ပြည်တွင်း၌ အခွန်လွတ်၊ အခွန်ရှောင် ထုတ်လုပ်သည့် စီးကရက်စက်ရုံ များစွာရှိနေပြီး အခွန်သတ်မှတ်ရာတွင် အခွန်နှုန်းထားများ နည်းပါးနေ

ပြည်တွင်း၌ အခွန်လွတ်၊ အခွန်ရှောင် ထုတ်လုပ်သည့် စီးကရက်စက်ရုံ များစွာရှိနေပြီး အခွန်သတ်မှတ်ရာတွင် အခွန်နှုန်းထားများ နည်းပါးနေ
Published 20 September 2015
အိသဉ္ဇာကျော်၊ ထွယ်ဆန်အောင်

မြန်မာနိုင်ငံတွင် အခွန်လွတ်၊ အခွန်ရှောင် ထုတ်လုပ်နေသည့် စီးကရက်စက်ရုံ များစွာရှိနေပြီး အခွန်သတ်မှတ်ရာတွင် စက်ရုံထွက်တန်ဖိုး (Ex-Factory) ကိုသာ အခြေခံ ကောက်ယူခြင်းကြောင့် မြန်မာနိုင်ငံတွင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံသည့် အခွန်နှုန်းထားများ နည်းပါးနေခြင်း ဖြစ်ကြောင်း “အာဆီယံဒေသ နိုင်ငံများ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်ကောက်ခံခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ” မှ သိရသည်။မြန်မာနိုင်ငံတွင် စီးကရက်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းကို ကိုလိုနီခေတ် အတွင်းက The Cigarettes Duty Act, ၁၉၃၁ ဖြင့် စီးကရက် ထုတ်လုပ်မှုအပေါ် ကောက်ခံခဲ့ခြင်းဖြစ်ပြီး လွတ်လပ်ရေး ရရှိပြီးနောက် စီးကရက်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း အခွန်ကောက်ခံမှုအား ဥပဒေများ အဆင့်ဆင့် ပြဋ္ဌာန်း၍ ကောက်ခံခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံရာတွင် ၁၉၂၂ ခုနှစ် အမြတ်ခွန် အက်ဥပဒေ၊ ၁၉၄၉ ခုနှစ် အထွေထွေရောင်းခွန် အက်ဥပဒေ၊ ၁၉၅၂ ခုနှစ် ရောင်းခွန် အက်ဥပဒေ၊ ၁၉၇၄ ခုနှစ် ဝင်ငွေခွန် ဥပဒေ၊ ၁၉၇၆ ခုနှစ် ကုန်စည်နှင့် ဝန်ဆောင်မှုခွန် ဥပဒေ၊ ၁၉၇၆ ခုနှစ် အမြတ်ခွန် ဥပဒေ၊ ၁၉၉၀ ပြည့်နှစ် ကုန်သွယ်လုပ်ငန်းခွန် ဥပဒေနှင့် ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေတို့ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။“ဒီနှစ်ဆန်းမှာ ပြည်ထောင်စု အခွန်ဥပဒေအရ ဆေးလိပ်အခွန်ကို ၁၀၀ ရာခိုင်နှုန်းကနေ ၁၂၀ ထိ တိုးသွားတယ်။ ဆေးလိပ်မှအပ အခြား ဆေးရွက်ကြီးထွက် ပစ္စည်းတွေကတော့ ရာခိုင်နှုန်း ၅၀ ကနေ ၆၀ ထိ တက်သွားတယ်။ ရာခိုင်နှုန်းအားဖြင့်တော့ တက်သွားတယ်လို့ ထင်ရပေမယ့် လောလောဆယ် ကောက်ခံနေတဲ့ အခြေခံယူနစ်က စီးကရက် တစ်ဘူးရဲ့ စက်ရုံထွက် တန်ဖိုးပေါ်မှာပဲ အခြေခံနေတယ်။ သူများနိုင်ငံတွေမှာလို ရောင်းချတဲ့ အပေါ်မှာ အခြေခံနေတာ မဟုတ်ဘူး။ အဲဒီတော့ စက်ရုံထွက် တန်ဖိုးက အရမ်းနိမ့်နေတယ်။ ကျွန်တော် ဒီရက်ပိုင်းမှာပဲ စူပါမားကက်ကနေ စီးကရက် အမျိုးအစား ဘယ်လောက်ရှိသလဲဆိုပြီး ဝယ်တာ အမျိုးအစားပေါင်း ၃၀ ရတယ်။ စူပါမားကက် တစ်မျိုးတည်းမှာတောင် အမျိုးပေါင်း ၃၀ ရတယ်ဆိုတော့ စဉ်းစားကြည့်ပေါ့။ အဲဒီမှာ တန်ဖိုး အမျိုးမျိုးရှိပြီး တချို့ဆို