၂၁ ရာစု ပင်လုံညီလာခံ ယိုးဒယား မသိန်းမေနှင့် စိန်ဗေဒါ

၂၁ ရာစု ပင်လုံညီလာခံ ယိုးဒယား မသိန်းမေနှင့် စိန်ဗေဒါ
Published 30 April 2016
ဒေါက်တာခင်မောင်ညို

၁၉၈၈ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် ရန်ကုန်ကို ပြန်ရောက်လာသည်။ မိခင်ကြီး ဒေါ်ခင်ကြည် နေမကောင်းလို့ပါပဲ။ ဒီအချိန်မှာ မြန်မာပြည်၏ အခြေအနေကို ဒေါ်စု မြင်သွားပါသည်။ ဖခင်ကြီး ကယ်တင်သွားသည့် မြန်မာနိုင်ငံကြီးသည် လွတ်လပ်ရေးရပြီးကာမှ ပိုဆိုးနေပါကလား။တစ်ကမ္ဘာလုံးက အာဏာရှင်တွေကို သူမြင်ခဲ့ဖူးပါသည်။ အာဏာရှင်များသည် လူမဆန်ကြပါ။ မြန်မာပြည်မှာလည်း ဒီလို အာဏာရှင်ကြောင့် ပြည်သူလူထု ကြိမ်မီးအုံးသလို ခံစားရတာကို သူသိလာသည်။ မြန်မာ့သမိုင်းတွင် ရှိသည်။ ဂငယ်သုံးခု ဥသျှစ်ထုတဲ့။ သက္ကရာဇ် ရှစ်ရာရှစ်ဆယ်ရှစ် (၈၈၈) ရှစ်သုံးလုံးကို ပြောတာပါ။ ရှစ်သုံးလုံးတွင် တိုင်းပြည်ပျက်သည်။ ခုတော့ ရှစ်လေးလုံး ပိုဆိုးတော့မှာပေါ့။တစ်ပြည်လုံး လမ်းပေါ်ထွက်လာသည်။ အာဏာရှင် အစိုးရကလည်း အလျှော့မပေးပါ။ စစ်တပ်ဆိုတာ မိုးပေါ်ထောင် မပစ်ဘူး၊ တည့်တည့်ပစ်တာဟု ခြိမ်းခြောက်သည်။ ၁၉၆၂ ခုနှစ် အာဏာသိမ်းပြီး ကတည်းက ကျောင်းသားတွေကို အညွန့်ချိုးခဲ့သည် မဟုတ်ပါလော။ ‘၁၉၆၂နှစ် ဇူလိုင် ၇ ရက်တွင် ကျောင်းသားသပိတ်ကို သေနတ်ဖြင့် ဖြိုခွင်းခဲ့သည်။ ဇူလိုင် ၈ ရက်တွင် ကျောင်းသား သမဂ္ဂကို ဒိုင်းနမိုက် ခွဲခဲ့သည်။ ပြည်သူတွေကို အကြောက်တရားဖြင့် အုပ်ချုပ်ခဲ့သည်။ ဓားဓားချင်း တုတ်တုတ်ချင်းဆိုပြီး စိန်ခေါ်ခဲ့သည်။ စစ်တပ်၏ အင်အားကိုပြစေဖို့ သူပုန်တွေကို မွေးဖွားခဲ့သည်။ ရောင်စုံသူပုန်နှင့် တိုင်းရင်းသား သူပုန်မျိုးစုံကို နည်းအမျိုးမျိုးဖြင့် ပံ့ပိုးပေးသည်။ ကုန်သည်များကို နှိပ်ကွပ်သည်။ သူကိုယ်တိုင် ထုတ်ထားသော ငွေကြေးကိုပင် တရားမဝင် လုပ်ပစ်ခဲ့သည်။သွေးအမျိုးမျိုးခွဲကာ တစ်ချိန်က အာရှတိုက်တွင် အချမ်းသာဆုံး စာရင်းဝင်သည့် နိုင်ငံသည် ကမ္ဘာ့အဆင်းရဲဆုံး စာရင်းဝင် ဖြစ်သွားစေရန် ရက်ရက်စက်စက် လုပ်ဆောင်ခဲ့သည်။ ဗေဒင်ယတြာတို့ကို (ခေါင်းဆောင် အများကဲ့သို့) ယုံကြည်သော ပြည်သူတို့သည် ရှစ်လေးလုံးနှင့် တိုက်ဆိုင်ချိန်တွင် အစိုးရကို ဖြုတ်ချနိုင်မည်ဟု