ဌာနေတိုင်းရင်းသား အခွင့်အရေးနှင့် တန်းတူအခွင့်အရေး၊ လူ့အခွင့်အရေး မရှိမှုများကြောင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်လာဟု ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ပြောကြား

ဌာနေတိုင်းရင်းသား အခွင့်အရေးနှင့် တန်းတူအခွင့်အရေး၊ လူ့အခွင့်အရေး မရှိမှုများကြောင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်လာဟု ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ပြောကြား
Published 14 October 2016
ထွန်းလင်းအောင်

ဌာနေတိုင်းရင်းသား အခွင့်အရေးနှင့် တန်းတူအခွင့်အရေး၊ လူ့အခွင့်အရေး မရှိမှုများကြောင့် ပြည်နယ်တောင်းဆိုမှုများ ဖြစ်လာဟု ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးက ပြောကြားသည်။ကချင်ပြည်နယ် ဒေသအချို့ကို ရှမ်းနီပြည်နယ်အတွင်း ထည့်သွင်းသတ်မှတ်ပေးရန် တောင်းဆိုမှု မည်သည့်အတွက်ကြောင့် ဖြစ်လာသည်ဆိုသည့် မေးခွန်းကို မေးမြန်းရာတွင် ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းစိန်လင်းက The Daily Eleven သတင်းစာကို ပြောကြားခဲ့ခြင်း ဖြစ်သည်။ကချင်ပြည်နယ် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းစိန်လင်းက “ကျွန်တော်တို့ ရှမ်းလူမျိုးတွေဟာ အကြောက်တရားအောက်မှာ ရင်တထိတ်ထိတ် နေခဲ့ရတယ်။ စုဆောင်းရေးဆွဲတယ်။ အခွန်အခ အမျိုးမျိုးကောက်တာ ခံရတယ်။ အရင်ကတည်းက တပ်မတော်က စစ်ဆင်ရေးလုပ်ရင် ပေါ်တာဆွဲတယ်။ အထူးသဖြင့် စစ်ရဲ့ဒဏ်ကို တောနယ်ကလူတွေ အများကြီးခံရတယ်။ ဒါတွေက ပြည်နယ်တောင်းဖို့ ဖြစ်လာတယ်။ ပြည်နယ်တောင်းဆိုဖို့က အရင်အချိန်အခါနဲ့ အခြေအနေက မတူတော့ဘူး။ အပြောင်းအလဲ အများကြီး ဖြစ်သွားပြီ။ ဌာနေတိုင်းရင်းသားတွေရဲ့ အခွင့်အရေး အပြည့်အ၀ ရရှိရေး၊ သယံဇာတ ခွဲဝေမှု ရရှိရေးတွေ ရရှိဖို့ အရေးကြီးပါတယ်။ စာပေယဉ်ကျေးမှု တည်တံ့ဖို့ တိုင်းရင်းသားစာပေတွေ သင်ကြားနိုင်ရေးတွေက အရင်က လုံးဝမရခဲ့ဘူး။ လူမျိုးတစ်မျိုးက စာပေနှင့် ယဉ်ကျေးမှုပျောက်ရင် ပျောက်သွားမယ်။ အဲဒါတွေ မဖြစ်ဖို့ လွတ်လပ်မှုနှင့် ညီမျှမှုတွေက ရှိနေရမယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့်တွေ ရနေရင်၊  ဒါတွေရရင် ပြည်နယ်တောင်းဖို့ မလိုပါဘူး။ ပြည်နယ်ပေးထားတဲ့ တိုင်းရင်းသားတွေ ဘယ်လောက်တိုးတက်လဲလို့ တွေးစရာရှိတယ်။ ပြည်နယ်တောင်းတာ အဖြေလားပေါ့။ အဓိကတော့ တန်းတူအခွင့်အရေး မရတာပါ။ ရှမ်းနီပြည်နယ် တောင်းဆိုမှုနဲ့ ပတ်သက်ပြီး ကျွန်တော့်ဆီကို ဘာအချက်အလက်မှ ရောက်ရှိလာတာ မရှိပါဘူး။ အခု လတ်တလော ကိစ္စမှာ ကျွန်တော်ရှမ်းတိုင်းရင်းသားရေးရာ ဝန်ကြီး အနေနဲ့ ရှမ်းနီတပ်မတော်နှင့် ရှမ်းနီပြည်သူ့စစ် ကိစ္စတွေ ဝင်ရှင်းပေးရတယ်။ အပြင်မှာ ကောလာဟလက ဝန်ကြီးက ဖွဲ့စည်းခိုင်းတယ်ဆိုပြီး နာမည် အလွဲသုံးတာတွေ လုပ်လာတယ်။ ဒါကို ကျွန်တော် ပြည်သူ့စစ်ကိစ္စကို မြောက်ပိုင်းတိုင်း ဌာနချုပ်က ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ပေါင်းပြီး နယ်မြေဒေသကို မူတည်ကာ ဖွဲ့စည်းတာပါ။ ကျွန်တော်နဲ့ လုံး၀ မသက်ဆိုင်ပါဘူး။ တခြားကိစ္စတွေလည်း ကျွန်တော်နဲ့ လုံးဝမဆိုင်ကြောင်း စာထုတ်လိုက်ရတယ်။ မကြာခင်ကာလက ကချင်ပြည်နယ် အတွင်းက အင်းတော်ကြီးဒေသမှာ စစ်သားစုဆောင်းမှုတွေ လုပ်တယ်။ ငွေကြေးကောက်တာတွေ ရှိခဲ့ပါတယ်။ ဥပဒေမဲ့ နှိပ်စက်မှုတွေပေါ့။ ဖားကန့်မှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ ရာအိမ်မှူးဟာ ရှမ်းတိုင်းရင်းသားလို့ သိရတယ်။ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေပါ။ အပစ်အခတ်ရပ်စဲရေး မလုပ်နိုင်သေးတော့ ဒီလို ဖြစ်စဉ်တွေ ဖြစ်နေတယ်လို့ ပြောရမှာပါ။ ကချင်ပြည်နယ်က ရှမ်းတိုင်းရင်းသားတွေဟာ လယ်ယာစိုက်ပျိုးပြီး အေးအေးချမ်းချမ်း အသက်မွေးကျတာ များပါတယ်။ ဌာနေတိုင်းရင်းသား အခွင့်အရေးတွေသာ အပြည့်အဝရရင် ဘာပြဿနာမှ မရှိပါဘူး” ဟု ပြောကြားသည်။ကချင်ပြည်နယ် မိုးညှင်းမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့တို့တွင် ရှမ်းနီပြည်နယ် သတ်မှတ်ပေးရန် လူသောင်းဂဏန်းဖြင့် ဆန္ဒထုတ်ဖော်မှုများ ရှိနေခဲ့ခြင်း ဖြစ်သည်။ကချင်ပြည်နယ်တွင် တိုင်းလိုင် (ရှမ်းနီ)၊ တိုင်းလေ၊ တိုင်းလုံ၊ တိုင်းဆာ၊ တိုင်းခန္တီးစသည့် ရှမ်းတိုင်းရင်းသားငါးမျိုး နေထိုင်ပြီး အစိုးရစာရင်း သုံးသိန်းကျော် နေထိုင်ကြောင်း သိရသည်။

Most Read

Most Recent