တပ်မတော် (ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်မှုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု စစ်ဆေး

တပ်မတော် (ကြည်း) (လေ) အမြောက်နှင့် သံချပ်ကာ တပ်ဖွဲ့များ၏ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်မှုသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု စစ်ဆေး
Published 25 September 2016
ကျော်ထွန်းမင်း

စက်တင်ဘာ ၂၄ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့အနီး မိတ္ထီလာလွင်ပြင်၌ တပ်မတော် (ကြည်း) နှင့် (လေ) တို့ ပူးပေါင်းပြုလုပ်သော အမြောက်နှင့် သံချပ်ကာ ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှုအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။အဆိုပါ စစ်ဆင်ရေးလေ့ကျင့်မှုသို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် အရာရှိကြီးများ တက်ရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က လေ့ကျင့်မှုနှင့် ပတ်သက်ပြီး မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။ထို့နောက် စစ်ဆင်ရေးလေ့ကျင့်မှုကို နံနက် ၉ နာရီ မိနစ် ၄၀ တွင် စတင်ခဲ့ပြီး မွန်းလွဲ ၁ နာရီခန့်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ယခု ပူးပေါင်းစစ်ဆင်ရေးလေ့ကျင့်မှုတွင် စစ်သည်အင်အား ၅၀၀၀ ခန့်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရပြီး သတ်မှတ်စစ်ကွင်းများအား သံချပ်ကာ ကားများမှ အမြောက်ဖြင့် ပစ်ခတ်ခြင်း၊ လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်း၊ ခြေလျင်တပ်များက ထိုးစစ်ဆင်ခြင်း၊ မီတာ ၁၀၀ မိုင်းရှင်း ဒုံးပစ်လွှတ်ခြင်းများ စသည်တို့ကို ပြုလုပ်ခဲ့ကြောင်း သိရသည်။ထို့ပြင် အလျင်အမြန် တံတားထိုးပြီး ကားများ၊ သံချပ်ကာကားများ ဖြတ်သန်းမှု လေ့ကျင့်ခြင်း၊ လေထီးခုန် လေ့ကျင့်ခြင်းနှင့် လေထီးဖြင့် ရိက္ခာပို့ဆောင်ခြင်း စသည်တို့ကိုလည်း လေ့ကျင့်ခဲ့ကြောင်း သိရသည်။ယခု ပူးပေါင်းစစ်ဆင်ရေးလေ့ကျင်မှုသည် တတိယအကြိမ်မြောက်ဖြစ်ပြီး သတင်းမီဒီယာများအား ပထမဆုံးအကြိမ်အဖြစ် ဖိတ်ကြားပြသခဲ့ခြင်းဖြစ်သည်။လေ့ကျင့်မှု အပြီးတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လေ့ကျင့်ရေးတပ်ဖွဲ့များကို ဆုငွေ ကျပ်သိန်း ၁၅၀ ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

Most Read

Most Recent