မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ရန်ပုံငွေအတွက် တေးသံရှင် ခင်မောင်တိုး ဝတ်ဆင်ခဲ့သည့် သားရေဂျာကင် အင်္ကျီကို လေလံတင် ရောင်းချပွဲ ပြုလုပ်မည်

မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ရန်ပုံငွေအတွက် တေးသံရှင် ခင်မောင်တိုး ဝတ်ဆင်ခဲ့သည့် သားရေဂျာကင် အင်္ကျီကို လေလံတင် ရောင်းချပွဲ ပြုလုပ်မည်
Published 15 October 2015
မင်းသန့်၊ ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေး ရန်ပုံငွေအတွက် ကွယ်လွန်သွားခဲ့ပြီဖြစ်သည့်  တေးသံ ရှင်ခင်မောင်တိုး အမြတ်တနိုး ဝတ်ဆင်ခဲ့သည့် သားရေဂျာကင် အင်္ကျီကို အောက်တိုဘာ ၂၈ ရက် ညတွင် မန္တလေးမြို့၌ လေလံတင် ရောင်းချပွဲ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
တေးသံရှင် ခင်မောင်တိုး အမြတ်တနိုး ဝတ်ဆင်ခဲ့သည့် အမေရိကန် နိုင်ငံထုတ် Top Gun အမှတ်တံဆိပ် သားရေဂျာကင် အင်္ကျီအား အောက်တိုဘာ ၁၃ ရက်မှ ၂၈ ရက် လေလံပွဲနေ့အထိ လေလံဈေး ဖွင့်လှစ်ထားမည်ဖြစ်ပြီး အောက်တိုဘာ ၂၈ ည ၇ နာရီ အချိန်တွင် လေလံပွဲအား စတင်မည်ဖြစ်ကာ မန္တလေးမြို့ရှိ ပဒုမ္မာခန်းမ၌ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
“လေလံပွဲကို အောက်တိုဘာ ၂၈ ရက်မှာ ပြုလုပ်သွားမယ်။ အဲဒီနေ့မှာက မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မြို့တွင်းကို အနုပညာရှင်တွေက လှည့်လည် ဖျော်ဖြေတာတွေ လုပ်သွားမယ်။ ဖျော်ဖြေရေး လုပ်နေချိန်မှာလည်း လေလံနဲ့ ပတ်သက်ပြီး အများသိအောင် ထပ်ပြီးကြေညာမှုတွေ လုပ်သွားမှာပါ။ လေလံ အောင်မြင်တဲ့သူကိုလည်း သူ့ရဲ့နေအိမ် အရောက် ဖျော်ဖြေရေး အဖွဲ့တွေက လိုက်ပြီး ပို့ဆောင်ပေးသွားမှာပါ”ဟု လေလံပွဲနှင့် ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင်ဆရာ ရွှေနောင်ရိုးက ပြောကြားသည်။
လက်ရှိအချိန်တွင် တေးသံရှင် ခင်မောင်တိုး ဝတ်ဆင်ခဲ့သည့် သားရေဂျာကင်အင်္ကျီအား မန္တလေးမြို့မှ ကျောက်မျက်လုပ်ငန်းရှင် တစ်ဦးက ၁၀ သိန်းကျပ်ဖြင့် စတင် ဈေးပေးထားကြောင်း သိရပြီး လေလံပွဲနှင့် ပတ်သက်၍ ခင်မောင်တိုး သို့မဟုတ် ဝေးခဲ့ပြီ ပန်းခရမ်းပြာ ဆိုသည့် Facebook စာမျက်နှာတွင်လည်း လေလံ လျှောက်ထားနိုင်မည် ဖြစ်ကြောင်း သိရသည်။
“ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်းကို အောင်နိုင်ရေးနဲ့ ပတ်သက်ပြီးတော့ သူအားရတဲ့ အနေအထားလည်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို အားလုံးကနေပြီး ဝန်းရံကူညီပေးကြပါလို့ ပြောချင်ပါတယ်။ ကိုခင်မောင်တိုးကြီး အမြတ်တနိုး ဝတ်ဆင်ခဲ့တဲ့ သားရေဂျာကင်ကို မန္တလေးတိုင်း ဒေသကြီး NLD အောင်နိုင်ရေးအတွက် လှူဒါန်းပေးတာကို အရမ်းပဲ ဝမ်းသာရပါတယ်။ ကိုခင်မောင်တိုးကြီးက ပြည်သူတွေက ချစ်ကြတဲ့ အနုပညာရှင် တစ်ဦးဖြစ်သလို ပြည်သူတွေကိုလည်း ချစ်တဲ့အနုပညာရှင် တစ်ဦးပါ” ဟု အမရပူရမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါက်တာဇော်မြင့်မောင်က ပြောကြားသည်။
စတီဒီယို တေးသံရှင် ခင်မောင်တိုးမှာ သူမကွယ်လွန်မီ အချိန် ၂၀၁၂ ခုနှစ်အတွင်း ကြားဖြတ်ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ် ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရန်ပုံငွေပွဲအတွက် တေးသီချင်းများ သီဆိုပေးခဲ့သူ လည်းဖြစ်သည်။ တေးသံရှင် ခင်မောင်တိုး အမြတ်တနိုး ဝတ်ဆင်ခဲ့သည့် အမေရိကန် နိုင်ငံထုတ် အမှတ်တံဆိပ် သားရေဂျာကင် အင်္ကျီအား အောက်တိုဘာ ၂၈ ရက်တွင် လေလံဖွင့်လှစ် ရောင်းချပေးသွားမည် ဖြစ်ပြီး လေလံနှင့် ပတ်သက်၍ ဆရာရွှေနောင်ရိုး ၀၉၄၃၀၁၃၀၆၁၊ ကိုမြင့်ချို ၀၉၂၀၀၃၂၉၂၊ ကိုဝေယံ ၀၉၂၀၁၂၉၆၄၊ ဦးရွှေလှ ၀၉၄၃၁၆-၁၄၁၂ တို့သို့ ဆက်သွယ် မေးမြန်းနိုင်ကြောင်း သိရသည်။

Most Read

Most Recent