၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင် ဒေါ်လာ နှစ်ဘီလျံနှုန်းဖြင့် ၁၅ နှစ်အတွင်း ဒေါ်လာ ဘီလျံ ၃၀ လိုအပ်ဟု ဆို

၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင် ဒေါ်လာ နှစ်ဘီလျံနှုန်းဖြင့် ၁၅ နှစ်အတွင်း ဒေါ်လာ ဘီလျံ ၃၀ လိုအပ်ဟု ဆို
Published 23 February 2016
နီလာ၊ သက်ထား၊ အေးမြတ်မွန်

မြန်မာနိုင်ငံ၏ အမျိုးသား လျှပ်စစ်ဓာတ်အား ရရှိရေးစီမံချက်အရ ၂၀၃၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လျှပ်စစ်မီးရရှိရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ နှစ်ဘီလျံနှုန်း ဖြင့် ၁၅ နှစ်အတွင်း ဒေါ်လာဘီလျံ ၃၀ လိုအပ်နေကြောင်း ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြုလုပ်သည့် လူမှုအသိုင်းအဝိုင်း အားလုံးပါဝင်သည့် ဖွံ့ဖြိုးမှုနှင့် မျှဝေပိုင်ဆိုင်သော သာယာဝပြောမှုကို မြှင့်တင်နိုင်မည့် မူဝါဒရေးရာ အကြံပြုစာတမ်းများနှင့် ပတ်သက်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
"ကျွန်တော်နိုင်ငံမှာ တစ်ဦးချင်း စွမ်းအင်သုံးစွဲမှုက ကမ္ဘာ့စွမ်းအင်သုံးစွဲမှု အနိမ့်ဆုံး နိုင်ငံစာရင်းမှာ ထိပ်ဆုံးက ပါဝင်နေပါတယ်။ လူဦးရေရဲ့ သုံးပုံ တစ်ပုံ၊ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ လူတိုင်းလူတိုင်းဟာ လျှပ်စစ်မီး မရယူနိုင်ကြဘူး။ ဒါကြောင့်မို့ ကျွန်တော်တို့နိုင်ငံရဲ့ လျှပ်စစ်စွမ်းအားကဏ္ဍမှာ ဈေးနှုန်းမျှတပြီး ယုံကြည်အားထားနိုင်မယ့် ရေရှည်တည်တံ့တဲ့ လျှပ်စစ်စွမ်းအား တိုးတက်ရရှိဖို့ အခွင့်အလမ်းတွေ ပေါ်ပေါက်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ လူဦးရေ  ၅၁ သန်းကျော်ရှိပါတယ်။ အိမ်ထောင်စု တစ်စုမှာ ပျမ်းမျှအားဖြင့် လူငါးယောက် ရှိတယ်ဆိုရင် မြန်မာနိုင်ငံမှာ အိမ်ထောင်စုပေါင်း ၁၀ သန်း ရှိပါတယ်။ ၃၀ ရာခိုင်နှုန်းသော လူဦးရေက လျှပ်စစ်မီးရတယ်ဆိုရင် သုံးသန်းသော အိမ်ထောင်စုပဲ လျှပ်စစ်မီးရပြီး ခုနစ်သန်းသော အိမ်ထောင်စုတွေဟာ လျှပ်စစ်မီး မရသေးပါဘူး" ဟု ကမ္ဘာ့ဘဏ်မှ စွမ်းအင်ပညာရှင် ဦးမျိုးမြင့်က ပြောကြားသည်။
ဆက်လက်ပြီး၎င်းက "လက်ရှိ မြန်မာနိုင်ငံမှာ တစ်နှစ်မှာ အိမ်ထောင်စု နှစ်သိန်းလောက် ကျေးလက်ဒေသ မီးရရှိရေး အပါအဝင် အိမ်ထောင်စု နှစ်သိန်းလောက် မီတာတပ်ပြီး မီးရရှိဖို့ လုပ်နေတယ်။ ဒီနှုန်းအတိုင်း သွားမယ်ဆိုရင် ခုနစ်သန်း အိမ်ထောင်စု မီးရဖို့  ခုနစ်သန်းကို နှစ်သိန်းနဲ့စားရင် ၃၅ နှစ်ကြာမယ်။ ဒီလို လျှပ်စစ်မီး တစ်နိုင်ငံလုံးမှာ ရရှိဖို့ဆိုရင် ကျွန်တော်တို့က ရင်းနှီးမြှုပ်နှံမှုတွေ အများအပြား လိုအပ်နေပါတယ်။ ၁၅ နှစ်အတွင်း မြန်မာနိုင်ငံမှာ လျှပ်စစ်မီးရရှိဖို့ တစ်နှစ်ကို အမေရိကန်ဒေါ်လာ နှစ်ဘီလျံနှုန်းနဲ့ ဘီလျံ ၃၀ လောက် လာမယ့် ၁၅ နှစ်အတွင်းမှာ ရင်းနှီးမြှုပ်နှံဖို့ လိုအပ်နေတာ တွေ့ရမှာ ဖြစ်ပါတယ်" ဟု ပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ကောက်ခံနေသည့် လျှပ်စစ်ဓာတ်အားခ နှုန်းထားများကို လေ့လာကြည့်ပါက ဓာတ်အားခ နှုန်းထားများသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု ကုန်ကျစရိတ်ထက် နိမ့်ကျနေသည်ကို တွေ့ရကြောင်း၊ ယင်းသို့သော အကြောင်းများက လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်စေကြောင်း၊ ထို့ပြင် လျှပ်စစ်သုံးစွဲသူများ အနေဖြင့် စွမ်းအင်ချွေတာရေး ကဏ္ဍတွင် အားနည်းကြောင်းလည်း ဦးမျိုးမြင့်က သုံးသပ်ပြောကြားသည်။
 

Most Read

Most Recent