ပြည်တွင်းဆန်ဈေးနှုန်းမှာ နိုင်ငံတကာ ဆန်ဈေးများထက် မြင့်မားနေပြီး ဈေးအကြီးဆုံးဆန်ကို မြန်မာတို့ စားသုံးနေရသကဲ့သို့ ဖြစ်နေဟုဆို

ပြည်တွင်းဆန်ဈေးနှုန်းမှာ နိုင်ငံတကာ ဆန်ဈေးများထက် မြင့်မားနေပြီး ဈေးအကြီးဆုံးဆန်ကို မြန်မာတို့ စားသုံးနေရသကဲ့သို့ ဖြစ်နေဟုဆို
Published 5 February 2016
နီလာ

မြန်မာနိုင်ငံ၏ လက်ရှိပြည်တွင်းဆန် ဈေးနှုန်းမှာ နိုင်ငံတကာ ဆန်ဈေးများထက် မြင့်မားနေပြီး ဈေးအကြီးဆုံးဆန်ကို မြန်မာတို့ စားသုံးရေသကဲ့သို့ ဖြစ်နေကြောင်း ဖေဖော်ဝါရီ ၅ ရက်က UMFCCI ၌ကျင်းပသည့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ နှစ်ပတ်လည် အထွေထွေ အစည်းအဝေးမှ သိရသည်။မြန်မာနိုင်ငံ၏ လက္ကားဆန်ဈေးနှုန်း ဈေးကွက်အပေါ် လေ့လာပါက ယခင် ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ဇန်နဝါရီလ ပြည်တွင်းဈေး ပြောင်းလဲမှုမှာ ပေါ်ဆန်းအုပ်စုမှ ပေါက်ဈေး ၄ ဒသမ ၂ ရာခိုင်နှုန်း မြင့်တက်ပြီး ပေါ်ကျွဲအုပ်စုမှာ ယခင်နှစ်ပေါက်ဈေးများအတိုင်း ပြောင်းလဲမှု မရှိကြောင်း၊ ဧည့်မထအုပ်စုမှာ ၃၈ ရာခိုင်နှုန်းနှင့် ငစိန်အုပ်စုမှာ ၃၉ ရာခိုင်နှုန်း မြင့်တက်နေကြောင်း အဆိုပါဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း ဥက္ကဋ္ဌ ဦးအောင်သန်းဦး၏ မြန်မာ့ဆန်စပါးသမိုင်းနှင့် ဆန်စပါးဈေးကွက်၏ စိန်ခေါ်မှုများ ခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့သည့် စာတမ်းအရ သိရသည်။ထို့ပြင် ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်းများ ဈေးမြင့်တက်နေပြီး ဈေးကွက်တွင် အဝင်နည်းကာ ကုန်ရှားပါးမှု ရှိနေကြောင်းလည်း သိရသည်။ ပြည်တွင်းဆန်စပါး ဈေးမြင့်တက်လာ၍ လည်းကောင်း၊ ပြည်ပပို့ ကုန်ဆန်ကြမ်း ဧည့်မထဈေးကွက်တွင် ရှားပါးလာ၍ လည်းကောင်း၊ ပြည်ပသို့ ဆန်တင်ပို့နိုင်မှု စွမ်းအားကျဆင်းလာနေကြောင်းလည်း သိရသည်။ပေါ်ဆန်းကဲ့သို့ ဆန်ချောမှာ ပြည်ပဈေးကွက် မရရှိသဖြင့် ပြည်တွင်းထုတ်လုပ် စားသုံးမှု ပိုလာနေသည့်တိုင် ပြည်ပဈေးကွက်သို့ တင်ပို့ရန်ခက်ခဲ၍ ပြည်တွင်းလက်ကျန် များနိုင်ကာ ဆန်စပါးထုတ်လုပ်သူများအတွက် ထိခိုက်မှု ရှိလာနိုင်ကြောင်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။ယခုနှစ်တွင် တောင်သူများက ဆန်ချောကို ပိုမိုစိုက်ပျိုးခဲ့၍ ဆန်ကြမ်းမှာ အထွက်နည်းနေကြောင်း၊ တစ်နိုင်ငံလုံး ထုတ်လုပ်မှုတွင်လည်း ပေါ်ဆန်းတစ်ဧက အထွက်နှုန်းမှာ ဧည့်မထ တစ်ဧကအထွက်နှုန်းထက် နည်းနေသဖြင့် မြန်မာနိုင်ငံ၏ ယခုနှစ် ဆန်စပါးထုတ်လုပ်မှု ကျဆင်းလာနိုင်ကြောင်း ၊ ထို့ပြင် အကြောင်းကြောင်းကြောင့် ပုံစံအမျိုးမျိုးဖြင့် စိုက်ဧက လျော့နည်းလာမှုနှင့် လယ်ယာလုပ်ငန်းပေါ်တွင် စိတ်ဝင်စားမှု နည်းလာမှုကြောင့် လျော့နည်းမှုများ ရှိလာနိုင်သည်။ထို့ကြောင့် ဆန်စပါးကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် စိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်သွယ်မှုကို ဟန်ချက်ညီအောင် ဆောင်ရွက်ရန်နှင့် မူဝါဒတစ်ရပ် လိုအပ်ပြီဖြစ်ကြောင်းလည်း အဆိုပါစာတမ်းတွင် ဖော်ပြထားသည်။

Most Read

Most Recent