လွှတ်တော် တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာများတွင် တရားရုံးဆိုင်ရာ တိုင်ကြားစာများ ပါဝင်ပြီး တရားရုံးများကို ထိန်းကျောင်းပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အကြံပြုချက်များ ပေးပို့ထားကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား

လွှတ်တော် တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာများတွင် တရားရုံးဆိုင်ရာ တိုင်ကြားစာများ ပါဝင်ပြီး တရားရုံးများကို ထိန်းကျောင်းပေးရန် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အကြံပြုချက်များ ပေးပို့ထားကြောင်း ကော်မတီဥက္ကဋ္ဌ ပြောကြား
Published 12 October 2016
စိုးမင်းထိုက်

လွှတ်တော်ဒုတိယပုံမှန် အစည်းအဝေး ကာလအတွင်း အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီသို့ တိုင်ကြားစာ ၉၈၇ စောင် ရောက်ရှိခဲ့ပြီး တရားရုံးများနှင့် ပတ်သက်သည့် တိုင်ကြားစာများ ပါဝင်ကြောင်း ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က ပြောကြားသည်။
တရားရုံးများကို ကြီးကြပ်ထိန်းကျောင်း နိုင်သည်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်တွင်သာ အခွင့်အာဏာရှိကြောင်း၊ ထို့အတွက် တရားရုံးများကို ကြီးကြပ်ထိန်းကျောင်းနိုင်ရန် ကော်မတီအနေဖြင့် အကြံပြုချက်များ ပေးပို့ထားကြောင်း ၎င်းကပြောကြားသည်။
အမျိုးသားလွှတ်တော် ပြည်သူတို့၏ တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌက ဒုတိယ ပုံမှန်အစည်းအဝေး ကာလတွင် ကော်မတီသို့ လိပ်မူပြီး တိုင်ကြားသည့် တိုင်ကြားစာအစောင် ၅၁၀ ရှိကြောင်း၊ မိတ္တူပေးပို့မှု ၃၂၄ စောင်၊ လယ်ယာမြေနှင့် ပတ်သက်ပြီး တိုင်ကြားစာ ၁၅၃ စောင်၊ စုစုပေါင်း ၉၈၇ စောင်ရောက်ကြောင်း ၎င်းကပြောကြားသည်။
တိုင်ကြားစာများတွင် တရားရုံးနှင့် သက်ဆိုင်သည့် တိုင်ကြားစာများ ပါဝင်ကြောင်း၊ သို့ရာတွင် တိတိကျကျ မခွဲခြားရသေးကြောင်း၊ ထို့ပြင် အထွေထွေတိုင်ကြားစာများ ပါဝင်ကြောင်း ၎င်းကဆိုသည်။
တိုင်ကြားစာဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က “တရားရုံးတွေကို ကြီးကြပ်သင့်တယ်လို့ မြင်ပါတယ်။ အချက်အလက်လေးတွေနဲ့ တိုင်ကြားထားတဲ့အတွက် တရားရုံးတွေကို ကြီးကြပ်သင့်တာပေါ့။ ကျွန်တော်တို့ လွှတ်တော်အနေနဲ့တော့ တရားရုံးကိစ္စတွေကို ဝင်ရောက်စွက်ဖက်လို့တော့ မရဘူး။ အဲဒါကြောင့် ကျွန်တော်တို့ ကော်မတီ အနေနဲ့က တရားရုံးတွေကို ကြီးကြပ်ပြီးတော့ သင့်တော်သလို ဆောင်ရွက်ဖို့ဆိုပြီး ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အကြံပြုချက်တွေ ပေးပို့ပါတယ်။ တရားရုံးနဲ့ သက်ဆိုင်တဲ့ စစ်ဆေးကြားနာမှုတွေ၊ အယူခံအမှုတွေကို တည့်မတ်မှန်ကန်အောင် ဆောင်ရွက်ပေးဖို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ကို အကြံပြုချက်တွေ ပေးပို့ပါတယ်” ဟု ပြောကြားသည်။
