သီပေါ သီတဂူစက္ခုဒါန ဆေးရုံ ၅၆ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၀၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့

သီပေါ သီတဂူစက္ခုဒါန ဆေးရုံ ၅၆ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအစီအစဉ်တွင် မျက်စိဝေဒနာရှင် ၄၀၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးနိုင်ခဲ့
Published 23 May 2026

သီပေါမြို့ရှိ သီတဂူစက္ခုဒါန ဆေးရုံတွင် ၅၆ ကြိမ်မြောက် မျက်စိခွဲစိတ်ကုသမှုအဖြစ် မျက်စိဝေဒနာရှင်ပေါင်း ၁၀၀၉ ဦးကို စမ်းသပ်စစ်ဆေးပေးခဲ့ပြီး မျက်စိဝေဒနာရှင် ၄၀၇ ဦးကို အခမဲ့ ခွဲစိတ်ကုသပေးခဲ့ကြောင်း ဆေးရုံမှတ်တမ်းအရ သိရှိရသည် ။

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၅၆ ကြိမ်မြောက် အခမဲ့မျက်စိကုသမှု အစီအစဉ်ကို ၂၀၂၆ ခုနှစ် မေလ ၁၈ ရက်မှ ၂၂ ရက်ထိ ဖွင့်လှစ်ကုသသွားရန် စီစဉ်ထားသော်လည်း အနယ်နယ်အရပ်ရပ်မှ ကုသရန် ကြိုတင်လာရောက် စောင့်ဆိုင်းသူများအရ အစီအစဉ်ကို တစ်ရက်စော၍ မေလ ၁၇ ရက်နေ့မှစတင် ဖွင့်လှစ်ကုသပေးခဲ့ကြောင်း သိရှိရသည် ။

" အခုအကြိမ်မှာလည်း အစီအစဉ်ကို ကြိုတင်ကြေငြာထားတာထက် တစ်ရက်စောပြီး ကုသပေးခဲ့ရတယ် ။ လာကြကတာက ကျောက်မဲဖက် အခြမ်းများပါတယ် လားရှိုးဖက်ခြမ်းကျတော့ သီပေါတံတားကပိတ်ထားတာ ။ မျက်စိကုဖို့ဆို ပေးတော့လာတယ် ။ ဒါပေမဲ့ မြစ်ကိုစက်လှေနဲ့ဖြတ်လာရတာများတယ် ။ သီန္နီကတချို့လည်း လာပါတယ် ။ လာကုရတဲ့သူတွေ ခက်ခဲကြသလို ခက်ခက်ခဲခဲလုပ်ရတာပါ ။ အားလုံးအတွက် အဆင်ပြေရင် ကျေနပ်ပါတယ် " ဟု သီပေါ မဟာမုနိဘုရားကြီးကျောင်းတိုက် ဆရာတော် ဦးပညာသီရိက မိန့်ကြားခဲ့သည် ။

ရှမ်းပြည်နယ် မြောက်ပိုင်း သီပေါမြို့ရှိ သီတဂူစက္ခု ဒါန ဆေးရုံမှာ ၂၀၀၈ ခုနှစ်တွင် စတင်ဖွင့်လှစ်ကာ ၄ လတစ်ကြိမ် မျက်စိခွဲစိတ်မှုများ ပြုလုပ်ပေးလျက်ရှိပြီး

မျက်စိလာရောက်ကုသသူများမှာ ရှမ်းပြည်နယ်အတွင်းရှိ သိန္ဒီ ၊ ကွတ်ခိုင် ၊ နမ့်စန် စသည့် ဒေသများအပြင် ပုဂံညောင်ဦး ၊ ရေစကြို ၊ ပခုက္ကူ စသည့် မြေပြန့်ဒေသများမှလည်း လာရောက်ကုသမှုများ ရှိခဲ့ကြောင်း သိရသည် ။

သီပေါသီတဂူစက္ခုဒါနဆေးရုံ၏ ၁ ကြိမ်မှ ၅၆ ကြိမ်အထိ ၁၇-နှစ်အတွင်း မျက်စိလူနာပေါင်း ၃၈၅၈၁ ဦး စမ်းသပ်စစ်ဆေးပေးပြီး မျက်စိလူနာပေါင်း ၉၈၆၇ -ဦးကို အခမဲ့ခွဲစိတ်ကုသပေးနိုင်ခဲ့ကြောင်း ဆေးရုံမှတ်တမ်းများအရ သိရှိရသည် ။

Most Read

Most Recent