ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၊ သတ္တုတူးဖော် စမ်းသပ်ရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ အများအပြား အပါအဝင် ကိစ္စရပ် ၆၈ ခုကို ဆိုင်းငံ့

ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၊ သတ္တုတူးဖော် စမ်းသပ်ရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ အများအပြား အပါအဝင် ကိစ္စရပ် ၆၈ ခုကို ဆိုင်းငံ့
Published 26 February 2016

နောင်အစိုးရ တာဝန်ယူစဉ် စဉ်းစားစီမံ ဆောင်ရွက်နိုင်ရန်အတွက်၂၀၁၅-၂၀၁၆ ခုနှစ်အတွင်း  ပြည်ထောင်စု အစိုးရအဖွဲ့သို့ တင်ပြထားသည့် ကိစ္စရပ်များ အနက်မှ   ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံ၊ သတ္တုတူးဖော် စမ်းသပ်ရေး လုပ်ငန်းများနှင့် ပုဂ္ဂလိကပိုင်ကဏ္ဍ အများအပြား အပါအဝင် ကိစ္စရပ် ၆၈ ခုကို ဆိုင်းငံ့လိုက်ကြောင်း ဖေဖော်ဝါရီ ၂၆ ရက်က နိုင်ငံပိုင် သတင်းစာများတွင် ထုတ်ပြန်ခဲ့သည်။
လက်ရှိ နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲအပြီးနောက်ပိုင်း နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင်စက်ရုံများ၊ နိုင်ငံတော် စီးပွားရေး လုပ်ငန်းများကို အလျင်စလို ငှားရမ်း၊ ရောင်းချ၊ လွှဲပြောင်းမှု၊ ပုဂ္ဂလိကပိုင် ပြုလုပ်မှု၊ နိုင်ငံပိုင် စီမံကိန်းများကို နေရာတကျ စီမံခြင်း မပြုဘဲ အဆောတလျင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ဘဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်း တည့်မတ်ပေးရန် ပြည်ထောင်စု အစိုးရအဖွဲ့အား တိုက်တွန်းကြောင်း အရေးကြီး အဆိုကို  ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၅ ရက်က တင်သွင်းခဲ့ပြီးနောက် ကိစ္စရပ် ၆၈ ခု ဆိုင်းငံ့မှု ထွက်ပေါ်လာခဲ့သည်။
ဆိုင်းငံ့ခဲ့သည့် ကိစ္စရပ်များအနက် စက်မှုကဏ္ဍမှ ၁၈ ခုဖြင့် အများဆုံး ပါဝင်ပြီး ပုဂ္ဂလိကပိုင် ကဏ္ဍမှ ၁၄ ခုနှင့် သတ္တုတွင်းမှ ၁၀ ခု ပါဝင်ကြောင်း သိရသည်။
ရွေးကောက်ပွဲ ကော်မရှင်၊ နိုင်ငံခြားရေး၊ သမဝါယမ၊ ပို့ဆောင်ရေး၊ လျှပ်စစ်၊ စီးပွား/ကူးသန်း၊ ဆောက်လုပ်ရေး၊ ရထား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနတို့၏ လုပ်ငန်းများလည်း ဆိုင်းငံ့မှုတွင် ထည့်သွင်းထားသည်။
မြန်မာနိုင်ငံတွင် တည်ဆောက်ရန် စီစဉ်နေသည့် ကျောက်မီးသွေး စက်ရုံများအနက်မှ တနင်္သာရီ မြစ်ဝအနီးရှိ မဂ္ဂါဝပ် ၂၆၄၀ ထွက်ရှိမည့် ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ စီမံကိန်းအား JV/B.O.T စနစ် အခြေခံဖြင့် ဆောင်ရွက်ရန် သဘောတူညီမှု စာချွန်လွှာ လက်မှတ်ရေးထိုးမည့် အခြေအနေကိုလည်း လာမည့် အစိုးရအဖွဲ့မှ စဉ်စားစီမံရန် ထည့်သွင်းထားသည်။
