြစ်ပြီး အောက်တိုဘာ ၂၉ ရက်အထိ “ဝ” တပ်ဖွဲ့များ မိုင်းလားနယ်မြေထဲတွင် ရှိသေးကြောင်း ဦးညီရန်း၏ ပြောကြားချက်အရ သိရသည်။“ဟုတ်ပါတယ်။ ဒါကတော့ နှစ်ဖက်လူကြီးတွေ ညှိနှိုင်းနေတုန်းပါပဲ။ ဒါကလည်း ပြေလည်မယ်လို့ ယုံကြည်ပါတယ်” ဟု ဦးညီရန်းက ပြောကြားသည်။ထိုသို့ “ဝ” တပ်ဖွဲ့များ ပြန်လည်ဆုတ်ခွာရန် သတ်မှတ်ရက်ကျော်လွန်လာပြီးနောက် အောက်တိုဘာ ၂၇ ရက်က အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးက လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းကို ခေါ်ယူတွေ့ဆုံကာ မိုင်းလားဒေသ ကိစ္စအား နိုင်ငံရေး နည်းလမ်းဖြင့် ဖြေရှင်းရန် ပြောကြားသည်ဟု ဦးညီရန်းက ပြောကြားသည်။“အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကနေ ‘ဝ’ ဆက်ဆံရေးရုံးက ကျွန်တော်တို့ကို ခေါ်တွေ့တယ်ပေါ့နော်။ ဒါကဘယ်လို ပြောမလဲ။ နိုင်ငံရေးနဲ့ ဖြေရှင်းခိုင်းစေချင်တာပေါ့နော်။ ကျွန်တော်တို့ ဗဟိုဌာနချုပ်ရဲ့ ပြောခိုင်းလိုက်တာတော့ ဒါကတော့ ညီအစ်ကို အချင်းချင်းဖြစ်တဲ့ ကိစ္စ ဖြစ်လေ့ဖြစ်ထ။ ဖြစ်တတ်တဲ့ သဘောပေါ့။ ကျွန်တော်တို့ကနေပြီးမှ ဒီကိစ္စကို ကျွန်တော်တို့က ဒီကိစ္စပေါ် မူတည်ပြီးမှ တပ်မတော် အစိုးရကို ပါဝင်ပြီးမှ မပတ်သက်စေချင်ဘူး ပေါ့နော်။ ပြဿနာ ပိုပြီး ကြီးသွားမှာစိုးလို့။ ဒါကတော့ ကျွန်တော်တို့ ညီအစ်ကိုကဏ္ဍ ဖြစ်တဲ့ကိစ္စပေါ့နော်။ အရင်တုန်းကလည်း ကြီးကြီးမားမား မဆိုသည့်တိုင်အောင် သေးသေးဖွဲဖွဲ ဆိုတာလည်း ဖြစ်ခဲ့ဖူးတယ်။ ဒါတွေလည်း ကျွန်တော်တို့ ပြေပြေလည်လည်နဲ့ ရှင်းခဲ့ဖူးတဲ့ အနေအထား ရှိပါတယ်။ သူတို့ဘက် (တပ်မတော်)သဘောက ခုနက ကျွန်တော်ပြောသလိုမျိုးပါပဲ။ နိုင်ငံကို တည်ငြိမ်အေးချမ်းစေချင်တာပေါ့။ ဒီကိစ္စလည်း ဘယ်လိုပြောမလဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းစေချင်တာပေါ့။ ဒီလောက်ပဲ” ဟု ဦးညီရန်းက ပြောကြားသည်။ထို့ပြင် မိုင်းလားနယ်မြေအတွင်း “ဝ” တပ်ဖွဲ့များ ရောက်ရှိနေမှုအား ဖြေရှင်းနိုင်ရန်အတွက် “ဝ” အဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးပေါက်ယိုလျှံနှင့် မိုင်းလားအဖွဲ့၏ ကိုယ်စားလှယ်အဖြစ် ဦးခမ်းမောင်တို့သည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် လန်ချန်းခရိုင် စီးမောဝ့်မြို့တွင် တွေ့ဆုံပြီး