အခန်းကျဉ်းလေး

အခန်းကျဉ်းလေး
Published 26 April 2016
ဇေယျာဦး

ငါးနှစ်အရွယ် ကလေးတစ်ဦး လေးထောင့်စပ်စပ် အခန်းကျဉ်းလေးထဲမှာ ပြင်ပလောကနဲ့ လုံးဝအဆက်အသွယ် မရှိဘဲ ပိတ်မိနေခဲ့တာ မွေးစအချိန် ကတည်းက ယခုဆိုလျှင် ငါးနှစ်တာ ကြာမြင့်ခဲ့ပြီ။ သူရဲ့မိခင်ကတော့ ဒီအခန်းလေးထဲမှာ ပိတ်မိနေတာ ခုနစ်နှစ်တာ ကာလကို ကျော်လွန်ခဲ့ပြီ။သားအမိ နှစ်ဦးအတွက် ဒီအခန်းလေးက ကမ္ဘာတစ်ခု အနေနဲ့ပဲ ရှိခဲ့တာဟာ နှစ်ကာလ အတော်ကြာညောင်းခဲ့ပါပြီ။ အတင်း အဓမ္မ ဖမ်းဆီးပိတ်လှောင် ညှဉ်းပန်းနှိပ်စက် အဓမ္မပြုကျင့်သူ လူတစ်ဦးကြောင့် သူတို့သား အမိနှစ်ဦးရဲ့ ဘဝဟာ အိပ်မယ်ဆိုရင်လည်း ဒီအခန်းထဲမှာပဲ၊ ရေချိုးမယ်ဆိုလည်း ဒီအခန်းထဲမှာပဲ၊ မီးဖိုချောင်နဲ့ စားသောက်စရာ နေရာကလည်း ဒီအခန်းပါပဲ။ ပြီးတော့ အိမ်သာတက်ဖို့ အတွက်လည်း ဒီအခန်းထဲမှာပါပဲ။ သူတို့သားအမိအတွက် ပြင်ပလောကနဲ့ ချိတ်ဆက် ပေးထားတာကတော့ အခန်းထဲမှာရှိတဲ့ တီဗွီနဲ့ အခန်းခေါင်မိုးပေါ်က လသာပေါက် (Skylight) လေးပဲ ဖြစ်ပါတယ်။Room ဆိုတဲ့ ရုပ်ရှင်ကားလေးကိုကြည့်ရင်း ကျွန်တော်တို့ ပတ်ဝန်းကျင်ကိုလည်း ပြန်မြင်ယောင် ခံစားနေမိပါတယ်။ဇာတ်လမ်းထဲက သားအမိနှစ်ဦးဟာ ခုနစ်နှစ်တာ ကာလပတ်လုံး ပြင်ပကမ္ဘာနဲ့ အဆက်အသွယ် အဆက်အဆံ မရှိခဲ့ပါဘူး။ ငါးနှစ်အရွယ် ကလေးငယ်ဟာ ‘သက်ရှိလူ’ ဆိုလို့ သူ့မိခင် တစ်ဦးကိုသာ မြင်ဖူးခဲ့တယ်။ ကျွန်တော်တို့ ဝန်းကျင်မှာ အဲဒီလို အဖြစ်အပျက်မျိုး ခပ်ဆင်ဆင် ကိစ္စတွေများစွာ ရှိပါတယ်။ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် အုပ်ချုပ်သူ လူတန်းစားတွေဟာ ပြည်သူတွေကို မျက်စိပိတ်၊ နားပိတ် လုပ်ခဲ့ကြပါတယ်။ ဒီအကျိုးဆက်က အချို့သော ပြည်သူတွေကြားမှာ အလိုအလျောက် မိမိဝန်းကျင်နဲ့ အဆက်အသွယ် ပြတ်တောက်လာခဲ့ကြပါတယ်။ ‘ငါ’ နှင့် ‘ငါ့မိသားစု’ အရေးပဲ သိသူ၊ ‘ငါ့အသိုင်းအဝိုင်း’ ကျဉ်းကျဉ်းလေးကိုပဲ သိသူလူတန်းစားတွေ များစွာပေါ်ပေါက်ခဲ့တယ်။သူတို့တွေဟာ ဒီထက်ပိုပြီး ဘာမှမသိချင်တော့ပါဘူး။ သိစရာလည်း မလိုဘူးလို့ လက်ခံထားခဲ့ကြတယ်။ ဒါဟာ အခန်းကျဉ်းလေးထဲက သားအမိ နှစ်ယောက်ထဲက ကလေးငယ်ရဲ့ ပုံစံနဲ့ ခပ်ဆင်ဆင် သွားတူနေပါတယ်။ဒီကလေးငယ်လေးဟာ ဖမ်းဆီးထားသူ အလိုမတူဘဲ အဓမ္မ ပြုကျင့်မှုကနေ ရခဲ့တာဆိုပေမယ့် မိခင်ဟာ ကလေးဖခင်ရဲ့ ညှဉ်းပန်းနှိပ်စက်မှုဒဏ်ကို ကြိတ်မှိတ်သည်းခံရင်း သားငယ်ကို ပြုစုပျိုးထောင်ခဲ့တယ်။ နေ့စဉ်နဲ့အမျှ ကလေးငယ်ကို စကားလုံးအသစ်တွေ သင်ကြားပေးတယ်။တီဗွီကလာတဲ့ အကြောင်းအရာတွေကို ကလေးငယ် နားလည်အောင် ပြောပြခဲ့တယ်။ ပြင်ပကမ္ဘာဆိုတာ မမြင်ဖူးတဲ့ ကလေးငယ်အတွက် တီဗွီထဲက အကြောင်းအရာတွေကို အရုပ်တွေလို မသဲမကွဲ နားလည်ခဲ့တယ်။ အမိုးက လသာပေါက်ပေါ်မှာ တင်နေတဲ့ သစ်ရွက်ကိုတောင် သစ်ရွက်ဆိုတာ ဘာမှန်း နားမလည်နိုင်လောက်အောင် ကလေးငယ်ဟာ ပြင်ပလောကနဲ့ အဆက်အသွယ် ပြတ်တောက်ခဲ့တာပါ။သစ်ရွက်ကို သစ်ရွက်မှန်း မသိတဲ့ ကလေးငယ်ပေါင်းများစွာ၊ လူငယ်ပေါင်းများစွာ ကျွန်တော်တို့ ဝန်းကျင်မှာ ရှင်သန်ကြီးထွား နေကြတာပါ။ အနာဂတ် ပျောက်နေတဲ့ ကလေးငယ်တွေ နေ့စဉ်နဲ့အမျှ တိုးပွားလာနေတာ၊ နေဖို့မဆိုထားနှင့် အစားတစ်လုတ် စားရဖို့ ရုန်းကန်နေရတဲ့ ကလေးငယ်တွေ၊ အာဟာရပြတ်လို့ သေသွားတဲ့ ကလေးငယ်တွေဟာ ကျွန်တော်တို့ ဝန်းကျင်မှာ တစ်စတစ်စ များပြားလာတာဟာ အနာဂတ် လူ့အဖွဲ့အစည်းအတွက် ကြောက်စရာ ကောင်းလွန်းလှပါတယ်။ကလေးငယ်တွေ အနာဂတ် မျှော်လင့်ချက် ဆိုတာရှိဖို့ လိုအပ်ပါတယ်။ ကလေးငယ်တွေကို ပိတ်လှောင်ထားရင် သူတို့ဟာ ပိတ်လှောင်ထားတဲ့ အခန်းကျဉ်းလေးထဲက အကြောင်းအရာတွေကိုပဲ သိပါလိမ့်မယ်။ အဲဒီထက်ကျော်ပြီး ဘာမှမသိနိုင်တော့ပါဘူး။ တစ်ချိန်က လူကြီးတစ်ဦးရဲ့ ပြောစကားကို အမှတ်ရမိတယ်။“ဒီနေရာကို ဦးဆောင်နိုင်မယ့် လူငယ်တွေ မရှိသေးဘူး။ ဒါကြောင့် ဒီနေရာမှာ ငါဆက်နေသင့်တယ်” လို့ ဆိုသူတွေလည်း ရှိတတ်ကြပါတယ်။ လူငယ်တွေကို နေရာမပေးတာ (ဝါ) လမ်းမဖွင့်ပေးသူဟာ အနာဂတ်ကို ကြောက်ရွံ့သူ တစ်ဦးလိုပါပဲ။ အခန်းကျဉ်းလေးထဲက မိခင်တစ်ဦးဟာ ပြင်ပလောက အကြောင်းမသိတဲ့ သားငယ်ကို နားလည်နိုင်သမျှ သင်ကြားပေးနေပေမယ့် ပိတ်လှောင်ထားသူကတော့ သူ့အတ္တအတွက် တံခါးတွေကို အထပ်ထပ် ပိတ်ထားဆဲပါ။လူငယ်တွေဟာ ပိတ်လှောင်နေတဲ့ အခန်းကျဉ်းလေးထဲက လွတ်မြောက်ဖို့ ကြိုးစားကြရမှာပါ။ မိခင်ရဲ့ ကြိုးစားမှု၊ ကြံစည်အားထုတ်မှုတွေဟာ တစ်နေ့မှာ သားငယ်အတွက် လွတ်မြောက်ဖို့ လမ်းစတွေ ဖြစ်စေခဲ့တယ်။ မိခင်ရဲ့ ကြံစည်အားထုတ်မှုကြောင့် လွတ်မြောက်လာတဲ့ ကလေးငယ်လို ကျွန်တော်တို့ နိုင်ငံဟာလည်း လွတ်မြောက်မှု လမ်းစပေါ် ရောက်ရှိနေပါပြီ။ဒီအချိန်မှာ ပြင်ပကမ္ဘာဆိုတာ တီဗွီနဲ့ လသာပေါက်ကနေကျော်ပြီး ဘာမှန်းမသိတဲ့ ကလေးငယ်အတွက် သူ့ရဲ့ လွတ်မြောက်မှုဟာ ဒွိဟများစွာနဲ့ပါ။ ပြင်ပကမ္ဘာမှာ သက်ဝင်လှုပ်ရှား သွားလာနေတာတွေဟာ သူ့အတွက် အထူးအဆန်းတွေချည်း ဖြစ်နေပါတယ်။ အခန်းကျဉ်းလေးထဲက လွတ်မြောက်လာတဲ့ ကလေးငယ်ရဲ့ အနာဂတ်လိုပဲ နှစ်ပေါင်း ၅၀ ကျော် မှားယွင်းနေတဲ့ စနစ်ဆိုးကြီးထဲက လွတ်မြောက်လာတဲ့ လူငယ်တွေအတွက် အနာဂတ် မျှော်လင့်ချက်နဲ့ ပြင်ပကမ္ဘာမှာ မျှော်လင့်ချက် များစွာနဲ့ ကြုံတွေ့နေရမှာပါ။မိခင်နဲ့သာ စကားပြောဖူးတဲ့ ကလေးငယ်ဟာ ပြင်ပကမ္ဘာက လူသားတွေနဲ့ ဆက်ဆံပြောဆိုဖို့ အခက်အခဲများစွာ ဖြစ်နေခဲ့တယ်။ ဘာအကြောင်းကိစ္စ ရှိသည်ဖြစ်စေ မိခင်ကိုသာ တီးတိုးပြောတတ်တဲ့ ကလေးငယ်လို ကျွန်တော်တို့ နေလို့မရတော့ပါဘူး။ ကျွန်တော်တို့ရဲ့ အသိဉာဏ်ပညာ၊ အခွင့်အရေးတွေအတွက် မျက်စိဖွင့် နားစွင့်ထားရတော့မှာပါ။ ကိုယ်တိုင်ကြိုးစား အားထုတ်ရတော့မှာပါ။ မိခင်ကိုချည်း အားကိုးနေလို့ မရတော့ပါဘူး။ကျွန်တော်တို့ နိုင်ငံမှာလည်း အနာဂတ်အတွက် မျှော်လင့်ချက်အသစ်၊ အခွင့်အရေး အသစ်တွေနဲ့အတူ ကမ္ဘာ့အလယ်မှာ ရင်းနှီးတဲ့ မိတ်ဆွေတွေနဲ့ပဲဖြစ်ဖြစ်၊ သူစိမ်းတစ်ရံတွေပဲဖြစ်ဖြစ် ပေါင်းသင်း ဆက်ဆံရတော့မယ့် အချိန်မှာ “အမေဘယ်မှာလဲ” ဆိုပြီး တမ်းတနေလို့ မရပါဘူး။အခန်းကျဉ်းလေးထဲက လွတ်မြောက်လာတဲ့ သားအမိနှစ်ဦးအတွက် ကွဲကွာနေတဲ့ ဆွေမျိုးသားချင်း မိဘတွေနဲ့ ပြန်ဆုံရချိန်ဟာ အဲဒီအခိုက်အတန့်လေး အတွင်းမှာ ဘယ်အရာနဲ့မှ နှိုင်းလို့မရအောင် ပျော်ရွှင်ကြည်နူးစရာပါပဲ။ အခန်းကျဉ်းလေးထဲက လွတ်မြောက်ခြင်း နောက်ဆက်တွဲ ပြဿနာတွေကတော့ ငါးနှစ်လုံးလုံး ပြင်ပလောကနဲ့ အဆက်အဆံ မရှိတဲ့ ကလေးငယ်ရဲ့ လူမှုဘ၀ ပတ်ဝန်းကျင်နဲ့ ရင်ဆိုင်ရမယ့် အနာဂတ်နေ့သစ် အခက်အခဲတွေပါပဲ။မိခင်ကတော့ သားငယ်ရဲ့ အနာဂတ်ကို များစွာစဉ်းစားထားပါတယ်။ အဘိုးအဘွားတွေကလည်း ကလေးကို ပြန်လည်ပြုစု ပျိုးထောင်ဖို့ ကြိုးစားနေပါတယ်။ ပတ်ဝန်းကျင် အသစ်အတွက် ကလေးငယ်ဟာ အနာဂတ် မျှော်လင့်ချက် အသစ်တွေအတွက် ရင်ဆိုင်ဖို့ ပြင်ဆင်နေဆဲပါပဲ။ ကျွန်တော်တို့လည်း ကြိုးစားရဦးမှာပါပဲ။ကလေးငယ်ကတော့ သူနေခဲ့တဲ့ အခန်းကျဉ်းလေးကို လွမ်းမိလို့ မိခင်နဲ့အတူ တစ်ခေါက်တော့ သွားကြည့်ခဲ့တယ်။ ဒါပေမဲ့လည်း အခန်းလေးကတော့ ညစ်ပေပျက်စီး စုတ်ပြတ်နေပြီး သူနေခဲ့တဲ့ အခန်းလေးလို့တောင် မမှတ်မိနိုင်အောင်ပါပဲ။ တကယ်တော့ ကိုယ့်အတွက် အကျိုးမရှိ၊ အနာဂတ် မရှိတဲ့ အတိတ်တစ်ခု၊ နေရာဟောင်း တစ်ခုကို ထပ်ပြီး လွမ်းမောနေစရာ မလိုတော့ပါဘူး။ အခုတော့ ကလေးငယ်လေးဟာ နေစရာ အိမ်ကောင်းကောင်းမှာ မိဘဆွေမျိုးတွေနဲ့အတူ ပျော်ရွှင်ချမ်းမြေ့စွာ နေထိုင်လျက်ပါ။ သူရဲ့အနာဂတ်ကတော့ သူရဲ့ လေ့လာသင်ယူမှုတွေကနေ တောက်ပလာဦးမယ်လို့ မျှော်လင့်မိပါတယ်။