လဲသီးခြွေသည့် လတပေါင်း

လဲသီးခြွေသည့် လတပေါင်း
Published 20 March 2016
ဝေလင်း (ပြည်)

တပေါင်းငယ်မှညှာကျင်
နွေဦးဆန်းသစ်၊ ရွက်ရော်လှစ်လို့
ပုရစ်ကယ်ရွှေဥ၊ ပင်တိုင်းစုကြသည်။
နုညိုစင်ငယ်တဲ့လေ။

ကျောင်းသားဘဝက အကြိုက်ဆုံး ကုန်းဘောင်ခေတ်စာဆို ဦးယာ၏ အဲချင်းကဗျာ တစ်ပုဒ်ကို နွေဦးကာလ တပေါင်းလတွင် ပြန်ပြောင်းဖတ်ရှု အရသာခံနေမိသည်။ လတပေါင်းတွင်တော့ သစ်ရွက်ခြောက်တို့ ကြွေကျကာ ပင်တိုင်းနီးပါးတွင် ရွက်နုသစ်ဖူး ပုရစ် ဖူးလေးများက ထွက်ပြူလို့လာပေပြီ။

ပတ်ဝန်းကျင် တစ်ခွင်မှာတော့ အပူရှိန်က တရိပ်ရိပ်မြင့်တက်လို့ မြို့ပြတွင် နေထိုင်နိုင်ဖို့ မလွယ်ပါပေ။ အညာများတွင်လည်း ပူရှာရော့မည်။ တောဓလေ့ မြင်ကွင်းများက မျက်လုံးထဲ မြင်ယောင်လာမိသည်။ ဒီအချိန်တွင် တောရွာများတွင် ဓာတ်ပုံရိုက်လို့ကောင်းမည့် မြင်ကွင်းလေးများ ဖြစ်ပေါ်လာတော့မည်။

အထူးသဖြင့်တော့ နောက်ကျသွားပြီဖြစ်သည့် လက်ပံပွင့်ချိန်။ အဆိုတော် သန်းထွန်းလေး၏ သီချင်းထဲက လက်ပံပွင့်တွေ။ အပွင့်နီနီ ရိုးတံပြိုင်းပြိုင်းမှာ လေတိုက်တိုင်း တဝဲ၀ဲ ကြွေသွားတာ ဒါကိုချစ်စရာဟု တင်စားသွားသည်။ လက်ပံပွင့်ချိန် ခွေးရူးချိန်ဟု လူကြီးများကခြောက်တော့ လက်ပံပွင့်ချိန်ကို ကြောက်စရာအချိန်အဖြစ် မြင်ခဲ့ဖူးသည်။ အပူရှိန်မြင့်ခြင်းကြောင့် ခွေးများရူးတတ်သည်ကို လူကြီးများက အလွယ်ပြောခဲ့ခြင်းသာ။ အခုတော့ လက်ပံပွင့်တွေ ကုန်သွားခဲ့ပြီ။ ပွင့်ချိန်တန်ခဲ့လို့၊ သီးချိန်တန်ခဲ့ပြီ၊ ဓာတ်ပုံကောင်းကောင်း မရခဲ့ပါပေ။

ခရီးဝေး မသွားနိုင်သည့်တိုင်၊ မြို့ရဲ့အနီးတစ်ဝိုက် တောရွာလေးများဆီ သွားချင်မိသည်။ တစ်ရက်တော့ သရေခေတ္တရာ ပျူမြို့ဟောင်းထဲက မှော်ဇာကျေးရွာလေးထဲက ဆရာဦးနေဦးက ဖုန်းဆက်ခေါ်သည်။ သူအိမ်က ရွာအစွန်ဟုပြောမလား။ ခြံကွက်ကျယ်ကြီးထဲတွင်၊ သီးပင်စားပင်၊ မျိုးစုံနှင့် စိုက်ပျိုးရေးသင်တန်းဆရာပီပီ သဘာဝမြေသြဇာများ ထုတ်လုပ်ပြီး သဘာဝနည်းကျကျ စမ်းသပ်စိုက်ပျိုးထားမှုများ လုပ်သည်။ ကျွန်တော် မကြာခဏ သွားရောက် လည်ပတ်တတ်သည့် နေရာလေး။
ခြံစည်းရိုး တစ်ဝိုက်တွင် လက်ပံပင် များစွာရှိသည်။ ရောက်သွားတော့ အချိန်ကိုက်ပင် ဖြစ်သည်ဟု ပြောရမည်။ သီးချိန်တန်ခဲ့သည့် လက်ပံသီးခေါ် လဲသီးများ ရင့်မှည့်နေခဲ့ပြီ။ လဲသီးခြွေချိန်လို့ဆိုမည်။ လဲသီးထဲမှ အမွေးဖွေးဖွေးလေးများက အစေ့လေးများ တွဲကပ်ကာ လက်ပံပင်ခြေတစ်ဝိုက် နှင်းကော်ဇော ခင်းထားသလို လေထဲတွင်လည်း တဝဲ၀ဲ လည်နေသည်။ မြက်ပင်ဖျား၊ ဆူးချုံများကြား တွင်လည်း တွယ်ကပ်နေသည်။ နင်းလျှောက်သွားသူများ၏ ခြေထောက်၊ ဖိနပ်များတွင်လည်း တွယ်ငြိ လိုက်ပါသွားကြသည်။ ခြောက်သွေ့ခြင်းကို အခွင့်ကောင်းယူ ကောက်ယူရသည့် လဲဆန်လေးများပါပေ။