ပြင်းပြင်းထန်ထန် ယုံကြည်ခဲ့ကြသည်။ ထိုကြောင့်လည်း အားလုံးထွက်ကာ ဆန္ဒပြသည်။ ဒေါ်အောင်ဆန်းစုကြည်ကို ဗိုလ်ချုပ်အောင်ဆန်း၏ သမီးမှန်း ပြည်သူတွေ သိကြသည်။ သူကယ်ရင် တို့အောင်နိုင်မည်ဟု ပြည်သူတို့ ယုံကြည်သည်။ (ယခု ထိုယုံကြည်ချက် မှန်လာပါပြီ) သူက ရွှေတိဂုံ အနောက်မုခ်တွင် တရားဟောသည်။ တော်လိုက်တာ။ ပြည်သူတို့ အားတက်ကြကုန်သည်။ အာဏာရှင်တို့သည် အလွန်ကြောက်ရွံ့ကုန်တော့သည်။‘ကျွန်မ မြန်မာပြည်ကနေ မခွာတော့။ ပြည်သူတွေကို ကူညီမယ်’ ဒီစကားကိုကြားတော့ အာဏာရှင်များသည် ‘လုပ်လိုက်လေ၊ ကြာသလားလို့’ ဆိုကာ ဒေါ်စုကို စိန်ခေါ်လေတော့သည်။ အကြိမ်ကြိမ် အကျယ်ချုပ်ချသည်။ အကြိမ်ကြိမ် လုပ်ကြံဖို့ ကြိုးစားသည်။ နည်းမျိုးစုံဖြင့် သိက္ခာချသည်။သူတို့ဒီလို ကစားတာကို တွေ့ရတော့ စိန်ဗေဒါနဲ့ မသိန်းမေကို သတိရမိသည်။ ကိုယ်တိုင်ကြုံဖူးတာတော့ မဟုတ်ပါ။ လူကြီးတွေ ပြောတာပါ။ ဒေါ်သိန်းမေသည် အင်မတန် အကကောင်းသည့် မင်းသမီး မန္တလေးသူပါ။ ယိုးဒယားက အကကောင်းလို့ ယိုးဒယား မသိန်းမေလို့လည်း ခေါ်ကြသည်။ နောက်ပေါက်ထဲက မင်းသမီး အမာစိန်ကတော့ ယိုးဒယားပြန်လို့ ရှေ့ကတပ်သည်။ ယိုးဒယားမှာ သွားကရလို့ ယိုးဒယားပြန် အမာစိန် တပ်ထားခြင်း ဖြစ်သည်။ ယိုးဒယား မသိန်းမေကတော့ ယိုးဒယားက အင်မတန်ကောင်းသည်။စိန်ဗေဒါသည်လည်း အလွန်ပတ်တီးကောင်းသည့် ဆိုင်းဆရာ ရွာစား။ တစ်ခေတ်မှာ နာမည်အကြီးဆုံး ဆိုင်းဆရာပါ့။ သူတို့နှစ်ဦးသည် ဧည့်ခံပွဲများတွင် မကြာမကြာဆိုသလို ဆုံကြသည်။ စိန်ဗေဒါ အတီးနှင့် ဒေါ်သိန်းမေ အကသည် အင်မတန် ကြည့်ကောင်းသည်ဟု အဆိုရှိသည်။ ဒေါ်သိန်းမေက အသက် နည်းနည်းကြီးသည်။တစ်ည ဧည့်ခံပွဲတစ်ခုတွင် စိန်ဗေဒါက မသိန်းမေကို စချင်တော့ သီချင်းပြီးလို့ တီးလုံး အဆုံးသတ်ချရမည့် နေရာမှာ မချဘဲ ဆက်တီးနေသည်။ ဒါကို ဆိုင်းသတ်သည်ဟု အချို့ကဆိုသည်။ ဒေါ်သိန်းမေက ရိပ်မိသည်။ မရိပ်မိနေပါ့မလား။ သူက စိန်ဗေဒါထက်တောင် ဝါရင့်သည့် သဘင်သည် မဟုတ်ပါလား။ ‘မောင်ဗေဒါ ငါ့ကိုစမ်းနေတာပဲ’ ဟု သိသည်။ ထိုကြောင့် လက်ကလေး အနွဲ့နှင့် ခါးအလှည့်လေးပြသည်။ ပရိသတ်တွေ ခံစားရသည်ကိုလည်း အရသာ မပျက်လေရအောင် မိမိကိုယ်တိုင်လည်း မမောရအောင် ပညာသုံးပြီး ဆက်ကသည်။ ဆိုင်းက