ကော်မတီသို့ ရောက်ရှိလာသည့် တိုင်ကြားစာများအနက် ပြည်ထောင်စုဝန်ကြီး ဌာနများနှင့် သက်ဆိုင်ရာသို့ ပေးပို့ထားမှုမှာ ၅၁ စောင်ရှိကြောင်း၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များသို့ ၇၁ စောင်၊ စုစုပေါင်း အနေဖြင့် ၁၂၂ စောင် ပေးပို့ထားကြောင်း၊ ထို့ပြင် ဝန်ကြီးဌာနများ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့များက ကာယကံရှင်များထံ အကြောင်းပြန်ကြား ထားမှုမှာ ၁၄ စောင်ရှိကြောင်း၊ ကော်မတီက ကာယကံရှင်များထံ ၁၃ စောင် အကြောင်းပြန်ကြားထားကြောင်း၊ ပြန်ကြားမှုစောင်ရေ ၂၇ စောင်ရှိကြောင်း၊ တိုင်ကြားထားမှုများအနက် ပြီးစီးမှု အနေဖြင့် ၁၄၉ စောင်ရှိကြောင်း ကော်မတီဥက္ကဋ္ဌက ပြောကြားသည်။
တရားရုံးများနှင့် ပတ်သက်သည့် တိုင်ကြားစာများတွင် များသောအားဖြင့် တရားရုံးများတွင် စစ်ဆေးကြားနာဆဲ ကိစ္စများကို တိုင်ကြားမှုများပြားကြောင်း၊ အချက်အလက် များဖြင့် တိုင်ကြားမှုများရှိကြောင်း၊ တိုင်ကြား မှုများတွင် လာဘ်ပေးလာဘ်ယူသည်ဟု ထင်ကြေးဖြင့် တိုင်ကြားမှုများပါဝင်ကြောင်းနှင့် တရားရုံးများမှ စစ်ဆေးကြားနာမှုများတွင် ဘက်လိုက်စစ်ဆေးသည် ဆိုသည့်အပေါ်မှာ လာဘ်ပေးလာဘ်ယူကိစ္စကြောင့် ဘက်လိုက် သည်ဟု ယူဆပြီး တိုင်ကြားခြင်းဖြစ်ကြောင်း၊ အထောက်အထား တိတိကျကျ တိုင်ကြားမှု မရှိကြောင်း၊ ကွယ်ရာမှာဖြစ်သည့် ကိစ္စဖြစ်သည့်အတွက် တိုင်ကြားသူများအနေဖြင့် အချက်အလက်ခိုင်မာမှု မရနိုင်ကြောင်း၊ တိုင်ကြားမှုအပေါ် ကြည့်ရှုရာတွင် စစ်ဆေးကြားနာဆဲ တရားရုံးကိစ္စများ၌ ရုံးပြောင်းလျှောက် ထားမှုများ၌ ဘက်လိုက်မှုများ ရှိသည်ဟု တိုင်ကြားမှုများရှိကြောင်း ဦးဆန်းမြင့်က ပြောကြားသည်။
“ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ အကြံပြုချက်များ ပေးပို့ပြီးတဲ့နောက်မှာ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရဲ့ ဆောင်ရွက်ချက်တွေကို ကြည့်ပါက အချို့ကိစ္စတွေ အပေါ်မှာတော့ အားရကျေနပ်မှု မရှိပါဘူး။ အားမရဘူး ဆိုတာက ကာပေးထားတာတွေ၊ ထိန်းပေးထားတာလေးတွေကို တွေ့ရတယ်။ ဒါကအချို့ပါ။ တချို့ကိစ္စတွေကို ဖြေရှင်းပေးတာကျတော့လည်း ကောင်းပါတယ်” ဟု ကော်မတီဥက္ကဋ္ဌ ဦးဆန်းမြင့်က ဆိုသည်။
ပြည်သူများက တိုင်ကြားထားသည့် တိုင်ကြားစာများအား သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ ပေးပို့ထားသည့် တိုင်ကြားစာများအနက် ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ ဦးဆောင်သည့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု စီမံခန့်ခွဲမှုကော်မတီ အနေဖြင့် လယ်ယာမြေ ကိစ္စများအပေါ် ဖြေရှင်းဆောင်ရွက်မှု အနေအထားကို မသိရသေးကြောင်း၊ ဝန်ကြီးဌာနများနှင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အကြောင်းပြန်ကြား ထားမှုများတွင် အချို့ကိစ္စများသည် ကျေနပ်စရာ ကောင်းမွန်ကြောင်း၊ သို့ရာတွင် အချို့ကိစ္စများအပေါ်တွင်မူ ထိန်းပြီးဆောင်ရွက်သည်ကို တွေ့ရကြောင်း၊ ကော်မတီအနေဖြင့် အားစိုက်ဆောင်ရွက် လျက်ရှိကြောင်း၊ တိုင်ကြားမှု တစ်ဖက်တည်းကိုသာ သိသည့်အတွက် တိုင်ကြားမှု မှန်၊ မမှန်ကို အတိအကျမသိနိုင်ကြောင်း၊ ပြည်ထောင်စုအဆင့် အနေဖြင့်မူ နှစ်ဖက်စလုံးကို ကြားနာနိုင်သည့်အတွက် ပိုမိုသိရှိ မည်ထင်ကြောင်း ၎င်းကပြောကြားသည်။
ဒုတိယအကြိမ် အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးတွင် ပြည်သူများက တိုင်ကြားသည့် စောင်ရေမှာ ၁၄၂၃ စောင် ရှိခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent