အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် အပစ်ရပ်စာချုပ် NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ဆုံညှိနှိုင်းမည်

အစိုးရငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် အပစ်ရပ်စာချုပ် NCA လက်မှတ် မထိုးသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ဖေဖော်ဝါရီ ၂၂ ရက်တွင် တွေ့ဆုံညှိနှိုင်းမည်
Published 21 February 2016
အောင်ဇော်ထွန်း

အစိုးရ၏ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် ဖေဖော်ဝါရီ ၂၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ တွေ့ဆုံဆွေးနွေး ညှိနှိုင်းမည်ဖြစ်ကြောင်း သတင်းရရှိသည်။NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့များ ပါဝင်လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရ ကိုယ်စားလှယ် အဖွဲ့က ယခုကဲ့သို့ တွေ့ဆုံရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့၏ အလုပ်အဖွဲ့ဖြစ်သည့် Myanmar Peace Center မှ ဦးအောင်နိုင်ဦးက “ကျွန်တော်တို့ ၂၂ ရက် သွားကြမှာပါ။ လက်မှတ် မထိုးရသေးတဲ့သူတွေ ရှိတယ်။ လက်မှတ် မထိုးရသေးတဲ့ သူတွေ လက်မှတ်ထိုးဖို့ လမ်းဖွင့်ပေးမယ်။ ဆွေးနွေးမယ် ဆိုတာက သက်ဆိုင်ရာ တာဝန်ရှိတဲ့ အစိုးရရဲ့ တာဝန်ပဲလေ။ လက်ရှိ အစိုးရက မတ်လအထိ တာဝန် ရှိနေသေးတယ်လေ။ အဲဒါကြောင့်မို့လို့ တာဝန်ရှိနေသေးတဲ့ ကာလမှာ တာဝန်ရှိတဲ့ ကျန်တဲ့ အဖွဲ့တွေကို ပါအောင် ဆွေးနွေးဖို့က ဒါဟာ သူ့အလုပ်ပဲလေ” ဟု ပြောကြားသည်။ထိုသို့ တွေ့ဆုံရာတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့နှင့် NCA လက်မှတ် မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကိုးဖွဲ့ဖြင့် ဖွဲ့စည်းထားသည့် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် အဖွဲ့အစည်းများ အတူတကွ တွေ့ဆုံဆွေးနွေး လိုသည်ဟု UNFC တွဲဖက် အထွေထွေ အတွင်းရေးမှူး (၁) ဦးထွန်းဇော်က ပြောကြားသည်။ဦးထွန်းဇော်က “UNFC အနေနဲ့လည်း ဖြစ်မယ်။ နောက်ပြီးတော့မှ သူတို့ တွေ့ချင်တဲ့ အပေါ်မှာ မူတည်တာပေါ့။ သူတို့ တစ်ဖွဲ့ချင်းစီ တွေ့ချင်လည်း တွေ့မှာပေါ့။ ကျွန်တော်တို့ ဘက်ကတော့ UNFC အနေနဲ့ အတူတကွ တွေ့ဖို့ သဘောထား ရှိတယ်” ဟု ပြောကြားသည်။UNFC သည် NCA လုပ်ငန်းစဉ်များ ဆက်လက်ဆွေးနွေး ညှိနှိုင်းရန် နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ကို အဖွဲ့ဝင် ကိုးဦးဖြင့် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလက ဖွဲ့စည်းခဲ့ရာ ယခု ဖေဖော်ဝါရီ ၁၈ ရက်မှ ၂၁ ရက်ထိ ထိုင်းနိုင်ငံ ချင်းမိုင်၌ ပြုလုပ်ခဲ့သည့် UNFC အစည်းအဝေးတွင် အဆိုပါ အဖွဲ့ကို အဖွဲ့ဝင် ၁၃ ဦးဖြင့် တိုးချဲ့ပြင်ဆင် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် လုပ်ငန်းလမ်းညွှန်များကို ပြန်ကြည့်ပါက လုပ်စရာ များစွာ ရှိနေရာ ယင်းတို့အနက် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ် မထိုးရသေးသည့် အဖွဲ့များကိစ္စ ဖြစ်ပြီး ယင်းအဖွဲ့များနှင့် ဆက်လက် ဆွေးနွေးရမည်ဖြစ်ကြောင်း၊ ယင်းအဖွဲ့များ NCA အဝန်းအဝိုင်းထဲ ပါဝင်လာရေး စုပေါင်းကြိုးစားရမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဖေဖော်ဝါရီ ၂၀ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးတွင် ပြောကြားထားသည်။NCA လက်မှတ် မထိုးရသေးသည့် အဖွဲ့အစည်းများမှာ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO/KIA)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP/SSA)၊ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်-ကိုးကန့် (MNDAA)၊ ရက္ခိုင့်တပ်မတော် (AA)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU)၊ ‘ဝ’ အမျိုးသား အဖွဲ့ချုပ် (WNO)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ‘ဝ’ ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP/UWSA)၊ ရှမ်းပြည်နယ် အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီ မဟာမိတ်တပ်ဖွဲ့-မိုင်းလား (NDAA)နှင့် နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ (NSCN-K) တို့ ဖြစ်ကြောင်း သိရသည်။UNFC ၏ လက်ရှိအဖွဲ့ဝင် အဖွဲ့အစည်း ကိုးဖွဲ့မှာ KIO/KIA၊ NMSP၊ KNPP၊ SSPP/SSA၊ PSLF/TNLA၊ ANC၊ MNDAA၊ LDU၊ WNO တို့ဖြစ်သည်။တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အနေဖြင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) တွင် ပါဝင်လက်မှတ်ထိုးမှသာ နိုင်ငံရေး ဆွေးနွေးပွဲတွင် ဆွေးနွေးဆုံးဖြတ်ပိုင်ခွင့် ရှိမည် ဆိုသည်ကို နောင်အစိုးရကလည်း ဆက်လက် ကျင့်သုံးမည်ဟု ယူဆကြောင်း NCA လက်မှတ် ရေးထိုးထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစောကွယ်ထူးဝင်းက ပြောကြားထားသည်။

Most Read

Most Recent