အမေရိကန်သို့ မြန်မာ့ပတ္တမြား တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကျောက်မျက်အချောထည်အဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မည်

အမေရိကန်သို့ မြန်မာ့ပတ္တမြား တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကျောက်မျက်အချောထည်အဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေး အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်မည်
Published 26 October 2016
စည်သူအောင်

စီးပွားရေး ပိတ်ဆို့ အရေးယူမှု ဖြေလျှော့ပြီးနောက်ပိုင်း အမေရိကန်သို့ မြန်မာ့ပတ္တမြား တင်ပို့ရာတွင် ကုန်ကြမ်းအတိုင်း ရောင်းချခြင်းထက် ကျောက်မျက်အချောထည် ပစ္စည်းအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချနိုင်ရေးအတွက် အမေရိကန်-မြန်မာ ပူးပေါင်းဆောင်ရွက်နေကြောင်း သိရသည်။သယံဇာတနှင့် သဘာပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် အောက်တိုဘာ ၂၅ ရက်က မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marciel အား နေပြည်တော်တွင် တွေ့ဆုံခဲ့ပြီး အမေရိကန်သို့ ပတ္တမြားတင်ပို့ ရောင်းချမှု အပါအဝင် ဝန်ကြီးဌာနနှင့် သက်ဆိုင်သည့် ကိစ္စများကို ဆွေးနွေးခဲ့ခြင်းဖြစ်သည်။ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် မြန်မာ့ပတ္တမြားအား ကုန်ကြမ်းအသွင်ဖြင့် ရောင်းချခြင်းထက် ဆင့်တက်ပြုပြင်၍ ကုန်ချောအဖြစ် ရောင်းချနိုင်ရန် နည်းပညာ အကူအညီ၊ ဈေးကွက် ပံ့ပိုးပေးနိုင်မှုများ၊ အသေးစား ကျောက်မျက်လုပ်ငန်းများနှင့် အမေရိကန် ကျောက်မျက်အသင်းတို့ ပူးပေါင်း၍ ဈေးကွက်ဝင် ကျောက်မျက်အချောထည် ပစ္စည်းအဖြစ် ထုတ်လုပ်တင်ပို့ ရောင်းချရန် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စ၊ ကျောက်စိမ်းတူးဖော် ထုတ်လုပ်မှုနှင့် ပတ်သက်၍ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းများနှင့် လူမှုအဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းရှင်များ၊ သတ္တုဆိုင်ရာ အသင်းအဖွဲ့များ၊ အစိုးရ ဌာနများ အကြား ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စတို့ကို ညှိနှိုင်းခဲ့ခြင်းဖြစ်သည်။မြန်မာနိုင်ငံမှ ပတ္တမြား အပါအဝင် ကျောက်မျက်များကို တိုက်ရိုက် ကုန်သွယ်နိုင်ရန်အတွက် အမေရိကန် ကျောက်မျက်ကုန်သည်ကြီးများအသင်း (AGTA) မှ ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံသို့ အောက်တိုဘာ လဆန်းပိုင်းကလာ ရောက်ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သိရသည်။AGTA ဥက္ကဋ္ဌ Jeffrey Bilgore က “ကျွန်တော်တို့ မြန်မာနိုင်ငံကိုလာတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာ့ ကျောက်မျက်ရတနာ ကဏ္ဍဟာ ကမ္ဘာ့ဘယ်နိုင်ငံနဲ့မဆို တန်ဖိုးချင်း ယှဉ်နိုင်တယ်ဆိုတဲ့ အကြောင်းနဲ့ ကုန်စည်ကူးသန်းမှုကပဲ ဖွံ့ဖြိုးလာဖို့ အထောက်အကူပြုမှာ ဖြစ်ပြီးတော့ ဒီမိုကရေစီကိုလည်း ပိုမိုရင့်သန်လာစေမှာ ဖြစ်တယ်ဆိုတာကို ကမ္ဘာကို ပြသဖို့ပါပဲ” ဟု လာရောက်စဉ်က ပြောကြားသည်။ယခင်အစိုးရ လက်ထက်က ကျောက်မျက်အရိုင်းတုံးများ တူးဖော်ရောင်းချခြင်းကိုသာ ဦးစားပေးခဲ့ပြီး မြန်မာ့ကျောက်မျက်ရတနာဈေးကွက် နိုင်ငံတကာနှင့် ယှဉ်ပြိုင်လာနိုင်ရန်အတွက် တန်ဖိုးမြင့် ကျောက်မျက်ရတနာ လုပ်ငန်းကို အလေးထား ပံ့ပိုးကူညီရမည်ဖြစ်ကြောင်း မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းရှင် ဒေါက်တာအောင်ကျော်ဝင်းက AGTA မှ ကိုယ်စားလှယ်များနှင့် တွေ့ဆုံပွဲတွင် ပြောကြားသည်။၎င်းက မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်း ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရ အနေဖြင့် သွင်းကုန်-ပို့ကုန်ဆိုင်ရာ လုပ်ငန်းစဉ်များ လက်တွေ့နှင့် လိုက်ဖက်ညီ တိကျစေရန်၊ တရားမဝင် ကုန်သွယ်ရေးကို အားပေးသကဲ့သို့ ဖြစ်နေသည့် သွင်းကုန်-ပို့ကုန်ဆိုင်ရာ အခွန်စည်းကြပ်မှုများကို ပြန်လည်သုံးသပ်ရန်၊ ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးစေရန်အတွက် ကြပ်မတ်ညှိနှိုင်းပေးမည့် လွတ်လပ်သော အဖွဲ့အစည်းတစ်ရပ် ဖွဲ့စည်းသတ်မှတ်ပေးစေလိုကြောင်း တိုက်တွန်းထားသည်။မြန်မာနိုင်ငံမှ ပတ္တမြားနှင့် ကျောက်စိမ်းသည် ကမ္ဘာ့ဈေးကွက်တွင် နာမည်ကျော်ကြားပြီး ပြည်ပသို့ တင်ပို့ရာတွင် သဘာဝတွင်းထွက် အရိုင်းတုံးကိုသာ ရောင်းချရာမှ တန်ဖိုးမြှင့် ထုတ်ကုန်အချောထည်ကို ပိုမိုတင်ပို့ ရောင်းချနိုင်ရန် စိန်ခေါ်မှုများ ရှိနေခြင်း ဖြစ်သည်။