ငွေ ၃၀၀ လောက်ပဲ ရှိတယ်။ အလိပ် ၂၀ ဝင်တစ်ဘူးမှာမှ ၃၀၀ လောက်ပဲဆိုရင် လက်ဖက်ရည် တစ်ခွက်စာပဲ ရှိတယ်။ အခု တိုးကောက်ထားတဲ့ စက်ရုံထွက် အခွန်က ၁၂၀ ဆိုတာ ဘာမှမရှိဘူး” ဟု ပြည်သူ့ကျန်းမာရေး ဖောင်ဒေးရှင်းမှ ဒေါက်တာကျော်စိုးက ပြောပြသည်။၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ စီးကရက် ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံခဲ့သည့် ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများအရ စီးကရက်အပေါ် ကောက်ခံသည့် အခွန်မှာ ၁၂၅ ရာခိုင်နှုန်းအထိ ရှိခဲ့ကြောင်း၊ ၁၉၉၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ စီးကရက်အပေါ် ကောက်ခံသည့် အခွန်မှာ ၇၅ ရာခိုင်နှုန်းသို့ ပြန်လည် လျော့ကျသွားပြီး ၂၀၁၂ မှ ၂၀၁၄ ခုနှစ်အတွင်း ၁၀၀ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ကြောင်း၊ လက်ရှိ ၂၀၁၅ နှစ်ဆန်းပိုင်းမှ စတင်ကာ စီးကရက်အပေါ် ကောက်ခံသည့် အခွန်နှုန်းထားကို ၁၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထားကြောင်း ပြည်တွင်းအခွန် ဦးစီးဌာနမှ သိရသည်။လက်ရှိ ၂၀၁၅ ခုနှစ်တွင် စီးကရက်၊ ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် ကောက်ခံလျက်ရှိသည့် ကုန်သွယ်လုပ်ငန်းခွန် နှုန်းထားများမှာ စီးကရက်ကို ၁၂၀ ရာခိုင်နှုန်း ကောက်ခံထားပြီး အခြားဆေးရွက်ကြီးထွက် ပစ္စည်းများဖြစ်သည့် ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်နှင့် ဆေးတံအမျိုးမျိုး၊ ဆေးတံသောက်ဆေးများနှင့် ကွမ်းစားဆေး အမျိုးမျိုးတို့အပေါ် ရာခိုင်နှုန်း ၆၀ ကောက်ခံလျက်ရှိကြောင်း သိရသည်။တည်ဆဲကုန်သွယ်လုပ်ငန်းခွန် ဥပဒေပုဒ်မ (၅)၊ ပုဒ်မခွဲ(ဂ)အရ ၂၀၁၄ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက် ဥပဒေပါ စီးကရက်၊ ဆေးရွက်ကြီး၊ ဗာဂျီးနီးယား ပေါင်းတင်ပြီးဆေး၊ ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေးများနှင့် ကွမ်းစားဆေး အမျိုးမျိုး အပါအဝင် အထူးကုန်စည်များအား ကုန်ထုတ်လုပ်သူနှင့် တင်သွင်းသူမှသာ ပေးဆောင်ရခြင်းဖြစ်ကြောင်း သိရသည်။မြန်မာ အပါအဝင် အာရှပစိဖိတ် ဒေသများတွင် တရားမဝင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများ ထုတ်လုပ်ရောင်းချမှု မြင့်မားနေပြီး တရားမဝင် ကုန်သွယ်နေသည့် စီးကရက် အလိပ်ရေပေါင်း ၂၉၁ ဘီလျံအထိ ရှိနေကြောင်းနှင့် ကမ္ဘာ့အကောက်ခွန် သတင်းများအရ ကမ္ဘာပေါ်တွင် စီးကရက် ၁၀ လိပ် သောက်သုံးတိုင်းတွင် တစ်လိပ်မှာ တရားမဝင် ကုန်သွယ်မှုမှ ရလာသည့် စီးကရက်များဖြစ်ကြောင်း၊ ဖွံ့ဖြိုးပြီး နိုင်ငံများတွင် သာမက ဖွံ့ဖြိုးဆဲနိုင်ငံများမှာပါ တရားဝင်ထုတ်လုပ်မှု၏ ရာခိုင်နှုန်း ၅၀ နှင့် အထက်မှာ တရားမဝင် ကုန်သွယ်မှုဖြစ်ကြောင်း သိရသည်။

Most Read

Most Recent