ကချင်ပြည်နယ်က ဒုက္ခသည် အိမ်ထောင်စု ၁၃၀ ကျော်ကို ငွေပျော်စံပြကျေးရွာတွင် ဖေဖော်ဝါရီ နောက်ဆုံးအပတ်အတွင်း နေရာချထားမည်ဟု ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာ ပြောကြားသည်။လူမှုရေးဝန်ကြီး ဒေါ်ဘောက်ဂျာက"မြစ်ကြီးနားက အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၃၈၀၊ ဝိုင်းမော်က ၅၄ စု၊ လူဦးရေ ၂၄၇ ယောက် ရှိမယ်။ အိမ်ထောင်စုက ၁၃၄ စုနှင့် လူဦးရေ ၆၂၇ ဦးပါ။ ဖေဖော်ဝါရီ နောက်ဆုံးအပတ်မှာ လုပ်ရတာက သက်ဆိုင်ရာ ကယ်ဆယ်ရေးစခန်းတွေက ကလေးတွေ ကျောင်းစာမေးပွဲ ဖြေနေကြလို့ပါ။ အိမ်အရောက်ပို့ရမှာက ပြည်နယ်အစိုးရက တာဝန်ယူပြီး ရိက္ခာက WFP က ထောက်ပံ့မယ်။ ဘယ်အချိန်အထိ ထောက်ပံ့မယ် ဆိုတာတော့ မဆွေးနွေးနိုင်သေးဘူး။ အိမ်ဝင်းကတော့ အရင်အဖွဲ့ကလို့ ပေ ၈၀၊ ပေ ၆၀ မရတော့ဘူး။ ပေ ၆၀ ၊ ပေ ၄၀ ပဲ ရနိုင်တော့မယ်။ ဘုန်းတော်ကြီးကျောင်း၊ ခရစ်ယာန် ကျောင်းတွေအတွက်လည်း နေရာတွေ လျာထားပြီး အကောင်အထည်တော့ မဖော်နိုင်သေးဘူး" ဟု ပြောကြားသည်။၂၀၁၃ခုနှစ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့က အင်ခိုင်ဘွန်တောင်အနီးတွင် ငွေပျော်စံပြကျေးရွာကို အိမ်ခြေပေါင်း ၂၈၅ အိမ်ဖြင့် အကောင်အထည် ဖော်ခဲ့သော်လည်း ၂၀၁၄ ခုနှစ် မေ ၁၀ ရက်တွင် ဝိုင်းမော်စစ်ရှောင်စခန်းများမှ အိမ်ထောင်စု ၁၁၂ စု လူဦးရေ ငါးရာကျော်ကို ပထမအသုတ်အဖြစ်လည်းကောင်း၊ ၂၀၁၅ ခုနှစ် မတ် ၂၈ ရက်တွင် အိမ်ထောင်စု ၆၅ စု ၊ လူဦးရေ ၃၆၅ ဦးသာ ပြောင်းရွှေ့နေထိုင်ခဲ့ကြောင်း သိရသည်။၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်၍ အစိုးရတပ်မတော်နှင့် ကေအိုင်အေ လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲများဖြစ်ပွားခဲ့မှုကြောင့် စစ်ဘေးရှောင် ပြည်သူတစ်သိန်းကျော်ရှိရာ အစိုးရ ထိန်းချုပ်နယ်မြေအောက်တွင် စခန်းပေါင်း ၁၀၁ ခု ၊ အိမ်ထောင်စုပေါင်း ၉၄၃၉ စု၊ လူဦးရေ စုစုပေါင်း ၄၃၃၇၈ ဦးရှိပြီး ကေအိုင်အို (ကချင်လွတ်မြောက်ရေးအဖွဲ့ ) ထိန်း ချုပ်နယ်မြေအတွင်း စစ်ရှောင် ဒုက္ခသည်ပေါင်း ၈၂၀၀၀ ရှိကြောင်း သိရသည်။သုံးနှစ်ကျော်ကြာ စစ်ပွဲများကြောင်း နေရပ်စွန့်ခွာမှုများအနက် ပထမဆုံးနေရပ်ပြန် ဒုက္ခသည်များမှာ တာလောကြီးတိုက်နယ် စံကင်းကျေးရွာမှ ဒုက္ခသည်များဖြစ်ပြီး အိမ်ထောင်စု ၁၅ စု ၊လူဦးရေ ၈၃ စု က ဒီဇင်ဘာ ၁ ရက် ၂၀၁၃ ခုနှစ်တွင်လည်းကောင်း၊ ဆွမ်ပရာဘွမ်မြို့တွင် ခိုလှုံနေသည့် အိမ်ထောင်စု ခုနစ်စု လူဦးရေ ၄၂ ဦးက မတ် ၃၁ ရက်တွင် လည်းကောင်း၊ ဗန်းမော်ခရိုင် မိုးမောက်မြို့ နယ် လွယ်ဂျယ်မြို့တွင် ခိုလှုံနေသော ဗန်းမော် - မိုးမောက် - လွယ်ဂျယ် ကားလမ်းပေါ်ရှိ စိန်လုံကမ္ဘာကျေးရွာ၊ စိန်လုံကဂျီကျေးရွာ ၊ ပန်မူကျေးရွာ သုံးရွာမှ အိမ်ထောင်စုပေါင်း ၃၃ စု၊ လူဦးရေ ၁၉၂ ယောက်ရှိပြီး ကျောင်းသား/သူ ၆၂ ဦးသည် အောက်တိုဘာ ၁၁ ရက် ၂၀၁၄ ခုနှစ်တွင် နေရပ်ပြန်ခဲ့ကြသည်။ကချင်ပြည်နယ်တွင် ၂၀၁၁ ခုနှစ် ဇွန် ၉ ရက်မှ စတင်ကာ တပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာပြီး ကျေးရွာသုံးရာကျော်မှ လူဦးရေ တစ်သိန်းဝန်း ကျင်ခန့်မှာ လုံခြုံရာသို့ သွားရောက် ခိုလှုံနေကြရသည်မှာ လေးနှစ်ကျော်ခဲ့ပြီ ဖြစ်သည်။ကချင်ပြည်နယ်အတွင်း ရွှေ့ပြောင်းဒုက္ခသည်များကို အစိုးရနှင့် ကေအိုင်အေတို့ ညှိနှိုင်း၍ ရွာပေါင်းလေးရွာကို ကနဦးနေရာ ပြန်ချပေးရန် ၂၀၁၃ ခုနှစ် အောက်တိုဘာ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြသော်လည်း နေရပ်ပြန် နေရာချထားရန် အကောင်အထည် မဖော်နိုင်သည့်အပြင် ၂၀၁၄ ခုနှစ် ဧပြီလတွင် မံစီမြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်လာခဲ့မှုကြောင့် ဒုက္ခသည်စခန်းတစ်ခု ရွှေ့ပြောင်းခဲ့ရပြီး ဒုက္ခသည် နှစ်ထောင်ကျာ် ထပ်တိုးလာခဲ့သည်။
ကချင်ပြည်နယ် ဒုက္ခသည် အိမ်ထောင်စု ၁၃၀ ကျော် ငွေပျော်စံပြကျေးရွာတွင် ဖေဖော်ဝါရီ နောက်ဆုံးပတ်တွင် နေရာချမည်















