အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး

အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်တွင် တွေ့ဆုံဆွေးနွေး
Published 16 October 2016
နေရိုင်း၊ ကျော်မျိုး

အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင်နှင့် UNFC ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ နေပြည်တော်ရှိ သင်္ဂဟဟိုတယ်တွင် အောက်တိုဘာ ၁၅ ရက်က တွေ့ဆုံဆွေးနွေးခဲ့သည်။
ဦးလှမောင်ရွှေက “DPN က အဆိုပြုထားတဲ့ ရှစ်ချက်စလုံးကို အပြန်အလှန် ဆွေးနွေးပါတယ်။ အချက် ရှစ်ချက်မှာ အချက်လေးချက်ကတော့ နောက်တစ်ကြိမ် ဆွေးနွေးစရာ မလိုလောက်အောင် အပြန်အလှန် ညှိနှိုင်းဆွေးနွေး နိုင်တဲ့အတွက် တစ်ဝက်ကတော့ ပြီးသွားပြီ။ နောက်တစ်ကြိမ် ဆွေးနွေးပွဲမှာကတော့ တချို့ကိစ္စရပ်တွေကို သူတို့ရှင်းလင်းသွားအောင်လို့ ကျွန်တော်တို့ ဆောင်ရွက်ပေးဖို့ဟာ တချို့ရှိပါတယ်။ ဒီကြားထဲမှာ JMC Code of Conduct လိုမျိုးကို အလုပ်အဖွဲ့တွေက ရှင်းပြပြီးတော့ နောက်တစ်ကြိမ် နိုဝင်ဘာလဆန်းမှာ ဆွေးနွေးဖို့ ပြင်နေပါတယ်။ ဒီနေ့ဆွေးနွေးပွဲက နှစ်ဖက်စလုံး အားရကျေနပ်တဲ့ အနေအထား ရှိပါတယ်” ဟု ပြောကြားသည်။
ဆွေးနွေးရန် ကျန်ရှိသည့် လေးချက်တွင် အချက်အချို့အား ညှိနှိုင်းနိုင်ပါက လာမည့်နိုဝင်ဘာတွင် ပြုလုပ်မည့် အစည်းအဝေး၌ ပြီးပြတ်နိုင်ကြောင်း၊ ရန်ကုန်မြို့ NRPC ရုံးတွင် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် ပြုလုပ်မည့် မူဘောင်ပြန်လည် သုံးသပ်ခြင်း အခမ်းအနားသို့လည်း DPN က တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က တင်ပြထားသည့် အဓိက ရှစ်ချက်တွင် လေးချက်အား ဆုံးဖြတ်ချက် သဘောမျိုး ချထားနိုင်ခဲ့ပြီး တွေ့ဆုံပွဲသည် အပြုသဘောဆောင်သည့် ဖြစ်ပေါ်တိုးတက်မှုရှိကြောင်း ပြောကြားသည်။
“တစ်ချက်ကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေးမှာ ဆက်လက်ပြီးတော့ ညှိနှိုင်းအဖြေရှာမယ်ဆိုတဲ့ ဆုံးဖြတ်ချက်သဘောပါတဲ့ အကြောင်းအရာတွေ ပါပါတယ်။ အထူးသဖြင့် နိုင်ငံရေး အဖြေရှာမှုနဲ့ ပတ်သက်တဲ့ အကြောင်းအရာပါ။ နောက်တစ်ခုက စစ်ရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ လာမယ့်နိုဝင်ဘာလမှာ ညှိနှိုင်းဆောင်ရွက်ဖို့ အစီအစဉ် ရှိပါတယ်။ စစ်ရေးအပိုင်း ဥပမာဆိုပါတော့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ပြီးတဲ့နောက်မှာ တပ်နေရာ သတ်မှတ်ရေးနဲ့ ပတ်သက်တာမျိုးတွေရယ် တပ်စည်းမျဉ်းစည်းကမ်း၊ နယ်မြေသတ်မှတ်တာ။ လှုပ်ရှားမှုနဲ့ ပတ်သက်တာ နောက်ပြီးတော့ စောင့်ကြည့်လေ့လာတဲ့ ကိစ္စတွေနဲ့ ပတ်သက်တာတွေပါ” ဟု နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ခူဦးရယ်က ပြောကြားသည်။
အဓိက အချက်များအဖြစ် အချို့အချက်များမှာမူ လာမည့်ညီလာခံများတွင် ဆက်လက် ညှိနှိုင်းရမည့်ကိစ္စများ၊ အချို့မှာ စီမံကိန်းဆိုင်ရာ ကိစ္စရပ်များ (EITI) ဆိုင်ရာများ ပွင့်လင်းမြင်သာမှု ရှိရန်ဖြစ်ကြောင်း၊ နိုင်ငံတကာမှ လူသားချင်းဆိုင်ရာ ပံ့ပိုးမှုနှင့် ပတ်သက်သည့် အကူအညီများကို အစိုးရနှင့် သက်ဆိုင်ရာ လက်နက်ကိုင် အဖွဲ့အစည်းများ အကြား ညှိနှိုင်းဆွေးနွေးပြီး တကယ်လိုအပ်သည့် လူထုထံ စနစ်တကျရအောင် ပူးပေါင်းဆောင်ရွက်ရေး အတွက် ဆက်လက်ညှိနှိုင်းကြမည့် သဘောမျိုးဖြစ်ကြောင်း သိရသည်။
 

Most Read

Most Recent