ဒဂုံမြို့သစ်အရှေ့ပိုင်း၌ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိပြီးနောက် မရမ်းကုန်းမြို့နယ်တွင်လည်း ကျပ်သန်း ၃၂၀ ကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား ၆၅၀၀၀ ကျော် ထပ်မံဖမ်းဆီးရမိ

ဒဂုံမြို့သစ်အရှေ့ပိုင်း၌ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိပြီးနောက် မရမ်းကုန်းမြို့နယ်တွင်လည်း ကျပ်သန်း ၃၂၀ ကျော်တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား ၆၅၀၀၀ ကျော် ထပ်မံဖမ်းဆီးရမိ
Published 26 September 2015
မင်းသိန်းနိုင်၊ ကြည်နိုင်

ဒဂုံအရှေ့ပိုင်းမြို့နယ်အတွင်း နေအိမ်တစ်အိမ်မှ ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြားများ ဖမ်းဆီးရမိပြီးနောက် မရမ်းကုန်းမြို့နယ်တွင်လည်း ကျပ်သန်း ၃၂၀ ကျော် တန်ဖိုးရှိ ပိုင်ရှင်မဲ့ မူးယစ်ဆေးပြား ၆၅၀၀၀ ကျော် သိမ်းဆည်းရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ရဲအရာရှိ တစ်ဦးထံမှ စက်တင်ဘာ ၂၅ ရက် ညပိုင်းက သိရသည်။
 
“အခုသိမ်းဆည်းရမိတဲ့ မူးယစ်ဆေးပြားတွေက ချောင်းထဲမှာ ပီနံအိတ်နဲ့ မျောလာတဲ့ ပိုင်ရှင်မဲ့ မူးယစ်ဆေးပြားတွေ ဖြစ်ပါတယ်။ ဒါကို အဲဒီနားမှာနေတဲ့သူတွေက တွေ့ရှိပြီးတော့ ရဲစခန်းကို အကြောင်းကြားတယ်။ ဆေးပြားတွေက ရေစိုနေတဲ့အတွက် အနံ့ပြင်းတယ်။ ရှူမိရင်နှာခေါင်းက သွေးထွက်တတ်တဲ့အတွက် နယ်မြေခံရဲအရာရှိတွေက နှာခေါင်းစည်းတွေနဲ့ သွားပြီး စစ်ဆေးခဲ့ရတယ်လို့ သိရတယ်”ဟု ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက် မြို့သစ် (၁) လမ်းရှိ ရိုးကြီးချောင်းအတွင်း အထုပ်တစ်ထုပ် မျောပါလာသည်ကို ယင်းချောင်းအနီး နေထိုင်သည့်သူများက မြင်တွေ့ခဲ့ပြီး ချိတ်ဖြင့် လှမ်းဆွဲယူကာ ဖွင့်ကြည့်ခဲ့ကြကြောင်း သိရသည်။
 
“အဲဒီချောင်းနီးမှာ နေတဲ့သူတွေက အထုပ်တစ်ထုပ် ချောင်းထဲမှာမျောပါလာတာ မြင်တော့ အထုပ်မှာ ဘာပါလာမလဲဆိုတဲ့ အတွေးနဲ့ ဆယ်ယူကြတယ်။ အရင်ကလည်း မျောပါလာတဲ့ အထုပ်တွေထဲမှာ ပိုက်ဆံတွေ ဘာတွေပါတတ်လို့လဲ အခုလို့ ဆယ်ယူကြည့်တာဖြစ်တယ်လို့ သိရတယ်”ဟု အဆိုပါ ရဲအရာရှိက ဆက်လက်ပြောကြားသည်။
 
အဆိုပါ ပတ်ဝန်းကျင်တွင် နေထိုင်သူများ ယင်းအထုပ်အား ဖွင့်ကြည့်ရာ ဆေးပြားများဖြစ်နေသဖြင့် သက်ဆိုင်ရာရဲစခန်းသို့ အကြောင်းကြားခဲ့ရာ နယ်မြေခံရဲတပ်ဖွဲ့နှင့် မူးယစ်ရဲတပ်ဖွဲ့မှ အရာရှိအချို့က ဆေးပြားအထုပ်တွေ့ရှိသည့် နေရာသို့ သွားရောက် စစ်ဆေးခဲ့ကြောင်း သိရသည်။
 
