လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ မျှမျှတတနှင့် တရားဥပဒေစိုးမိုးရေးအောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

လက်ရှိဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်နှင့် ပတ်သက်၍ မျှမျှတတနှင့် တရားဥပဒေစိုးမိုးရေးအောက်တွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား
Published 12 October 2016
နေရိုင်း၊ဇေယျာထွန်း

 
ရခိုင်ပြည်နယ်တွင် လက်ရှိဖြစ်ပွားနေသည့် အခြေအနေနှင့် ပတ်သက်၍ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းပြီး မျှမျှတတနှင့် တရားဥပဒေ စိုးမိုးရေးအောက်တွင် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
 
ယနေ့ (အောက်တိုဘာလ ၁၂ ရက်) က နိုင်ငံခြားရေးဝန်ကြီးဌာနတွင် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Bert Koenders နှင့် တွေ့ဆုံးပြီးနောက် သတင်းမီဒီယာများနှင့် တွေ့ဆုံစဉ် အထက်ပါကဲ့သို့ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းဖြစ်သည်။
 
ဧရာဝတီသတင်းဌာနမှ သတင်းထောက်က လက်ရှိ ရခိုင်ပြည်နယ်အခြေအနေနှင့် ပတ်သက်၍ နိုင်ငံတကာနှင့် အီးယူနိုင်ငံများအား မည်ကဲ့သို့ မက်ဆေ့ပေးချင်ပါသလဲဟု မေးမြန်းခဲ့ရာ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားရာတွင် “ဒီကိစ္စကတော့ အီးယူနိုင်ငံရယ်လို့တော့ မဟုတ်ပါဘူး။ အားလုံးပါဘဲ။ ကျွန်မတို့ကတော့ အကောင်းဆုံးဖြစ်အောင် ဖြေရှင်းမယ်။ ဒါဟာ မျှမျှတတ၊ တရားဥပဒေစိုးမိုးရေးအောက်မှာပဲ ကျွန်မတို့အားလုံး လုပ်သွားမယ်။ ဘာတွေက ဘာဖြစ်နေလဲဆိုတာ မရှင်းသေးတော့ ဘယ်သူ့ကိုမှလည်း ကျွန်မတို့ကနေပြီးတော့ စွပ်စွဲမှာမဟုတ်ပါဘူး။  သေသေချာချာ အထောက်အထား ခိုင်လုံတဲ့အခါကျမှ စွပ်စွဲချက် တင်သင့်တယ်လို့ထင်ရင် တင်မှာဖြစ်ပါတယ်” ဟု မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့သည်။
 
ထို့ပြင် မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နယ်သာလန်နိုင်ငံမှ မြန်မာနိုင်ငံအပေါ် ပေးအပ်လျက်ရှိသည့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အကူအညီများနှင့် ဘက်စုံစီမံခန့်ခွဲမှုဆိုင်ရာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။
 
ထို့နောက် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီး H.E.Mr. Bert Koenders နှင့်အဖွဲ့အား  ဒုတိယသမ္မတ ဟင်နရီဗန်ထီးယူမှ နိုင်ငံတော်သမ္မတ အိမ်တော်တွင် လက်ခံတွေ့ဆုံသွားမည် ဖြစ်ကြောင်း သိရသည်။ 

Most Read

Most Recent