မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်အကြို လှုပ်ရှားမှုအစီအစဉ် တော်ဝင်စင်တာတွင် ယနေ့ပြုလုပ်

မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်အကြို လှုပ်ရှားမှုအစီအစဉ် တော်ဝင်စင်တာတွင် ယနေ့ပြုလုပ်
Published 9 December 2015

မြန်မာကာတွန်းပွဲတော် နှစ် ၁၀၀ ပြည့် အကြိုလှုပ်ရှားမှုပွဲနှင့် ရန်ပုံငွေရှာဖွေပွဲကို ဒီဇင်ဘာ ၉ ရက်တွင် ရန်ကုန်မြို့ရှိ တော်ဝင်စင်တာတွင် ကျင်းပခဲ့သည်။
 
အဆိုပါ အကြိုလှုပ်ရှားမှုပွဲတွင် ကာတွန်းဆရာများမှ တီရှပ်များပေါ်တွင် ကာတွန်းဇာတ်ကောင်များရေးဆွဲခြင်းနှင့် လက်မှတ်ရေးထိုးခြင်း၊ ကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်တွင် ပြုလုပ်မည့် အစီအစဉ်များအား လက်ကမ်းစာစောင်များ ဝေပေးခြင်းတို့ကို ပြုလုပ်ခဲ့သည်။
 
ဒါ့အပြင် ဒီဇင်ဘာ ၁၂ ရက်နေ့နှင့် ၁၃ ရက်နေ့များတွင်လည်း ရန်ကုန်မြို့ရှိ Happy World ကစားကွင်းတွင်လည်း ယနေ့အစီအစဉ်ကဲ့သို့ပင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
 
“ကာတွန်းရာပြည့်ပွဲအတွက် အကြိုလှုံ့ဆော်ပွဲနဲ့ ရန်ပုံငွေရှာဖွေပွဲပါပဲ။ လက်တွေ့ ကာတွန်းရေးဆွဲတဲ့ပုံစံပေါ့။ နောက်ရက်တွေလဲ လုပ်ဖို့ရှိပါတယ်” ဟု ကာတွန်း စိုးသော်တာက ပြောသည်။
 
အဆိုပါ လှုပ်ရှားမှုပွဲတွင် ကာတွန်းဆရာ ၁၅ ယောက်မှ ပါဝင်ခဲ့ပြီး တီရှပ်များပေါ်တွင် ကာတွန်းရေးဆွဲပေးခြင်းများကို ပြုလုပ်ခဲ့သည်။
 
မြန်မာကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတော်ကို ဒီဇင်ဘာ ၃၀ ရက်နေ့နှင့် ၃၁ နေ့ တွင် ရန်ကုန်မြို့ရှိ MCC ခန်းမတွင် ကျင်းပပြုလုပ်မည် ဖြစ်သည်။ အဆိုပါပွဲတွင် ဟောပြောပွဲ၊ စာတမ်းဖတ်ပွဲ၊ ကာတွန်းပြပွဲ၊ ကာတွန်းပြိုင်ပွဲ၊ ကာတွန်းဆရာများ၏ အငြိမ့်၊ ကာတွန်းစာအုပ်ပြပွဲ နှင့် ကလေးငယ်များအတွက် ပျော်ပွဲရွှင်ပွဲများ ပါဝင်မည်ဖြစ်သည်။
 
ကာတွန်း နှစ် ၁၀၀ ပြည့်ပွဲတွင် မြန်မာတစ်နိုင်ငံလုံးမှ ကာတွန်းဆရာများ ပါဝင်ပြသမည်ဖြစ်ကြောင်းလည်း သိရသည်။ 
 

Most Read

Most Recent