တငြိမ့်ငြိမ့်၊ အကကလည်း တရိပ်ရိပ်။ ပရိသတ်က ပထမတော့ မရိပ်မိကြပါဘူး။ ကြည့်ကောင်းကောင်းနှင့် ကြည့်နေကြသည်။ အတော်လေးကြာမှ စိန်ဗေဒါကလည်း မရပ်၊ ဒေါ်သိန်းမေကလည်း မရပ်၊ ဆက်တီးနေသည် ဆက်ကနေသည်။ သည်တော့မှ ‘ပညာပြိုင်နေကြတာပဲ’ ဟု သိလာကြသည်။ ဒီတော့ ပရိသတ်က ‘တဖြောင်းဖြောင်း’ နှင့် အားပါးတရ လက်ခုပ်တွေတီးကာ အားပေးကြသည်။ ‘ကြည့်လိုကောင်းလိုက်တာ’ ဒေါ်သိန်းမေက အပြုံးမပျက် လက်ကလေးတွေနွဲ့တာ ခါးလေးလိမ်တာလောက်နဲ့ပဲ ကနေသည်။ ပရိသတ်ကလည်း ကြည့်လို့ကောင်းနေသည်။ နောက်ဆုံးမှာတော့ မောပန်းလွန်းလို့ စိန်ဗေဒါပဲ လက်လျှော့သွားရလေသည်။ ဒေါ်သိန်းမေကိုတော့ ကျွန်တော် ကြောက်သွားပြီလို့ ဝန်ခံရှာသည်။ဒီလိုနှင့် မီးကြီးချုပ်လျှင် ကျွန်ုပ်အိမ်ပြန်ရောက်မည် မဟုတ်ဟူသော စကားရှိသည်။ ယခုတော့ မိုးမချုပ်ပါတော့။ ဒီမိုကရေစီ အိမ်ပေါက်ဝကို ရောက်ရပါပြီ။ ဒီပွဲတစ်ခုလုံး၏ တီးလုံးပြောင်းသွားပါသည်။ ဆိုင်းချက်ပြောင်းသွားပါပြီ။ ပြောင်းလဲချိန်တန်ပြီပဲ။ ဒီမိုကရေ စီဆိုသည့် ပြည်သူ့အုပ်ချုပ်ရေးလို့ လက်ခံလာသည့်ခေတ်တွင် စစ်တပ်ပါဝင် ပတ်သက်မှုကို ပြည်သူတွေ သဘောမကျကြပါ။ သို့သော် ၁၅ နှစ်အကြာ အချိန်ယူ ရေးဆွဲထားသော အခြေခံ ဥပဒေဖြင့် ခရီးဆက်ရပါဦးမည်။ ဒီမိုကရေစီကျကျ ဖြေရှင်းရတာခက်သည်။ မတူတာတွေကို ဘေးဖယ်ထား၍ မရဖြစ်နေသည်။ ပထမ တစ်လအတွင်းတွင်ပင် သိက္ခာချဖို့ ကြိုးစားသည်ကို တွေ့နေရသည်။ ပြည်သူ့ခေါင်းဆောင်များကို နည်းမျိုးစုံဖြင့် သိက္ခာချနိုင်သည်။ ဒီအတွက် ခေါင်းဆောင်များသည် အနစ်နာခံသူဖြစ်ပြီး ပြည်သူတွေကို လေးစားဖို့လိုသည်။ သြဇာလည်း ရှိရပါမည်။ဥပမာ ၁၉၄၇ ခုနှစ်မှာ ပင်လုံညီလာခံကို ကျင်းပစဉ်က အခက်အခဲကို သတိရနိုင်သည်။ မကြာခင် ၂၁ ရာစု ပင်လုံညီလာခံကို ကျင်းပပါမည်။ ၂၁ ရာစု ပင်လုံညီလာခံသည် အင်မတန် ခက်ခဲပါမည်။ ပို၍ကောင်းသော ရလဒ်များကိုလည်း မျှော်လင့်နေကြသည်။ ဒေါ်သိန်းမေ စိန်ဗေဒါ၏ ဆိုင်းဖြင့် မကတော့ပါ။သတိရတုန်း ပြောလိုပါသည်။ မသိန်းမေနဲ့ စိန်ဗေဒါတို့တုန်းကတော့ စိန်ဗေဒါ တစ်ယောက်တည်း တီးရသည်။ မသိန်းမေက အပြုံးမပျက် ဆက်ကသည်။ နောက်ဆုံး စိန်ဗေဒါပဲ လက်လျှော့ရလေမလား၊ မသိန်းမေပဲ မောမလား။ပြဿနာတစ်ခုကို တင်ပြလိုပါသေးသည်။ စစ်အစိုးရသည် အနှစ် ၅၀ကျော်ကျော် အုပ်ချုပ်သွားခဲ့ပါသည်။ တစ်ရက်နှစ်ရက်၊ တစ်လနှစ်လ၊ တစ်နှစ် နှစ်နှစ်၊ ကိစ္စမဟုတ်ပါ။ ဆယ်စုနှစ်များစွာ ကြာလာပြီ။ ဒီတော့ င့ါဝမ်းပူဆာ မနေသာသူများသည် စစ်အစိုးရနှင့် ပူးပေါင်း လုပ်ရကိုင်ရလာတော့သည်။ မြန်မာနိုင်ငံမှာ သူတို့နဲ့ မပတ်သက်သည့် အလုပ်မရှိပါ။ ဗြူတီဆလွန်းတွေ၊ အနှိပ်ခန်းတွေ၊ ကေတီဗွီတွေ၊ လောင်းကစားခန်းတွေ ဖွင့်တဲ့သူတွေ များသည်။ သူတို့နှင့် ပို၍ပတ်သက်သည်။ ဘိန်းစိုက်၊ ဘိန်းချက် ကိုယ်တိုင် မလုပ်နိုင်ရင် အငှားချ၊ အခွန်ကောက်တယ်ဆိုပြီး ကွယ်လွန်သူ ကြေးမုံ ဦးသောင်းက ပြောခဲ့ပါသည်။ လမ်းဘေးဈေးသည်များပင် သူတို့နှင့် မကင်းပါ။ ဘာလုပ်လုပ် သူတို့က အသားကိုစားသည်။ နောက်လိုက်များက အရိုးကိုက်ရသည်။ ခုတော့ သူတို့အချင်းချင်း အညစ်အပတ်တွေ ပါလာသည်။ ဖြုတ်ထုတ်သတ်တွေ လုပ်လာသည်။ဘာလုပ်လုပ် တကယ်တမ်း ခံရတာကတော့ ပြည်သူများသာ ဖြစ်သည်။ ခရိုနီတွေ ကောင်းစားပေမယ့် ကုန်သည်တွေ အများကြီး ခံကြရသည်။ ဆင်းရဲသူတွေ ပိုခံရသည်။ ဆင်းရဲသူများ အခွင့်အရေး ဘာတွေရှိသလဲ။ အစိုးရ အပြောင်းတွင် နောက်ကြောင်း မပြန်ရ၊ တရားမစွဲရစသော ‘အာဏာရှင် အခွင့်အရေး’ (DICTATOR'S RIGHTS) ကို တောင်းဆိုသွားခဲ့ပါသည်။နိဂုံးအနေဖြင့် အုပ်ချုပ်သူများသို့ မှာချင်ပါသည်။ ပြည်သူတွေက ဒီမိုကရေစီ လိုချင်ကြသည်။ တရားမျှတသည့် အုပ်ချုပ်ရေးကို လိုချင်ကြသည်။တစ်ချိန်က ဘာကြောင့် မပေးနိုင်ကြတာလဲ။ သေသေချာချာ စဉ်းစားကြည့်တော့ တစ်ချိန်က အုပ်ချုပ်သူများသည် တရားမျှတမှု မရှိသောကြာင့် မှန်မှန်ကန်ကန် မအုပ်ချုပ်ခြင်း ဖြစ်သည်ဟူသော အဖြေကိုသာ ရပါသည်။ သူတို့က  တိုင်းပြည် ပြိုကွဲမှာ စိုးသောကြောင့် အခြားသော နိုင်ငံမှ ယဉ်ကျေးမှုတွေ လွှမ်းမိုးမှာ ကြောက်သောကြောင့် စသည့် အကြောင်းပြချက် များစွာဖြင့် ပြည်သူကို လှည့်ဖြားခဲ့ကြသည်။ သူတို့သည် အာဏာကို ဖက်ထားလိုကြသည်။ဒါတွေ ယနေ့ ချုပ်ငြိမ်းရမှာပါတော့မည်။ ဒီတော့ လူဖြစ်ပါလျက်၊ လူ့ပြည်မှာ အနေမလှသည့် ဒုက္ခမျိုးတွေ ဘာကြောင့်အဖြစ်ခံမှာလဲ။ ပြောင်းလဲချိန်ကို ပြည်သူတွေက အချိန်တော့ပေးပါ။ အိပ်ရေးမပျက် စောင့်ကြည့်ကြပါ။ မသိန်းမေနဲ့ စိန်ဗေဒါ အပေးအယူမျှမည်ဟု မျှော်လင့်နေမိသည်။