မြန်မာ ကလေးငယ်များအတွက် လှူဒါန်းသွားမယ့် အီတလီ အဆိုတော် Matteo Setti နဲ့ ချမ်းချမ်းတို့ရဲ့ ပရဟိတ ဖျော်ဖြေပွဲ ရက်သတ္တပတ်

မြန်မာ ကလေးငယ်များအတွက် လှူဒါန်းသွားမယ့် အီတလီ အဆိုတော် Matteo Setti နဲ့ ချမ်းချမ်းတို့ရဲ့ ပရဟိတ ဖျော်ဖြေပွဲ ရက်သတ္တပတ်
Published 10 October 2015
လင်းလင်းခိုင်

တစ်ပတ်တာလုံးမှာ နေ့စဉ် စားဝတ်နေရေးအတွက် လှုပ်ရှား ရုန်းကန်မှုတွေ၊ ပင်ပန်းနွမ်းနယ်မှုတွေကို ဖြတ်သန်း အပြီးမှာတော့ စိတ်ရောလူပါ အနားယူရမယ့် အားလပ်ရက် စနေ၊ တနင်္ဂနွေကို ရောက်ရှိလို့ လာခဲ့ပြန်ပါပြီ။လူအမျိုးမျိုး စိတ်အထွေထွေ ဆိုသလို မိမိတို့ရဲ့ အားလပ်ရက်မှာ ခရီးတိုလေးထွက်လို့ အပန်းဖြေသူ ရှိသလို မိမိနှစ်သက်ရာ အနုပညာ ဖျော်ဖြေမှုတွေနဲ့ ကုန်ဆုံးလိုသူတွေလည်း ရှိပါတယ်။ ဒါ့အပြင် မိသားစုနဲ့အတူ စားမြိန်ဖွယ်ရာ ချက်ပြုတ်စားသောက်ရင်း အားလပ်ရက်ကို ဖြတ်သန်းလိုသူတွေလည်း ရှိပါတယ်။မိမိတို့ရဲ့အားလပ်ရက်မှာ ဖျော်ဖြေရေး အစီအစဉ်တွေနဲ့ ဖြတ်သန်းလိုသူတွေ အတွက်တော့ အခုတစ်ပတ် အားလပ်ရက် စနေနေ့မှာ ဖျော်ဖြေပွဲ တစ်ပွဲက စောင့်ကြိုလို့ နေပါတယ်။ ပရဟိတ ဖျော်ဖြေပွဲလို့ဆိုပြီး ရရှိလာတဲ့ အကျိုးအမြတ်တွေကို မြန်မာနိုင်ငံမှာရှိတဲ့ မိဘမဲ့ ကလေးတွေ၊ မသန်စွမ်း ကလေးတွေနဲ့ ရေဘေးသင့် ဒေသတွေက ကလေးငယ်တွေကို လှူဒါန်းသွားမှာပါ။ ဖျော်ဖြေမယ့် သူတွေကတော့ အီတလီ အဆိုတော် Matteo Setti နဲ့ မြန်မာ အဆိုတော် ချမ်းချမ်းတို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သရုပ်ဆောင် အောင်ရဲလင်း၊ အောန်ဆိုင်းနဲ့ အေးမြတ်သူ တို့ကလည်း ပါဝင်ပေးကြမယ်လို့ ဆိုပါတယ်။ ဒါကြောင့် ဂီတ သံစဉ်တွေနဲ့အတူ ပရဟိတအတွက် ပါဝင်နိုင်မယ့် ဖျော်ဖြေပွဲပါ။  ဒီဖျော်ဖြေပွဲကို အောက်တိုဘာ ၁၀ ရက် ညနေ ၆ နာရီခွဲမှာ ရန်ကုန်မြို့ Chatrium Hotel မှာ ပြုလုပ်သွားမှာပါ။ လက်မှတ် နှုန်းထားကိုတော့ အမေရိကန် ဒေါ်လာ ၆၅ ဒေါ်လာ သတ်မှတ်ထားပါတယ်။“အီတလီ အဆိုတော် Matteo Setti နဲ့ ပူးပေါင်း ပြုလုပ်မယ့် ဖျော်ဖြေပွဲက စလုပ်ကတည်းကလည်း ကလေးတွေအတွက် ရည်ရွယ်ပြုလုပ်တာပါ။ မိဘမဲ့ ကလေးတွေ၊ မသန်စွမ်း ကလေးတွေအတွက် ရည်ရွယ်ထားတာပါ။ အခုတော့ ရေဘေးဒဏ်ကို မြန်မာနိုင်ငံ တစ်ဝန်းကသူတွေ ခံစားရတဲ့အခါကျတော့ အဲဒီ ဒေသတွေက ကလေးငယ်တွေရဲ့ ကျန်းမာရေး၊ ပညာရေး စတဲ့ ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်တွေမှာပါဝင်ဖို့အတွက် ဖျော်ဖြေပွဲက ရရှိလာတဲ့ အကျိုးအမြတ်တွေထဲက ၁၀ ရာခိုင်နှုန်းကို လှူဒါန်းဖို့ စီစဉ်ထားပါတယ်။ ကျန်တဲ့ ငွေတွေကိုတော့ မူလ ရည်ရွယ်ချက် အတိုင်းပဲ မိဘမဲ့ ကလေးတွေနဲ့ မသန်စွမ်း ကလေးတွေအတွက် လှူဒါန်းသွားမှာပါ။ ချမ်းချမ်းလည်း ဒီလို အလှူပွဲမျိုးမှာ ပါဝင်ခွင့် ရတဲ့အတွက် ကြည်နူးပီတိ ဖြစ်ပါတယ်” လို့ ဖျော်ဖြေပွဲမှာ ပါဝင်သီဆိုမယ့် ချမ်းချမ်းက ဆိုပါတယ်။Music for Myanmar ဂီတဖျော်ဖြေပွဲက ရရှိလာတဲ့ ရန်ပုံငွေတွေကို မေရီချက်ပ်မင်း ကျောင်းက ကလေးငယ်များ အပါအဝင် မသန်စွမ်း ကလေးငယ်များ၊ မိဘမဲ့ ကလေးငယ်များအတွက် လိုအပ်တဲ့ ကူညီလှူဒါန်းမှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။ဒီဖျော်ဖြေပွဲအတွက် လာရောက် သီဆိုမယ့် အီတလီ အဆိုတော် Matteo Setti က အီတလီ နိုင်ငံမှာ ထင်ရှားတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပြီး အမေရိကန် နိုင်ငံမှာ ၎င်းရဲ့ အယ်လ်ဘမ်ကို သွားရောက် ဖြန့်ချိခဲ့ကာ အမေရိကန် နိုင်ငံတစ်ဝန်းမှာ လှည့်လည်ဖျော်ဖြေမှုတွေ ပြုလုပ်ဖို့ စီစဉ်နေသူ တစ်ဦးပါ။ဒါကြောင့် ဒီတစ်ပတ်မှာတော့ ဂီတသံစဉ်တွေကို အားပေး နားဆင်ရင်း ပရဟိတ အလှူမှာ တစ်စိတ်တစ်ဒေသ ပါဝင်ချင်သူတွေအတွက် Music for Myanmar က စောင့်ကြိုလို့ နေပါတယ်။

Most Read

Most Recent