အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမ ဗဟိုကော်မတီ ဆဋ္ဌမမြောက် ပုံမှန်အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည်

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမ ဗဟိုကော်မတီ ဆဋ္ဌမမြောက် ပုံမှန်အစည်းအဝေး နိုဝင်ဘာ ၁၂ ရက်တွင် ပြုလုပ်မည်
Published 11 October 2016
ငြိမ်းဇော်လင်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ပထမဗဟိုကော်မတီ ဆဋ္ဌမမြောက် ပုံမှန်အစည်းအဝေးကို နိုဝင်ဘာ ၁၂ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်နှင်းဆီ စားသောက်ဆိုင်၌ ပြုလုပ်မည်ဖြစ်ကြောင်း အောက်တိုဘာ ၁၁ ရက်က ထုတ်ပြန်ကြေညာသည်။
အဆိုပါ အစည်းအဝေးတွင် ဗဟိုကော်မတီဝင်များသည် မိမိတို့ ရွေးကောက်တင်မြှောက် ခံရသည့် ပြည်နယ်၊ တိုင်းဒေသကြီးများနှင့် သက်ဆိုင်သည့် ကိစ္စများ၊ ပြည်ထောင်စု တစ်ခုလုံးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များ၊ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ ၂၁ ရာစုပင်လုံနှင့် ပတ်သက်သည့် ကိစ္စရပ်များ၊ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်သည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ တင်ပြလိုသည့် အချက်များကို တင်ပြနိုင်ကြောင်းနှင့် ထိုသို့တင်ပြနိုင်ရန်အတွက် ဗဟိုကော်မတီဝင်များသည် သက်ဆိုင်ရာ ပြည်နယ်နှင့် တိုင်းဒေသကြီး အလုပ်အမှုဆောင် အဖွဲ့များနှင့် ညှိနှိုင်းလျက် ဗဟိုကော်မတီ အစည်းအဝေးတွင် ဖတ်ကြားတင်သွင်းရန် ၁၀ မိနစ်စာ စာတမ်းအကျဉ်းချုပ် တစ်စောင်၊ လုံလောက်မှု မရှိပါက စာဖြင့်တင်ပြနိုင်ရန် စာတမ်းအကျယ် တစ်စောင်၊ ဗဟိုကော်မတီဝင် တစ်ဦးချင်းအလိုက် အကြံပြုစာတမ်းများနှင့် ပတ်သက်၍ ကြိုတင်စီစဉ်ရန် ညွှန်ကြားကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ထို့အတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်များအဖြစ် တာဝန်ပေးအပ်ထားသည့် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဦးအောင်စိုးတို့နှင့် ပတ်သက်၍ ဗဟိုကော်မတီ အစည်းအဝေးတွင် အတည်ပြုချက်ရယူခြင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း ဗဟိုအလုပ် အမှုဆောင်အဖွဲ့ အတွင်းရေးမှူး အဖွဲ့ဝင် ဦးဉာဏ်ဝင်းက အောက်တိုဘာ ၁၀ ရက်တွင် ပြောကြားသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ဗဟိုကော်မတီ အစည်းအဝေးကို ခြောက်လတစ်ကြိမ် ပြုလုပ်လျက်ရှိပြီး ပထမအကြိမ် ဗဟိုကော်မတီ ပဉ္စမမြောက် အစည်းအဝေးကို ၂၀၁၅ ခုနှစ် ဇွန် ၂၀ ရက်နှင့် ၂၁ ရက်တို့တွင် ရန်ကုန်မြို့၌ နောက်ဆုံးကျင်းပခဲ့သည်။
 

Most Read

Most Recent