မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များကို အားပေးထောက်ခံရန် နိုင်ငံတကာခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား

မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များကို အားပေးထောက်ခံရန် နိုင်ငံတကာခေါင်းဆောင်များအား ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 8 September 2016
နေထွန်းနိုင်

မြန်မာ့ငြိမ်းချမ်းရေး ကြိုးပမ်းမှုဖြစ်စဉ်များကို အားပေးထောက်ခံရန် နိုင်ငံတကာ ခေါင်းဆောင်များအား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ကြောင်း အာဆီယံထိပ်သီးအစည်းအဝေးများကို တက်ရောက်နေသည့် အကြီးတန်း မြန်မာသံတမန်တစ်ဦးက လာအိုနိုင်ငံ၊ ဗီယန်ကျန်းမြို့သို့ ရောက်ရှိနေသော The Daily Eleven သတင်းထောက်အား ပြောကြားသည်။လာအို အာဆီယံထိပ်သီးအစည်းအဝေးများနှင့် ဆက်စပ်အစည်းအဝေးများ၏ နောက်ဆုံးနေ့ဖြစ်သော စက်တင်ဘာ ၈ ရက်တွင် အာဆီယံ-အိန္ဒိယ၊ အာဆီယံ-အမေရိကန်၊ နိုင်ငံ ၁၇ နိုင်ငံမှ ခေါင်းဆောင်များနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းတို့ တက်ရောက်သည့် အရှေ့အာရှထိပ်သီးအစည်းအဝေးများသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်များကို အားပေးထောက်ခံရန် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်း ဖြစ်သည်။မြန်မာနိုင်ငံနှင့် ပတ်သက်သော အထူးပြုပြောဆိုချက်များကို လာအိုအာဆီယံ ထိပ်သီးအစည်းအဝေးတွင် မတွေ့ရှိခဲ့ရဘဲ မြန်မာနိုင်ငံမှ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စများနှင့် ရခိုင်ပြည်နယ်အရေးကိစ္စများကိုလည်း နိုင်ငံတကာခေါင်းဆောင်များက ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၈ ရက်တွင် ပြုလုပ်သော ဒေသတွင်း စီးပွားရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု (RCEP) မိတ်ဖက်နိုင်ငံခေါင်းဆောင်များ၏ ပူးတွဲကြေညာချက် ထုတ်ပြန်ခြင်း အခမ်းအနားနှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌတာဝန် လွှဲပြောင်းခြင်း အခမ်းအနားများသို့ တက်ရောက်ခြင်းမရှိဘဲ အဆိုပါအစီအစဉ်များ မစတင်မီ ဒေသစံတော်ချိန် ညနေ ၄ နာရီ မိနစ် ၃၀ တွင် မြန်မာနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ထို့အတူ လာအို အာဆီယံထိပ်သီး အစည်းအဝေးနှင့်ပတ်သက်ပြီး သတင်းထောက်များ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားခဲ့ခြင်းမရှိဘဲ သတင်းစာရှင်းလင်းပွဲလုပ်ရန် အစီအစဉ်မရှိကြောင်းနှင့် မြန်မာနိုင်ငံသို့ တန်းပြန်မည်ဖြစ်ကြောင်း လာအိုနိုင်ငံ၊ ဗီယန်ကျန်းရှိ အမျိုးသားကွန်ဗင်းရှင်းဗဟိုဌာနတွင် ပြောဆိုခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မြို့သို့ ညနေ ၅ နာရီ မိနစ် ၅၀ တွင် ပြန်လည်ရောက်ရှိခဲ့သည်။ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ပြုလုပ်သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့ပြီး မြန်မာသတင်းထောက်များနှင့် သီးခြားတွေ့ဆုံခဲ့ကာ ပထမဆုံး အာဆီယံအစည်းအဝေး အတွေ့အကြုံကို ကျေနပ်ကြောင်းနှင့် လေ့လာသင်ယူခဲ့ကြောင်း ပြောကြားသည်။လာအို အာဆီယံထိပ်သီးအစည်းအဝေးသို့ အစိုးရအဖွဲ့ အကြီးအကဲအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်က ပထမဆုံး တက်ရောက်ခဲ့ခြင်းဖြစ်သည့်နည်းတူ ဂျပန်၊ အိန္ဒိယ၊ ဗီယက်နမ်၊ နယူးဇီလန်နိုင်ငံများမှ အကြီးအကဲများ နှင့် သီးခြားတွေ့ဆုံခဲ့သည်။       

Most Read

Most Recent