ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်မှာ NLD အစိုးရတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှိသင့်သည့်အတွက် တပ်မတော်နှင့် ညှိနှိုင်းပြီး တိုက်ပွဲများ လုံးဝရပ်စဲသွားအောင် အမြန်ဆုံး လုပ်ဆောင်ပေးရန် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ...

ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်မှာ NLD အစိုးရတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှိသင့်သည့်အတွက် တပ်မတော်နှင့် ညှိနှိုင်းပြီး တိုက်ပွဲများ လုံးဝရပ်စဲသွားအောင် အမြန်ဆုံး လုပ်ဆောင်ပေးရန် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ...
Published 11 October 2016
ကျော်ဇင်ဝင်း

ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်မှာ NLD အစိုးရတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှိသင့်သည့်အတွက် တပ်မတော်နှင့် ညှိနှိုင်းပြီး တိုက်ပွဲများ လုံးဝရပ်စဲသွားအောင် အမြန်ဆုံး လုပ်ဆောင်ပေးရန် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ တောင်းဆို
ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်မှာ NLD အစိုးရတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှိသင့်သည့် အတွက် တပ်မတော်နှင့် ညှိနှိုင်းပြီး တိုက်ပွဲများ လုံးဝရပ်စဲသွားအောင် အမြန်ဆုံး လုပ်ဆောင်ပေးရန် နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား တောင်းဆိုကြောင်း ကချင်နိုင်ငံရေးပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) က အောက်တိုဘာ ၁၁ ရက်တွင် သဘောထား ကြေညာချက် ထုတ်ပြန်သည်။            
အဆိုပါ ထုတ်ပြန်ချက်၌ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲပြီးနောက် တက်လာသော သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရ လက်ထက်မှစ၍ နိုင်ငံရေး ပြဿနာကြောင့် ဖြစ်နေသော ပြည်ထောင်စု မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ကို အဆုံးသတ်ပြီး ငြိမ်းချမ်းရေးရရှိရန် နိုင်ငံရေးနည်းလမ်းဖြင့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ များအကြား တွေ့ဆုံဆွေးနွေးပွဲ ကျင်းပကြသည်မှာ ယနေ့တိုင် ဖြစ်သော်လည်း အောင်မြင်မှု မရှိသေးကြောင်း ဖော်ပြထားသည်။
လက်ရှိ NLD အစိုးရက ဦးဆောင်ကျင်းပသွားသော ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် မျှော်လင့်ချက်ပေးနိုင်သော ရှေ့ပြေးခြေလှမ်းတစ်ရပ် ဖြစ်သည်ဟ ုသုံးသပ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
သို့ဖြစ်၍ ငြိမ်းချမ်းရေး လမ်းကြောင်းကို တုံ့ဆိုင်းစေနိုင်သော ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်း လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲများကို အမြန်ဆုံး ရပ်တန့်ပြီး အစိုးရ၊ တပ်မတော်နှင့် ပြည်သူအားလုံး လက်တွဲကာ ငြိမ်းချမ်းရေး အမြန်ရရှိရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ရန်မှာ လက်ရှိအစိုးရဖြစ်သော NLD အစိုးရတွင် တာဝန်ယူ၊ တာဝန်ခံမှု ရှိသင့်သည့်အတွက် တပ်မတော်နှင့်ဆိုင်သော အကြီးအကဲများနှင့်လည်း လိုအပ်သော ညှိနှိုင်းမှုကို ပြုလုပ်ပြီး တိုက်ပွဲများ လုံးဝရပ်စဲသွားအောင် ပြတ်သားစွာ အမြန်ဆုံး လုပ်ဆောင်ပေးရန် ထုတ်ပြန်ချက်၌ KPCC က တောင်းဆိုထားသည်။
“ပြည်ထောင်စုထဲမှာ ရှိနေတဲ့ ပြည်နယ် တစ်ပြည်နယ်ဖြစ်တဲ့ ဥပမာ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်တို့လို ပြည်နယ်တွေမှာ တပ်မတော်က အင်အားအလုံးအရင်းနဲ့ ပြောမယ်ဆိုလို့ရှိရင် လက်နက်ကြီးတွေ၊ ပြည်တွင်းစစ်မှာတောင် မသုံးသင့်တဲ့ လက်နက်တွေနဲ့ သုံးပြီးတော့ တိုက်ပွဲတွေ လုပ်နေတာ မဖြစ်သင့်ဘူးပေါ့ဗျာ။ အဲဒီပေါ်မှာကျတော့ လက်ရှိအစိုးရ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိသင့်တယ်။ ရှိရမယ်။ ဘာကြောင့်လဲဆိုတော့ ပြည်သူက တာဝန်ယူမှုအတွက် ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရ ဖြစ်နေတာကိုး။ (အစိုးရအဖွဲ့နှင့် တပ်မတော်ကြား ဆက်ဆံရေး) ကောင်းတယ်။ မကောင်းဘူး ပြောရမယ်ဆိုရင် လက်ရှိဒီလို ဖြစ်နေတဲ့အပေါ်မှာ လက်ရှိအစိုးရ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဘာသံမှ မထွက်လာဘူး။ စဉ်းစားစရာတစ်ခု။ တွေးစရာတစ်ခု ဖြစ်နေတာပေါ့” ဟု KPCC တွင်ပါဝင်သည့် ကချင်ဒီမိုကရက်တစ်ပါတီ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးလရိန်က ပြောကြားသည်။
တပ်မတော်နှင့် ကချင်တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ဖြစ်သည့် KIO/KIA တို့အကြား အပစ်အခတ်ရပ်စဲရေး ဆောင်ရွက်ထားပြီးနောက် ၁၇ နှစ်ကြာ ကာလအပြီး တစ်ကျော့ပြန် တိုက်ပွဲများမှာ ၂၀၁၁ ခုနှစ် ဇွန်လမှ စတင်၍ မကြာခဏ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ပြီး ယခုရက်ပိုင်းတွင် ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။
လက်ရှိတွင် လက်နက်ကိုင် ပဋိပက္ခများကြောင့် ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် မြောက်ပိုင်းမှ ဒေသခံပြည်သူ တစ်သိန်း နှစ်သောင်းကျော်တို့သည် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင် လာကြသည်မှာ ငါးနှစ်ကျော်သက်တမ်း ရှိနေပြီဖြစ်ပြီး လတ်တလော အချိန်တွင် စစ်ဘေးကယ်ဆယ်ရေး စခန်းများတွင် စစ်ဘေးဒုက္ခသည်များအဖြစ် နေထိုင်လျက်ရှိကြောင်း ကချင်လူမှု အဖွဲ့အစည်းများ၏ ပြောကြားချက်အရ သိရသည်။
 

Most Read

Most Recent