ပြည်သူ့လွှတ်တော်၌ ကတိဖြစ်ထားသည့် မေးခွန်း၊ အဆိုများနှင့် ပတ်သက်၍ အစိုးရက ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အစီရင်ခံစာ တင်မည်

ပြည်သူ့လွှတ်တော်၌ ကတိဖြစ်ထားသည့် မေးခွန်း၊ အဆိုများနှင့် ပတ်သက်၍ အစိုးရက ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အစီရင်ခံစာ တင်မည်
Published 14 October 2016
မျိုးမင်းထက်

ပြည်သူ့လွှတ်တော်၌ ကတိဖြစ်ထားသည့် မေးခွန်း၊ အဆိုများနှင့် ပတ်သက်၍ အစိုးရက ဆောင်ရွက် ပြီးစီးမှု အခြေအနေများကို ပြန်စမည့် လွှတ်တော်အစည်းအဝေး၌ အစီရင်ခံစာ တင်ရန်ရှိကြောင်း ပြည်သူ့လွှတ်တော် အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီ ဥက္ကဋ္ဌဒေါက်တာ မေဝင်းမြင့်က အောက်တိုဘာ ၁၃ ရက်တွင် ပြောကြားသည်။အစိုးရ၏ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များ စိစစ်ရေး ကော်မတီသည် ပြည်သူ့လွှတ်တော်တွင် ပြည်ထောင်စု အစိုးရ အဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက အခါအားလျော်စွာ ပေးခဲ့သည့် အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို လိုက်နာဆောင်ရွက်ခြင်း ရှိ၊ မရှိ စိစစ်ပြီး ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်း များက ပေးခဲ့သော အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို မည်သည့် အ‌ခြေအနေအထိ ဆောင်ရွက်ပြီးကြောင်းနှင့် အဆိုပါ အာမခံချက်များ၊ ကတိများနှင့် တာဝန်ခံချက်များကို ပြည်ထောင်စု အစိုးရအဖွဲ့ အပါအဝင် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများက ဆောင်ရွက်ပြီးဖြစ်လျှင် ထိုသို့ ဆောင်ရွက်ခြင်းမှာ သတ်မှတ်သည့် ကာလအတွင်း သတ်မှတ်ချက်အတိုင်း ဆောင်ရွက်ပြီးစီးခြင်း ရှိ၊ မရှိနှင့် မူလသတ်မှတ်ချက်အတိုင်း ပြီးစီးခြင်း ရှိ၊ မရှိတို့နှင့် ပတ်သက်၍ လွှတ်တော်သို့ တင်ပြရမည်ဟု တာဝန်ပေးထားသည်။“အန်တီတို့က အစပိုင်းကတော့ လွှတ်တော်ကို အစီရင်ခံစာ တင်ဖို့ လုပ်ထားပြီးသား။ ဒါပေမဲ့ အစိုးရသက်တမ်း နုသေးတယ်။ နောက်ပြီးတော့ ဝန်ကြီးတွေရဲ့ လုပ်ဆောင်ချက်တွေက ဘတ်ဂျက်နဲ့လည်း တိုက်နေတော့ ဘယ်လောက်ထိ ပြီးစီးလဲဆိုတာ ပြောဖို့ရာ နည်းနည်းလေး စောသေးတဲ့အတွက် လာမယ့် အပတ်ကျမှ တင်ဖို့ လုပ်ထားပါတယ်။ နောက် တတိယအကြိမ်ကျတော့မှ ကြည့်ပြီးတော့ တင်ဖို့ လုပ်မယ်” ဟု ကော်မတီဥက္ကဋ္ဌ ဒေါက်တာမေဝင်းမြင့်က ပြောကြားသည်။ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေး၌ နိုင်ငံအဝန်း အဂတိလိုက်စားမှုများ ထင်ရှားသိသာစွာကျ ဆင်းလျော့ပါးရေးအတွက် ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်း ဆောင်ရွက်ပေးရေး ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းသည့် အဆိုကို မြောက်ဥက္ကလာပ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသန်းဝင်းက ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး လွှတ်တော်ကလည်း ကန့်ကွက်သူမရှိ အတည်ပြုထားသည့်အတွက် အစိုးရ အနေဖြင့် မဖြစ်မနေ ဆောင်ရွက်ရမည်ဖြစ်သည်။“အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဟာ ဘယ်အစိုးရမဆို လုပ်ရမယ့်ကိစ္စ ဖြစ်တယ်။ လုပ်ရမယ့်ကိစ္စ ဖြစ်တဲ့အတွက် အခု အစိုးရကလည်း လုပ်ရမှာပဲ။ လုပ်လည်း လုပ်နေတယ်။ အခုလောလောဆယ် ကျွန်တော်တို့ အခုဖြေရှင်း ဆောင်ရွက်နေတာ ဘာလဲဆိုတော့ အွန်လိုင်းကရော၊ စာတိုက်ကရော မျိုးစုံပေါ့နော် နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်တွေဆီကို ပေးပို့တဲ့ တိုင်ကြားစာတွေပေါ့ အဲဒီကနေ စစ်တယ်။ နောက်တစ်ခုက ရုံးလုပ်ငန်းပေါ့နော်။ ဌာနတွင်း ဘတ်ဂျက်တို့ ဘာတို့ စာရင်းစစ်တို့ စိစစ်ရေးဆိုင်ရာမှာ အလွဲသုံးစားမှုတွေ၊ စည်းမျဉ်းစည်းကမ်း ချိုးဖောက်မှုတွေ တွေ့ရင် အရေးယူတာ ရှိတယ်။ နောက်တစ်ခုက ကျော်စောမှုပေါ့ဗျာ။ ကျော်စောမှု ဆိုတာက ဥပမာ ပြည်သူတွေကနေ လွှတ်တော်ကိုယ်စားလှယ်တွေ ပြောတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ ဒါနဲ့ ပတ်သက်ပြီးတော့ မေးခွန်းတွေ တင်ကြတယ်။ မေးကြတယ်ပေါ့နော်။ ဥပမာ စီမံကိန်းတွေနဲ့ ပတ်သက်လို့ ဖြစ်စေ၊ ကျန်တဲ့ ဘတ်ဂျက်သုံးစွဲမှု ဆိုင်ရာနဲ့ ပတ်သက်လို့ ဖြစ်စေ အဲဒါမျိုးဆိုရင် ကျွန်တော်တို့က အခု အရေးယူတယ်။ အခုလောလောဆယ်တော့ ဒါတွေက လုပ်ဆောင်နေတယ်။ ဒီတိုက်တွန်းတာကလည်း ပြောရင် အစိုးရက ကြိုဆိုတယ်။ မဖြစ်မနေ လုပ်ရမယ့် ကိစ္စလည်း ဖြစ်တယ်” ဟု သမ္မတရုံး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားထားသည်။ပြည်သူ့လွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများကို ၄၇ ရက်ပြုလုပ်ခဲ့ပြီး ကြယ်ပွင့်ပြမေးခွန်း ၂၂၅ ခု၊ ကြယ်ပွင့်မပြ မေးခွန်း ၄၀၇ ခု မေးမြန်းဖြေကြားခြင်းများ ပြုလုပ်ခဲ့ကာ အရေးကြီးအဆို နှစ်ခု အပါအဝင် အဆို စုစုပေါင်း ၁၆ ခု တင်သွင်းခဲ့၍ အတည်ပြု အဆိုလေးခု၊ မှတ်တမ်းတင်အဆို ကိုးခု၊ အတည်မပြုအဆို နှစ်ခုနှင့် ဆွေးနွေးရန်မသင့် အဆိုတစ်ခု အဖြစ် ဆွေးနွေးဆုံးဖြတ်ခဲ့ကြောင်း သိရသည်။မေ ၁၂ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေး၌ ရေကြည်မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာစံရွှေဝင်း တင်သွင်းသည့် ရန်ကုန်မြို့လယ်ရှိ ကျန်းမာရေး ဝန်ကြီးဌာနပိုင်မြေ ၄ ဒသမ ၃ ဧကပေါ်တွင် ပွင့်လင်းမြင်သာမှု မရှိဘဲ အများပြည်သူ၏ အကျိုးစီးပွားကို ဖော်ဆောင်ခြင်း မရှိသည့် ပုဂ္ဂလိကဆေးရုံ Parkway Yangon Hospital တည်ဆောက်ရန် ငှားရမ်းပေးခြင်းအား ရပ်ဆိုင်းရန် အဆိုကိုလည်း ပြည်သူ့လွှတ်တော်က ကန့်ကွက်သူမရှိ အတည်ပြုထားသည်။ထို့အတူ ဇွန် ၃ ရက်က ပြုလုပ်သည့် ပြည်သူ့လွှတ်တော် ပထမပုံမှန် အစည်းအဝေးတွင် ဆိပ်ကမ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင်မောင်ဝင်း တင်သွင်းသည့် ဗိုလ်အောင်ကျော် တံတားဝင်းနှင့် ဗိုလ်တထောင် ဘုရားဝင်းကြားရှိ သိမ်ဖြူ သင်္ဘောကျင်းနှင့် ဆက်စပ်နေသည့် မြေဧက ၂၀ ခန့်ကို အသုံးပြု၍ ကောင်းမြန်မာအောင် သင်္ဘောကုမ္ပဏီက BOT စနစ်ဖြင့် ဆိပ်ခံတံတား တည်ဆောက်ရေး စီမံချက်အား ရပ်ဆိုင်းပေးရန် ပြည်ထောင်စု အစိုးရသို့ တိုက်တွန်းကြောင်း အဆိုကို ကန့်ကွက်သူမရှိ အတည်ပြုထားသည်။ 

Most Read

Most Recent