စာအုပ် လာရောက် ရောင်းချသည့် ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ် သင်္ဘောရောက်ရှိသည့် ၁၂ ရက်တာ ကာလအတွင်း သွားရောက်ကြည့်ရှုသူ တစ်သိန်းကျော်ဖြင့် စံချိန်တင်များပြားခဲ့

စာအုပ် လာရောက် ရောင်းချသည့် ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ် သင်္ဘောရောက်ရှိသည့် ၁၂ ရက်တာ ကာလအတွင်း သွားရောက်ကြည့်ရှုသူ တစ်သိန်းကျော်ဖြင့် စံချိန်တင်များပြားခဲ့
Published 16 October 2015
ပြည့်စုံနေဝင်း၊ နှင်းဝေေ၀နွယ်

မြန်မာနိုင်ငံသို့ စာအုပ် လာရောက် ရောင်းချသည့် ကမ္ဘာ့အကြီးဆုံး ရေပေါ်စာအုပ် သင်္ဘော Logos Hope ဆိုက်ကပ်ထားသည့် ၁၂ ရက်တာ ကာလအတွင်း သွားရောက် ကြည့်ရှု လေ့လာသူ တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ သင်္ဘောကြီးသည် အလုံ အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းတွင် အောက်တိုဘာ ၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်ကာ အခမဲ့ လာရောက် လေ့လာခွင့် ပေးခဲ့ပြီး စာအုပ် အမျိုးအစားပေါင်း ၅၀၀၀ကျော် ပါဝင်သည့် အင်္ဂလိပ်ဘာသာဖြင့် ရိုက်နှိပ် ထုတ်ဝေထားသည့် စာအုပ်များကို အနည်းဆုံး မြန်မာငွေ ကျပ် ၂၄၀၀ မှစတင်ကာ ရောင်းချပေးခဲ့သည်။
Logos Hope ရေပေါ် စာအုပ်သင်္ဘောပေါ်သို့ လာရောက်ကြည့်ရှုသူ ဦးရေမှာလည်း တစ်ရက်လျှင် ပျမ်းမျှ ၇၀၀၀ ဝန်းကျင်ခန့် ရှိခဲ့ပြီး သင်္ဘောပေါ်သို့ ရောက်ရှိရန် အချိန်အတန်ကြာ တန်းစီရခြင်း၊ ငွေရှင်းရန် အချိန်ကြာ တန်းစီရခြင်းတို့ကို ဝေဖန်မှု အချို့လည်း ရှိခဲ့သည်။
“ဒီလို ကမ္ဘာလှည့်ရောင်းတဲ့ ရည်ရွယ်ချက်က အသိပညာ ဗဟုသုတတွေ မျှဝေချင်လို့ စာအုပ်ပေါင်းများစွာကို တစ်နေရာတည်းမှာ ရစေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ မြန်မာနိုင်ငံကို နောက် ၁၀ နှစ် နောက်ပိုင်းမှာ ထပ်လာပါ့ မယ်”ဟု Logos Hope Media Relation Officer Lvy Chiuက ပြောကြားသည်။
အဆိုပါ စာအုပ်သင်္ဘောကြီးတွင် အများဆုံး ရောင်းချရသည့်စာအုပ်မှာ ကလေးစာပေ အမျိုးအစား ဖြစ်ကြောင်း သိရသည်။ ထို့ပြင် တခြားသော အာရှနိုင်ငံများတွင်လည်း အများဆုံး ရောင်းချရသည့် စာအုပ်များမှာ သမိုင်းကြောင်း စာအုပ်နှင့် ကလေးအကြိုက် စာအုပ်များ ဖြစ်ကြောင်း သိရသည်။
Logos Hope ရေပေါ်စာအုပ် သင်္ဘောကြီးသည် ဂျာမနီနိုင်ငံမှ ဖြစ်ပြီး Logos အမည်ရှိ စာအုပ်သင်္ဘောကြီး လေးစင်းဖြင့် ကမ္ဘာ့ နိုင်ငံပေါင်း ၁၆၀ ကျော်ကို လှည့်လည် ရောင်းချခဲ့ကြောင်း သိရသည်။ ယခု မြန်မာနိုင်ငံသို့ လာရောက်သည့် Logos Hope အမည်ရှိ သင်္ဘောကြီးကမူ နိုင်ငံပေါင်း ၆၀ ကျော်ကို လှည့်လည် ရောင်းချခဲ့သော သင်္ဘောကြီး ဖြစ်သည်။
ယင်းသင်္ဘောနှင့်အတူ နိုင်ငံပေါင်း ၆၀ ကျော်မှ လုပ်အားပေးသူ ၄၀၀ ခန့် ပါဝင် လိုက်ပါလာခဲ့ခြင်း ဖြစ်သည်။ သင်္ဘောပေါ်မှ စာအုပ် ရောင်းရငွေများကို ကမ္ဘာအနှံ့ လှည့်လည် သွားလာရာတွင် ကုန်ကျသည့် စရိတ် အချို့နှင့် ပရဟိတ လုပ်ငန်းများတွင် ပြန်လည် အသုံးပြုကြောင်း သိရသည်။               
ရေပေါ်စာအုပ်သင်္ဘောသည် ယခုနှစ်အတွင်း အရှေ့တောင်အာရှနိုင်ငံများကို အဓိကထား လှည့်လည်နေခြင်း ဖြစ်ကာ ရန်ကုန် ခရီးစဉ်ပြီးနောက် သီရိလင်္ကာနိုင်ငံသို့ သွားရောက်မည်ဟု သိရသည်။
ယခု ၂၀၁၅ ခုနှစ်အတွင်း ထိုင်ဝမ်၊ ဟောင်ကောင်၊ တောင်ကိုးရီးယား၊ ဂျပန်၊ စင်ကာပူ၊ ထိုင်း၊ ဖိလစ်ပိုင်၊ မလေးရှား အစရှိသည့် နိုင်ငံများကို သွားရောက်ခဲ့ပြီး လာမည့် ၂၀၁၆ ခုနှစ်တွင် တောင်အာဖရိကနိုင်ငံ များသို့ သွားရောက်ရန် ရည်ရွယ်ထားကြောင်း သိရသည်။
Logos Hope ရေပေါ် စာအုပ်သင်္ဘောသည် စာပေအရင်းအမြစ် ပြန့်ပွားစေရန်၊ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ယဉ်ကျေးမှုဆိုင်ရာ ဖလှယ်ခြင်းနှင့် ရင်းနှီးချစ်ကြည်စေရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့နိုင်ငံ အနှံ့အပြားသို့ လှည့်လည် သွားလာကာ အမျိုးအစားပေါင်း ၅၀၀၀ ကျော်သည့် စာအုပ်များကို သင့်လျော်သည့် ဈေးနှုန်း များဖြင့် ရောင်းချခြင်း၊ ဆိုက်ကပ် ရောက်ရှိရာ နိုင်ငံများအလိုက် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်များ၊ ပျော်ပွဲရွှင်ပွဲများ ကျင်းပပေးခြင်းတို့ကို ပြုလုပ်လျက်ရှိသည့် ရေပေါ်စာအုပ် သင်္ဘော ဖြစ်ကြောင်း သိရသည်။            

Most Read

Most Recent