ဆိုင်းငံ့ခဲ့သည့် သတ္တုတူးဖော် စမ်းသပ်ရေး ကဏ္ဍတွင် ရွှေခေတ်တိုးတက်ရေး သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်၊ ထွန်းသွင်သတ္တုတူးဖော်ခြင်း ကုမ္ပဏီလီမိတက်၊ စွမ်းမင်းထက် သတ္တုတူးဖော်ရေးကုမ္ပဏီ၊ AMARI Group (Myanmar) Co.Ltd၊ ပတ္တမြားနဂါး သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်၊ ရတနာ စိုင်းကောင်းမြတ်ကျော် သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်၊ ဇမ္ဗူတလူ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်နှင့် ရွှေအနန္တ သတ္တုတူးဖော်ရေး ကုမ္ပဏီလီမိတက်တို့နှင့် သဘောတူစာချုပ် ချုပ်ဆိုမှုနှင့် အကြီးစား တူးဖော်ရေး ကိစ္စရပ်တို့ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့ရှိ အလုံ၊ မှော်ဘီ၊ ဗဟန်း၊ အင်းစိန်၊ တညင်းကုန်း၊ စော်ဘွားကြီးကုန်း၊ ထောက်ကြန့်၊ မှော်ဘီနှင့် ပုသိမ်၊ ကျောက်ဆည်တို့ရှိ စက်ရုံ (မြေနေရာ) များကို ငှားရမ်းခွင့် ကိစ္စရပ် အများအပြားကိုလည်း  ဆိုင်ငံ့ခဲ့ပြီး နိုင်ငံပိုင် စီးပွားရေးလုပ်ငန်း ၁၇ ခုတွင် ပိုင်ဆိုင်မှု မရှင်းလင်းခြင်း၊ ကျူးကျော် အဆောက်အအုံ နေထိုင်သူများ ရှိခြင်းတို့ကြောင့် ရှင်းလင်းမှု မရှိသည့် လုပ်ငန်းသုံးခုအား စီးပွား/ကူးသန်း ဝန်ကြီးဌာနသို့ ပြန်လည်လွှဲပြောင်းပေးရန် ကိစ္စရပ်လည်း ပါဝင်နေသည်။
ရွာသာကြီးဘူတာ အဆင့်မြှင့်တင်ရေး စီမံကိန်း ဆောင်ရွက်ရန်အတွက် ကုမ္ပဏီ လေးခုထံမှ ပြန်လည်ရယူမည့်မြေ ၃၆၀  ဒသမ ၈၇၇ ဧကကို လျော်ကြေးပေးချေနိုင်ရေး ဆက်လက် ဆောင်ရွက်မည်ဖြစ်ကြောင်း၊ လျော်ကြေး မပေးမီကာလတွင် ရွာသာကြီးဘူတာ အဆင့်မြှင့်တင်ရေး စီမံကိန်းအတွက် အနည်းဆုံး လိုအပ်သည့် မြေ ၇၅၀ ဒသမ ၀၄၇ ဧကအား မြန်မာ့မီးရထားပိုင် မြေပိုင်ဆိုင်ခွင့် အတည်ပြုပေးရန် ကိစ္စကိုလည်း ဆိုင်းငံ့ခဲ့သည်။
အင်းတကော်မြို့ရှိ မြေ ဧက ၂၅၀၀ တွင် ဟံသာဝတီ စက်မှုဥယျာဉ် စီမံကိန်းလုပ်ငန်းအား ဆောင်ရွက်ခွင့်ပြုရန် တင်ပြသည့်ကိစ္စ၊ ဒန်ဆန်းအပြည်ပြည်ဆိုင်ရာ ပင်လယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ခြင်း၊ ရန်ကုန်-ဒန်ဆန်း အဝေးပြေးလမ်း တည်ဆောက်ခြင်း စီမံကိန်းနှင့် ဒန်ဆန်း 1000 MW (LNG) Terminal Power Plant စီမံကိန်းအတွက် Proposal တင်ပြသည့် ကိစ္စကိုလည်း နောင်အစိုးရမှ စဉ်းစားစီမံ ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent