ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ လူကူးကြိုးတံတား ဆောက်လုပ်လှူဒါန်းမည်ဟု ဆိုကာ မြေနေရာသတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရန် ပိုင်ရှင်ဖြစ်သူက အုပ်ချုပ်ရေးမှူးထံ တင်ပြ

ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းမှ လူကူးကြိုးတံတား ဆောက်လုပ်လှူဒါန်းမည်ဟု ဆိုကာ မြေနေရာသတ်မှတ်ထားခြင်းကို ပယ်ဖျက်ပေးရန် ပိုင်ရှင်ဖြစ်သူက အုပ်ချုပ်ရေးမှူးထံ တင်ပြ
Published 26 September 2015
မခိုင် (လွိုင်ကော်)

ကယားပြည်နယ် ဘော်လခဲမြို့နယ် ရေနီပေါက်ရွာအနီး ပွန်ချောင်း အနောက်ဘက်ကမ်းတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက လူကူးကြိုးတံတား ဆောက်လုပ်လှူဒါန်းမည်ဟု  သတ်မှတ်ထားသောမြေနေရာသည်  ပိုင်ရှင်ရှိသောနေရာဖြစ်သဖြင့် မူလပိုင်ရှင်ဖြစ်သူက ပယ်ဖျက်ပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးထံ တင်ပြထားကြောင်း သိရသည်။
 
“ဒီမြေကို  ကျွန်မတို့ဝယ်ထားတာ  ကြာပါပြီ။ လယ်ယာမြေပုံစံ (၇) အမည်ပေါက်ထားပါတယ်။ ဒီနေရာကို ကြိုးတံတား ဆောက်မယ်ဆိုပြီး  ဆိုင်းဘုတ်လာတင်တာကို ကျွန်မတို့ စက်တင်ဘာ ၂၂ ရက်ကမှ သိရတာပါ။ သိသိချင်း ရေနီကန်အုပ်ချုပ်ရေးမှူးကို အကြောင်းကြားပါတယ်။ သူတို့က မြေတန်ဖိုးပြန်ပေးမယ်ဆိုရင်ကော ဆိုပြီး မေးလာပါတယ် ။ ကျွန်မတို့က တန်ဖိုးပြန်လိုချင်လို့ မဟုတ်ပါဘူး။ ပိုင်ရှင်မသိဘဲနဲ့  လုပ်ချင်တိုင်းလုပ်တာကို  မကြိုက်တာပါ။  ဥပဒေမဲ့သလို  ခံစားရလို့ပါ”  ဟု ပိုင်ရှင်ဖြစ်သူ မမေလေးက ပြောကြားသည်။
 
ကြိုးတံတားဆောက်ရန် ဆိုင်းဘုတ်လာတင်ထားသည်ကို  သက်ဆိုင်ရာဌာန အသီးသီးသို့ သွားရောက်အကြောင်းကြားထားပြီး ဘော်လခဲမြေစာရင်းနှင့် အုပ်ချုပ်ရေးရုံးများသို့ ကြိုးတံတားတည်ဆောက်မှုနှင့် ပတ်သက်၍ ပိုင်ရှင်ကိုယ်တိုင် သွားရောက်မေးမြန်းရာ မသိရှိကြောင်း ပြန်လည်ဖြေဆိုသည်ဟု သိရသည်။
 
“ကျွန်မတို့ခြံက မျက်နှာစာ ပေ ၂၀၀ လောက်ရှိပါတယ်။ ခြံထဲမှာ ဓာတ်တိုင်က လည်းရှိနေတော့ ကျန်တဲ့နေရာ လုပ်မယ်နဲ့တူတယ်။ သူတို့ ဘယ်လောက်သုံးမလဲ မသိဘူး။ ချောင်းဟိုဘက်ကမ်းသွားတဲ့ လှေဆိပ်သွားတဲ့လမ်းလည်းရှိနေတာကို မသုံးဘဲနဲ့ ဘာလို့ ကျွန်မတို့ခြံဘက် လာသုံးတာလည်း မသိဘူး။ အခုအထိတော့ ဘယ်သူကမှ အကြောင်းမကြားဘူး” ဟု မမေလေးက ဆက်လက်ပြောကြားသည်။
 
ဘော်လခဲမြို့နယ်မှာ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းက  တစ်သီးပုဂ္ဂလအမျိုးသားလွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် မဲဆန္ဒနယ် အမှတ် (၉) တွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး  ယခုလှူဒါန်းမည့် ကြိုးတံတားအပါအဝင်  ယခင်ကလည်း  လှူဒါန်းမှုအမျိုးမျိုးအား ဆက်တိုက်ဆိုသလို ပြုလုပ်နေသည်ဟုလည်း သိရသည်။
 

Most Read

Most Recent