နေက အမြင့်ဘက်ကို ရောက်နေပြီဖြစ်ကြောင်း ကင်မရာက အချက်ပေးသည်။ အလင်းအမှောင် မညီတော့။ ကောင်းကင်က အပြာရောင်မှိန်မှိန်တွင် အဖြူရောင်ဘက်ကို လုနေသည်။ ဤအခြေအနေကို ဓာတ်ပုံဆရာ အများစုမကြိုက်ချေ။ ဗန်းသွားနိုင်သည်။ ထိုအချိန်တွင်တော့ အပူချိန်အလင်းရောင်ကို ဂရုမထားနိုင်သူတစ်ဦးကတော့ လက်ပံပင်လယ်တွင် ခဲရာခဲဆစ် ဖက်တွယ်ထားရင်း ဝါးတံချူတစ်ချောင်း၊ ကြိုးရှည်တစ်ချောင်းဖြင့် လဲသီးများကိုခြွေချနေသည်။ ထိုသူခြွေချလိုက်တိုင်း အခါလွန်သွားပြီဖြစ်သည့် လဲသီးတချို့ဆီက ပွင့်အာထွက်နေသည့် လဲဆန်ဖွေးဖွေးများက လေဟာပြင်ထဲ နှင်းဖတ်များ ကြဲပက်လိုက်သလို ဖြာထွက်သွားကြပုံ။ ဘာရယ်မဟုတ် ကြည့်ရင်းလွမ်းမိရပြန်သေး။

လယ်ကွက် ကြားတွင်ထိုင်ချလိုက်ရင်း လက်ပံပင်ပေါ်ကို စိမ်ပြေနပြေ ငေးကြည့်နေခဲ့သည်။ လက်ပံသီးများက မြေပြင်ထက် တဖုတ်ဖုတ် ကြွေကျနေသည်။ ကောက်ယူသူများကတော့ အရိပ်ကောင်းကောင်းတွင် ထိုင်စောင့်နေကြ၏။ အဝေးကုက္ကိုပင်တန်းဆီက ချိုးကူသံကို ဆွေးမြည့်ဖွယ် ကြားနေရသည်။ ကုက္ကိုယ်ပွင့်များဆီက ချိုအီသည့်အနံ့ကို ရှူရှိုက်မိသည်။ ဒီအချိန်ဆို တမာပွင့်များလည်း မွှေးနေရော့မည်။ ဆရာမြသန်းတင့်၏ တမာနုချိန် စစ်တမ်းကို ပြေးမြင်ယောင်မိပြန်ချေ။ အချို့ရွက်နုများက အတော်ပင် အရှိန်ရခဲ့ပြီ။ ဥသြငှက်က ရင်ကွဲဖွယ် အော်မြည်နေပြန်သေးသည်။ သူလည်းပူရှာရော့ထင်။ ကဗျာကို ပြန်အမှတ်ရပြန်သည်။
ဝန်းကျင်ငယ်မှ ပတ်ကုန်း
တွန်ထူးဘာသာ၊ ငှက်တို့မှာလည်း
စုကာရုံးလို့၊ ခြိမ့်အုန်းငယ်ကျူးသီ
အမသံညောင်း၊ သိုက်နန်းငယ်အောင်းလို့
သာပေါင်းငယ်ချီသည်
သရဖီရွှေခိုင်က လှိုင်ရှာလေကော။

သရဖီပန်းများကို မမြင်ရသေးချေ။ ဆက်ရက်အုပ်များကိုတော့ အခုတလောတွင် တွေ့နေရသည်။ ဗျိုင်းအုပ်များကိုလည်း နွေစပါး ရေသွင်းနေသည့် အကွက်များတွင် အုပ်စုလိုက် မြင်ရသည်။ ဖိုမသံ အချက်ပေးသံကိုတော့ ကျွန်တော် နားမလည်နိုင်ရှာပါ။ လတပေါင်း၏ အပူရှိန်အောက်တွင်သာ မှေးငိုက်သလို ဖြစ်သွားရသည်။

Most Read

Most Recent