စီးပွားရေးလုပ်ရ လွယ်ကူသည့် နိုင်ငံ ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိနေကြောင်း Doing Business အစီရင်ခံစာတွင် ဖော်ပြ

စီးပွားရေးလုပ်ရ လွယ်ကူသည့် နိုင်ငံ ၁၉၀ အနက် မြန်မာနိုင်ငံသည် အဆင့် ၁၇၀ တွင် ရှိနေကြောင်း Doing Business အစီရင်ခံစာတွင် ဖော်ပြ
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေသည့် သီလဝါ အထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
နိုင်ငံတကာ ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားနေသည့် သီလဝါ အထူးစီးပွားရေးဇုန် တစ်နေရာကို တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်)
Published 26 October 2016
နီလာ

မြန်မာနိုင်ငံသည် စီးပွားရေးလုပ်ရ လွယ်ကူသည့် နိုင်ငံပေါင်း ၁၉၀ တွင် ယခင်နှစ်က အဆင့် ၁၇၁ ရှိခဲ့ပြီး ယခုနှစ်တွင် ယခင်နှစ်ကထက် အဆင့်တစ်ဆင့်သာ မြင့်တက်ခဲ့ရာ အဆင့် ၁၇၀ တွင် ရှိနေကြောင်း Doing Business အစီရင်ခံစာတွင် ဖော်ပြထားကြောင်း ကမ္ဘာ့ဘဏ်၏ အောက်တိုဘာ ၂၆ ရက်စွဲဖြင့် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။မြန်မာနိုင်ငံသည် လွန်ခဲ့သော နှစ်နှစ်အတွင်း ရှေ့တန်းသို့ ရောက်ရှိရန် အကွာအဝေးအမှတ် ၄၄ ဒသမ ၀၁ မှ ၄၄ ဒသမ ၅၆ သို့ တိုးတက်ခဲ့ပြီး ထိပ်တန်းနိုင်ငံများနှင့် နှိုင်းယှဉ်လျှင် ကောင်းမွန်သော အလေ့အထများ အပိုင်းတွင် ကွာဟချက် ရှိနေသည်ကို လျှော့ချနိုင်ခဲ့ကြောင်း သိရသည်။မြန်မာနိုင်ငံသည် ကုမ္ပဏီမှတ်ပုံတင် စရိတ်လျှော့ချခြင်းဖြင့် စီးပွားရေးလုပ်ငန်း တစ်ခု စတင်ရာ၌ ပိုမိုလွယ်ကူလာခဲ့ကြောင်း၊ ထို့ပြင် ကုမ္ပဏီတစ်ခုကို တရားဝင် မှတ်ပုံတင်ရာ၌ လိုအပ်သည့် ထောက်ခံစာနှင့် ပြစ်မှုမှတ်တမ်း ကင်းရှင်းကြောင်း သက်သေခံလက်မှတ် တင်ပြရသည့် သတ်မှတ်ချက်တို့ကို ဖယ်ရှားခြင်းဖြင့် လုပ်ငန်းစဉ်ကို ပိုမို ရိုးရှင်းအောင် ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံသည် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာနတစ်ခု တည်ထောင်ခွင့်ပြုသည့် ဥပဒေတစ်ခု ပြဋ္ဌာန်းခြင်းဖြင့်လည်း ကြွေးမြီဆိုင်ရာ သတင်းအချက်အလက် စနစ်များ တိုးတက်စေခဲ့ကြောင်း ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။“မြန်မာနိုင်ငံဟာ အင်အားကောင်းကောင်းနဲ့ တိုးတက်နေတဲ့နှုန်းကို ထိန်းသိမ်းဖို့အတွက် အကူအညီ ဖြစ်စေတဲ့ စီးပွားရေး ရပ်ဝန်းတစ်ခု ဖန်တီးရာမှာ မှန်မှန်လေး တိုးတက်နေပါတယ်” ဟု ကမ္ဘာ့ဘဏ် မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် အဗ္ဗဒူလာရေဆက်က ဆိုသည်။“စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေကို ဆက်လက်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံရဲ့ ပုဂ္ဂလိက ကဏ္ဍကို ရှင်သန်တက်ကြွနေစေပြီး မြန်မာပြည်သူတွေအတွက် အလုပ်အကိုင်တွေ ပိုမိုရလာကာ ဝင်ငွေလည်း ပိုမိုကောင်းလာစေပါလိမ့်မယ်” ဟု ၎င်းက ဆက်လက် ပြောကြားသည်။မြန်မာနိုင်ငံသည် ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးလုပ်ငန်း မှတ်ပုံတင်ခြင်းနှင့် ကြွေးမြီဆိုင်ရာ အချက်အလက် ဗဟိုဌာန (Credit Bureau) တည်ထောင်ခွင့်ပြုသည့် ဥပဒေပြဋ္ဌာန်းနိုင်ခြင်းတို့ အပါအဝင် ပြုပြင်ပြောင်းလဲမှုများဖြင့် နိုင်ငံ၏ စီးပွားရေးလုပ်ငန်း ကြီးကြပ်ကွပ်ကဲမှုကို တိုးတက်စေခဲ့သည်ဟု ကမ္ဘာ့ဘဏ် အုပ်စု၏ နှစ်စဉ် ‘Doing Business’ အစီရင်ခံစာအရ သိရသည်။အရှေ့အာရှနှင့် ပစိဖိတ်ဒေသ၏ သုံးပုံ နှစ်ပုံကျော်သော နိုင်ငံ ၂၅ ခုသည် ယမန်နှစ်အတွင်း စီးပွားရေးလုပ်ရာတွင် ပိုမိုလွယ်ကူစေမည့် ပြုပြင်ပြောင်းလဲမှု ၄၅ ခု ပြုလုပ်ခဲ့ပြီး ထို့အရင် တစ်နှစ်က ၂၈ ခုသာ ပြုလုပ်ခဲ့သည်ဟု Doing Business 2017:Equal Opportunity for All စာတမ်းတွင် ဖော်ပြထားသည်။စီးပွားရေးလုပ်ငန်း ဆောင်ရွက်ခြင်း အဆင့်သတ်မှတ်ရာတွင် အရှေ့အာရှနှင့် ပစိဖိတ်ဒေသမှ လေးနိုင်ငံသည် ကမ္ဘာ့အဆင့် ၁၀ နိုင်ငံ စာရင်းတွင် ပါဝင်ကြောင်း၊ ထိပ်တန်း လေးနိုင်ငံမှာ နယူးဇီလန် (အဆင့်-၁)၊ စင်ကာပူ (အဆင့်-၂)၊ ဟောင်ကောင် အထူးအုပ်ချုပ်ရေးဒေသ၊ တရုတ် (အဆင့်-၄) နှင့် တောင်ကိုရီးယား (အဆင့်-၅) တို့ဖြစ်ကြောင်း သိရသည်။