ယင်းသို့ စစ်ဆေးရာ အထုပ်ထဲမှ  Y 1  အမှတ်တံဆိပ်များ ကပ်ထားသော တစ်ထုပ်လျှင် ဆေးပြား ၂၀၀ ပါ ၁၆ ထုပ်နှင့် ရေစိုတံဆိပ်ပျောက်ဆေးပြား ၂၀၀ ပါ တစ်ထုပ် စုစုပေါင်း ၃၄၀၀ ပြား၊ တစ်ထုပ်လျှင် ၆၀၀၀ ပြားပါ ၁၀ ထုပ်၊ တစ်ထုပ်လျှင် ၂၀၀ ပြားပါ စက္ကူဖြင့် ထုပ်ထားသော အထုပ် ၁၀ ထုပ် စုစုပေါင်း ဆေးပြား ၆၅၄၀၀ ပြားအား  တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
 
အဆိုပါ တွေ့ရှိသိမ်းဆည်းရမိခဲ့သည့် ဆေးပြားများမှာ ပန်းရောင်မူးယစ်ဆေးပြားများ ဖြစ်ပြီး စုစုပေါင်း ကာလတန်ဖိုးမှာ ကျပ် သန်း ၃၂၀ ကျော်အထိရှိကြောင်း သိရသည်။
 
မရမ်းကုန်းမြို့နယ်၌  ယခုဖမ်းဆီးရမိသော မူးယစ်ဆေးပြားများမှာ ယခုနှစ်အတွင်း စံချိန်တင် ဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးပြားများ၏ အရောင်နှင့် တူညီနေသော်လည်း ဆေးပြားများအား ထုပ်ပိုးထားသည့် ပါကင်ထုပ်ပိုးမှုပုံစံမှာ မတူညီကြောင်း သိရသည်။
 
အဆိုပါဖြစ်စဉ်ကို မရမ်ကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းက မူးယစ်(ပ) ၃/၂၀၁၅ ပြစ်မှုပုဒ်မ ၁၉(က)ဖြင့် အမှုဖွင့်ကာ ယင်းမူးယစ်ဆေးပြားများ ပိုင်ရှင်အား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
ယခုနှစ် ဇူလိုင်လအတွင်း ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် မင်္ဂလာဒုံမြို့နယ်၌ ရပ်ထားသော ကွန်တိန်နာယာဉ်တစ်စီးပေါ်မှ ကျပ် ၁၃၃ ဘီလျံကျော် တန်ဖိုးရှိသည့် WY  စိတ်ကြွဆေးပြား ၂၆၇ သိန်းအား စံချိန်တင် ဖမ်းဆီးရမိခဲ့သည်။
 
ယင်းဖြစ်စဉ်နှင့် ဆက်စပ်၍ သြဂုတ်လ တွင် မြောက်ဒဂုံမြို့နယ်၌ WY ပန်းရောင် မူးယစ်ဆေးပြား ၁၅သိန်းခန့်အား လည်းကောင်း၊ သာကေတမြို့နယ်၌ WY ပန်းရောင်စိတ်ကြွ ဆေးပြား ၆၀၀၀၀၀ ခန့်၊ အလျား ခြောက်လက်မ အနံ ၄ လက်မ ထု ၁ လက်မရှိ ဘလောက်တုံးများအား လည်းကောင်း ဆက်တိုက်ဆိုသလို ဖမ်းဆီးရမိခဲ့သည်။
 
အလားတူ အဆိုပါစံချိန်တင် မူးယစ်ဆေးပြားများ ဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သည်ဟုဆိုသည့် KALADAN  DELTA  DEVELOPMENT ကုမ္ပဏီ၏ မန်နေဂျင်း ဒါရိုက်တာ မင်းဦးခိုင်ဆိုသူအား စက်တင်ဘာလအတွင်း မြဝတီမြို့နယ်၌ ဖမ်းဆီးရမိခဲ့သည့် နောက်ပိုင်း ၎င်းအား စစ်ဆေးပေါ်ပေါက်ချက်အရ မြောက်ဒဂုံမြို့နယ် နေအိမ်တစ်အိမ်မှလည်း ကျပ် ၁၀ ဘီလျံခန့် တန်ဖိုးရှိ မူးယစ်ဆေးပြား နှစ်သန်းခန့် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

Most Read

Most Recent