တရုတ်အစိုးရ ကိုယ်စားလှယ်က ကြားဝင်ဆွေးနွေးပေးနေကြောင်း ရှမ်းပြည်နယ် သတင်းများ အစဉ်တစိုက် ဖော်ပြလျက်ရှိသည့် သျှမ်းသံတော်ဆင့် သတင်းဌာန၏ Facebook စာမျက်နှာတွင် အောက်တိုဘာ ၂၈ ရက်က သတင်းဖောြ်ပထားသည်။အဆိုပါ သတင်းနှင့် ပတ်သက်၍ ဦးညီရန်းက “ကျွန်တော်က ဒီကိစ္စကို အဝေးမှာ ရောက်တဲ့အခါကျတော့ ခရီးထွက်နေတယ်။ ခရီးထွက်နေတော့ ဒီသတင်းတွေကို အင်တာနက်ကနေ သိရတယ်။ ဒါကတော့ ပြောမယ်ဆိုရင် အတည်မပြုနိုင်ဘူးပေါ့ဗျာ။ ကျွန်တော်ကလည်း ပြောရေးဆိုခွင့်ရှိတဲ့သူ မဟုတ်တော့” ဟု ပြောကြားသည်။မြန်မာ-တရုတ်နယ်စပ် မိုင်းလားဒေသ၌ “ဝ” တပ်ဖွဲ့များ ဝင်ရောက်တပ်စွဲမှုကြောင့် တပ်မတော်နှင့် “ဝ” အဖွဲ့တို့ကြား စစ်ရေးတင်းမာနေချိန်တွင် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော် စစ်ဦးစီးချုပ် Gen. Fang Fenghui ၏ ဖိတ်ကြားချက်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တရုတ်နိုင်ငံသို့ အောက်တိုဘာ ၂၈ ရက်မှ စတင်ကာ သွားရောက်လျက်ရှိသည်။စစ်ရေးတင်းမာမှုများကြောင့် ကျိုင်းတုံနှင့် မိုင်းလားအကြားရှိ တာပင်းဂိတ် အပါအဝင် ဆက်သွယ်ရေးလမ်းကြောင်းအရ အရေးပါသည့် ဂိတ်များအား တပ်မတော်ဘက်က ယာယီပိတ်ထားပြီး မိုင်းလားဒေသနှင့် မိုင်းယန်းဒေသရှိ ဒေသအခံအချို့ ကျိုင်းတုံသို့ ခေတ္တတိမ်းရှောင်မှုများရှိကြောင်း သတင်းဖော်ပြမှုများအရ သိရပြီး မိုင်းလားဒေသခံများ အနေဖြင့် ယခုဖြစ်စဉ်နှင့် ပတ်သက်၍ စိုးရိမ်ခြင်း မရှိကြရန် ဦးညီရန်းက ပြောကြားသည်။“ဒါကတော့ ကျွန်တော်တို့ “ဝ” တပ်တွေ အနေနဲ့ မိုင်းလားမှာ အခုမှနေတာ မဟုတ်ပါဘူး။ မိုင်းလား အရေးအခင်း ကတည်းက “ဝ” အဖွဲ့ကနေပြီးမှ နှစ်ဖက်ခေါင်းဆောင် သဘောတူညီချက်အရ ကျွန်တော်တို့ “ဝ” တပ်တွေက မိုင်းလားဒေသမှာ ထိုင်ရခြင်း ဖြစ်တယ်ပေါ့နော်။ မိုင်းလားဒေသမှာရှိတဲ့ ပြည်သူလူထုတွေ အားလုံး သိပြီးသားလည်း ဖြစ်တယ်။ ကျွန်တော်တို့ တပ်နှစ်တပ် အနေနဲ့ ဘယ်လိုပြောမလဲ ညီအစ်ကိုတပ် ဖြစ်တယ်။ စည်းလုံးမှု အားကောင်းတဲ့ အစဉ်အလာ ရှိတယ်ဆိုတာ ပြည်သူလူထုတွေ သိပါတယ်။ ဒီကိစ္စက အကောင်းဆုံး ပြေလည်သွားမှာပါ။ ပြည်သူလူထုအနေနဲ့ စိုးရိမ်ခြင်း မရှိကြဖို့ ပြောလိုပါတယ်” ဟု ဦးညီရန်းက ပြောကြားသည်။တပ်မတော်က မိုင်းလားနယ်မြေအတွင်း ရောက်ရှိသည့် “ဝ” တပ်ဖွဲ့များ အောက်တိုဘာ ၂၄ ရက်နောက်ဆုံးထား ပြန်လည်ဆုတ်ခွာရန် အကြောင်းကြားမှု ဖြစ်ပေါ်ပြီးနောက် အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်သို့ “ဝ” အဖွဲ့မှ ပြန်လည်ပေးပို့ထားသည့် အကြောင်းကြားစာတစ်စောင် ထွက်ပေါ်ခဲ့သေးသည်။“ဝ” အဖွဲ့ဥက္ကဋ္ဌ ဦးပေါက်ယူချမ်း၏ ငြိမ်းချမ်းရေး ကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းထံ အကြောင်းပြန်ကြားစာမှာ အောက်တိုဘာ ၂၁ ရက် နေ့စွဲဖြင့် အကြောင်းပြန်ကြားထားခြင်း ဖြစ်သည်။အဆိုပါ အကြောင်းကြားစာတွင် မည်သည့်စစ်မက်ဖြစ်ပွားခြင်းကိုမျှ ဦးစွာ အလွယ်တကူ စတင်မည် မဟုတ်ကြောင်း၊ “ဝ” ပြည်နယ်နှင့် ညီနောင်အဖွဲ့အစည်းဖြစ်သည့် အထူးဒေသ(၄)နှင့် ပတ်သက်၍ တပ်ဖွဲ့ ခရီးကြမ်းချီတက်လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုအား ပြဿနာကြီးထွားအောင် မချဲ့ထွင်ရန် ကျွနု်ပ်မှ အောက် ခြေတပ်ဖွဲ့များကို ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ နှစ်ဖက်အောက်ခြေတပ်ဖွဲ့၏ ကွပ်ကဲရေးခေါင်းဆောင်များ ထိရောက်စွာ တွေ့ဆုံဆွေးနွေး ညှိနှိုင်းခဲ့ပြီး ယခုအခါ အခြေအနေကို ကောင်းမွန်စွာ ထိန်းသိမ်းနိုင်ခဲ့ကြောင်း အကြောင်းကြားစာတွင် ဖော်ပြထားသည်။ထို့အတူ “ဝ” ပြည်နယ်နှင့် အထူးဒေသ (၄)တို့ကြား နှစ်ကာလ ရှည်ကြာသော ညီနောင်ဆက်ဆံရေး ရှိထားခဲ့ပြီးဖြစ်ကြောင်း၊ “ဝ” ပြည်နယ် အနေဖြင့် ငြိမ်းချမ်းစွာတွေ့ဆုံဆွေးနွေး ညှိနှိုင်းသော နည်းလမ်းဖြင့် ယခုတစ်ကြိမ် တပ်ဖွဲ့များ ခရီးကြမ်းချီတက်လေ့ကျင့်ရေးကြောင့် ဖြစ်ပေါ်လာသော အထင်လွဲမှားမှုကို အထူးဒေသ(၄)နှင့်အတူ ပြေလည်စွာ ဖြေရှင်းသွားမည်ဖြစ်ကြောင်း၊ “ဝ” ပြည်နယ် အနေဖြင့် ပြည်ထောင်စု အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာန ငြိမ်းချမ်းရေး ကော်မရှင်နှင့် လက်တွဲ၍ နောက်ဆုံးသော (အဆင့်သုံးဆင့် ငြိမ်းချမ်းရေး စာချုပ်)အရ နိုင်ငံရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းများကို ဆောလျင်စွာ ဖော်ဆောင်ရန် မျှော်လင့်ကြောင်း အကြောင်းကြားစာ၌ ပါရှိသည်။

Most Read

Most Recent