အာရှလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးချဲ့ထွင်လိုမှု အမြင့်ဆုံးဒေသတွင်း ၁၄ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် (၁၁) တွင်သာ ရှိနေကြောင်း အစီရင်ခံစာ တစ်စောင်၌ ဖော်ပြ

အာရှလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးချဲ့ထွင်လိုမှု အမြင့်ဆုံးဒေသတွင်း ၁၄ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် (၁၁) တွင်သာ ရှိနေကြောင်း အစီရင်ခံစာ တစ်စောင်၌ ဖော်ပြ
Published 25 October 2016
စည်သူအောင်

အာရှလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေးချဲ့ထွင်လိုမှု အမြင့်ဆုံးဒေသတွင်း ၁၄ နိုင်ငံအနက် မြန်မာနိုင်ငံက အဆင့် (၁၁) တွင်သာ ရှိနေကြောင်း စင်ကာပူအခြေစိုက် UOB (United Overseas Bank) မှ ထုတ်ဝေသော Asian Enterprise Report 2016 အစီရင်ခံစာတွင် ဖော်ပြထားသည်။
အစီရင်ခံစာကို တရုတ်၊ ဟောင်ကောင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်းနိုင်ငံတို့မှ လုပ်ငန်းပေါင်း ၂၅၀၀ ကို မေးမြန်း၍ ပြုစုသုံးသပ် ထားခြင်းဖြစ်သည်။
အဆိုပါ အစီရင်ခံစာတွင် ပါဝင်သော နိုင်ငံပေါင်း ၁၄ နိုင်ငံအနက် အာဆီယံနိုင်ငံ ရှစ်နိုင်ငံပါဝင်ပြီး ယင်းရှစ်နိုင်ငံအနက် မြန်မာက ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယား အထက်တွင်သာ ရပ်တည်နိုင်ခဲ့သည်။ အာရှလုပ်ငန်းများအကြား စီးပွားရေးချဲ့ထွင်ရန် ရေပန်းအစားဆုံး နိုင်ငံများမှာ စင်ကာပူ၊ ဂျပန်၊ ဗီယက်နမ်၊ ထိုင်း၊ တောင်ကိုရီးယား၊ မလေးရှား၊ ထိုင်ဝမ်၊ ဟောင်ကောင်၊ တရုတ်၊ အင်ဒိုနီးရှား၊ မြန်မာ၊ အိန္ဒိယ၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်နိုင်ငံတို့ ဖြစ်သည်။
ယင်းအစီရင်ခံစာတွင် ထိပ်တန်းသို့ ရောက်ရှိနေသော နိုင်ငံများသည် နိုင်ငံရေးနှင့် စီးပွားရေး ပတ်ဝန်းကျင် တည်ငြိမ်တိုးတက်မှု၊ ငွေကြေးဖောင်းပွမှုနှုန်း နည်းပါးမှု၊ ဘဏ္ဍာရေးမူဝါဒ ကောင်းမွန်မှု၊ ဈေးကွက်ဝယ်လိုအား ကြီးမားမှု၊ လုပ်ကိုင်နိုင်စွမ်း ကောင်းမွန်သော ငယ်ရွယ်သော လုပ်သားများရှိကြောင်း၊  ခြစားမှု၊ ကြိုးနီစနစ် နည်းပါးပြီး မဟာဗျူဟာနှင့် မူဝါဒပိုင်း ကောင်းမွန်မှုကဲ့သို့ သာလွန်မှုများရှိကြောင်း သိရသည်။
အာရှလုပ်ငန်းများ ဒေသတွင်းနိုင်ငံများထံ လုပ်ငန်းချဲ့ထွင်လိုသော အကြောင်းရင်းများတွင် ရောင်းအားမြှင့်တင်ရန်၊ လုပ်ငန်း၏ ယှဉ်ပြိုင်နိုင်စွမ်းတိုးမြှင့်ရန်၊ အကန့်အသတ်ဖြစ်နေသော ပြည်တွင်းဈေးကွက်ထွက် သာလွန်သော ဈေးကွက်ရရှိရန်၊ ကုန်ကျစရိတ် လျှော့ချရန်၊ နိုင်ငံတွင်းရှိနေသော ကြိုးနီစနစ်ကို ကျော်လွှားရန်တို့ ပါဝင်နေကြောင်း သိရသည်။
ထို့ပြင် အာရှလုပ်ငန်းများ ပြည်ပ၌ လုပ်ငန်းဆောင်ရွက်ရန်အတွက် ထည့်သွင်းစဉ်းစားရာတွင် နိုင်ငံရေးနှင့် စီးပွားရေး အနေအထား တည်ငြိမ်မှု၊ ကြီးမားပြီး တိုးတက်မှုရှိသော ဝယ်လိုအား အခြေအနေ၊ အခွန်အကောက်နှုန်းထား၊ ကောင်းမွန်သော စီးပွားရေး အဆက်အသွယ်ရှိမှု၊ သက်ဆိုင်ရာ အစိုးရမှ ပေးအပ်သော စီးပွားရေးမက်လုံး၊ ကုန်သွယ်/စက်မှုအသင်းများ၏ ထောက်ခံအားပေးမှု၊ ဈေးကွက်ချင်း နီးစပ်မှုရှိခြင်းတို့ ပါဝင်ကြောင်း Asian Enterprise Report 2016 အစီရင်ခံစာတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံမှ လုပ်ငန်းများ အပါအဝင် အာရှလုပ်ငန်းများအတွက် ၂၀၁၆ ခုနှစ် အတွက် စိန်ခေါ်မှုရှိသော အကြောင်းအရာများမှာ ကုန်ကျစရိတ် မြင့်တက်လာခြင်း၊ ယှဉ်ပြိုင်မှုမြင့်မားခြင်း၊ ဝယ်လိုအားကျဆင်းခြင်း၊ ငွေလဲနှုန်း မတည်ငြိမ်ခြင်း၊ အတိုးနှုန်းမြင့်တက်ခြင်း၊ နိုင်ငံရေး မတည်မငြိမ် ဖြစ်ပေါ်ခြင်း၊ စက်သုံးဆီနှင့် အခြားအခြေခံ ကုန်စည်ဈေးနှုန်းများ မတည်ငြိမ်ခြင်း၊ ကျွမ်းကျင်လုပ်သား ရှားပါးခြင်းတို့ဖြစ်ကြောင်း Asian Enterprise Report 2016 အစီရင်ခံစာတွင် သုံးသပ်ထားသည်။