Iron Cross အဖွဲ့၏ နယူးရီးယားည ဖျော်ဖြေပွဲ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး ည ၁၂ နာရီအထိ ဖျော်ဖြေမည်

Iron Cross အဖွဲ့၏ နယူးရီးယားည ဖျော်ဖြေပွဲ ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ပြုလုပ်မည်ဖြစ်ပြီး ည ၁၂ နာရီအထိ ဖျော်ဖြေမည်
Published 14 December 2015
လင်းလင်းခိုင်

Iron Cross တီးဝိုင်းနှင့် ပင်တိုင် အဆိုရှင် လေးဦး၏ နယူးရီးယားည ဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ ဒီဇင်ဘာ ၃၁ ရက် ညပိုင်းတွင် ပြုလုပ်ရန် စီစဉ်ထားသည် ဟုသတင်းရရှိသည်။ အဆိုပါဖျော်ဖြေပွဲတွင် Iron Cross တီးဝိုင်းနှင့် အတူ အဆိုတော် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ဝိုင်ဝိုင်းတို့ ပါဝင် ဖျော်ဖြေရန် စီစဉ်ထားခြင်း ဖြစ်သည်။
"နယူးရီးယားညမှာ ရန်ကုန်မှာ ဖျော်ဖြေဖို့ ရှိပါတယ်။ IC ရဲ့ပင်တိုင် အဆိုရှင် လေးဦးပါပဲ။ ရုပ်သံလုံး၀ မလွှင့်ပါဘူး။ နှစ်သစ်ကို ရော့ခ်သီချင်းတွေနဲ့ ကြိုဆိုနိုင်ဖို့ အတွက် စီစဉ်နေတာပါ။IC အဖွဲ့သားတွေလည်း ဆို မယ့် သီချင်းတွေက အစ တီးမယ့်ပုံစံတွေ၊ မီးအလင်း အမှောင်တွေ၊ တင်ဆက်မှုတွေ အား လုံးသေချာ ပြင်ဆင်သွားပါမယ်။ မတ်တတ်ရပ် တစ်မျိုးတည်းပဲ လက်မှတ် ရောင်းချသွားမှာပါ။ အားလုံး ပျော်ပျော်ပါးပါး ကြည့်နိုင်အောင် စီစဉ်တာပါ။ ပွဲကိုတော့ ည ၉ နာရီ မှစပါမယ်။ Count Down ပြီးတာနဲ့ ပွဲပြီးမှာပါ။ IC နဲ့နှစ်သစ်ကို ကြိုနိုင်မှာပါ" ဟု အဆိုပါ ဖျော်ဖြေပွဲအား စီစဉ်သည့် ကိုရှမ်းမက ရှင်းပြသည်။
Iron Cross တီးဝိုင်း၏ နယူးရီးယားည ဖျော်ဖြေပွဲ လက်မှတ်များကို ကျပ် ၁၀၀၀၀ ဟု သတ်မှတ်ထားပြီး ဒီဇင်ဘာ ၂၀ ရက် ဝန်းကျင်တွင် လက်မှတ်များအား စတင် ရောင်းချသွားရန် စီစဉ် ထားသည်ဟု သိရသည်။ Iron Cross တီးဝိုင်းသည် ရုပ်သံလိုင်းမှ တိုက်ရိုက် ထုတ်လွှင့်သည့် Music Tour ဖျော် ဖြေပွဲမျာ းပြုလုပ်ရန်လည်း စီစဉ်ထားပြီး ယခု ဖျော်ဖြေပွဲမှာမူ ရုပ်သံမှ တစ်ဆင့် ထုတ်လွှင့်မည် မဟုတ်ဘဲ ဖျော်ဖြေပွဲ သီးသန့်သာ ပြုလုပ်သွားမည်ဟု သိရသည်။ Iron Cross တီးဝိုင်းနှင့် အဆိုရှင်များသည် နယူးရီးယားည ဖျော်ဖြေပွဲအတွက် လိုအပ်သည့် ပြင်ဆင်မှုများကို ဖျော်ဖြေပွဲ မတိုင်မီ ပြုလုပ်သွားမည် ဖြစ်ပြီး ထူးခြားသည့် တင်ဆက်မှုများဖြင့် ပြုလုပ်ရန် စီစဉ်ထားသည်ဟု သိရသည်။       
Iron Cross တီးဝိုင်းအနေဖြင့် Live 90 ဖျော်ဖြေပွဲ များကိုလည်း ပြုလုပ်လျက် ရှိပြီး ဒီဇင်ဘာ ၁၁ ရက်တွင် မျိုးကြီး၏ Live 90 တစ်ကိုယ်တော် ဖျော်ဖြေပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
                        

Most Read

Most Recent