မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် စီမံကိန်းများအနက် ၃၃ ခုမှာ ပြီးစီးသွားပြီဖြစ်ရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂၆၇ ဘီလျံရှိကြောင်း သိရ

မြန်မာနိုင်ငံတွင် ပြည်ပနိုင်ငံများမှ လာရောက် ရင်းနှီးမြှုပ်နှံထားသည့် ဟိုတယ် စီမံကိန်းများအနက် ၃၃ ခုမှာ ပြီးစီးသွားပြီဖြစ်ရာ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏ ဒေါ်လာ ၁ ဒသမ ၂၆၇ ဘီလျံရှိကြောင်း သိရ
Published 20 September 2015
အငယ်ထွေး၊ နီလာ

မြန်မာနိုင်ငံတွင် လက်ရှိ အချိန်အထိ ဟိုတယ် လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံရန်  MIC မှ ခွင့်ပြုမိန့် ယူထားသည့် ဟိုတယ်စီမံကိန်း ၄၇ ခု ရှိနေကြောင်းနှင့် ၃၃ ခုမှာ ဆောက်လုပ် ပြီးစီးသွားပြီ ဖြစ်ကြောင်း၊ အဆိုပါ ၃၃ ခု၏ ရင်းနှီးမြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၁ ဒသမ၂၆ ဘီလျံရှိကြောင်း သိရသည်။အလားတူ ဆောက်လုပ်နေဆဲ စီမံကိန်း ၁၁ ခုရှိပြီး စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၅၄ ဘီလျံ ရှိကြောင်း၊ ထို့အတူ MIC မှ ပြီးခဲ့သည့် နှစ်အတွင်း နောက်ထပ် နှစ်ခုကိုပါ ခွင့်ပြုပေးခဲ့ကြောင်း၊ ယင်းပမာဏသည် အမေရိကန်ဒေါ်လာ ၀ ဒသမ ၂၃၄ ဘီလျံ ရှိသည့်အတွက် စီမံကိန်း ၄၆ ခု၏ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု ပမာဏသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၅၅၇ ဘီလျံ ရှိနေကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ရရှိသော ကိန်းဂဏာန်းများအရ သိရသည်။“ ပြီးခဲ့တဲ့နှစ်က အထိ ၄၆ ခုရှိတယ်။ ဒီနှစ်တစ်ခု ထပ်ချပေးထားတယ် ဆိုတော့ စုစုပေါင်း ၄၇ ခုရှိတယ်။ ၄၇ ခု ပရောဂျက်ထဲမှာ ၃၃ ခုကတော့ ပြီးသွားပြီ။ ဟိုတယ်ခန်းပေါင်းကလည်း ၅၉၀၀ ကျော် ဖွင့်နေပါပြီ ” ဟု ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှညွှန်ကြားရေးမှူး ဒေါ်ခင်သန်းဝင်းက ပြောကြားသည်။နိုင်ငံအလိုက် ရင်းနှီးမြှုပ်နှံမှုတွင်မူ စင်ကာပူ နိုင်ငံသည် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၁ ဒသမ ၅၂၅ ဘီလျံ၊ ဗီယက်နမ်နိုင်ငံသည် ၀ ဒသမ ၄၄၀ ဘီလျံ၊ ထိုင်းနိုင်ငံသည် ၀ ဒသမ ၃၃၉ ဘီလျံ၊ ဟောင်ကောင်သည် ၀ ဒသမ ၁၅ ဘီလျံဖြင့် အသီးသီး ဦးဆောင်နေကြကြောင်း သိရသည်။ယခုနှစ်တွင် နိုင်ငံတကာ ခရီးသွားဦးရေ ၄ ဒသမ ၅သန်းအထိ ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း၊ ယခုနှစ်ပိုင်းအတွင်း ခရီးသွားဦးရေ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာကြောင်း၊ သို့သော် ၂၀၁၅ သည် ရွေးကောက်ပွဲ ရှိနေသည့် နှစ်ဖြစ်သောကြောင့် နိုင်ငံရေးဆိုင်ရာ အပြောင်းအလဲများဖြစ်ပြီး ခရီးသွား ကဏ္ဍကို ထိခိုက်မည်ကိုလည်း စိုးရိမ်နေကြကြောင်း သိရသည်။“ ရွေးကောက်ပွဲကြောင့် tourism ကို ထိခိုက်မှု မရှိပါဘူး။ လက်ရှိ ရှိပြီးသား ခရီးသွားများနေတဲ့ နေရာတွေကတော့ သိပ်ပြီးတော့ မြှင့်တင်စရာ မလိုတော့ဘူးပေါ့။ နောက်ပိုင်း ငွေဆောင်တို့ လွိုင်ကော်ဘက် ကျိုင်းတုံဘက်တွေ အသွားများ နေပါတယ်။ အမျိုးသား ပို့ကုန်မဟာ ဗျူဟာအရ လုပ်နေတဲ့ ကယားပြည်နယ်ဘက်ကလည်း မယ်ဟောင်ဆောင်ပေါ့။ အဲ့ဒါ ပွင့်သွားရင်တော့ ထိုင်းနယ်စပ်က ခရီးသွားတွေ ပိုဝင်လာလိမ့်မယ် ” ဟု ဒေါ်ခင်သန်းဝင်းက ဆက်လက် ပြောကြားသည်။ခရီးသွား ကဏ္ဍနှင့် ပတ်သက်၍ တိုးတက်လာနိုင်သည့် အလားအလာများ ရှိသော်လည်း ယခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ရေကြီးရေလျှံ ပြဿနာများကဲ့သို့ ရာသီဥတု ဖောက်ပြန်မှု ဖြစ်စဉ်များမှာ ခရီးသွား လုပ်ငန်း တိုးတက်ရေးအတွက် ခြိမ်းခြောက်နေသည့် အကြောင်းရင်းတစ်ခု ဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်းရှင် အသင်းမှ ဥက္ကဋ္ဌ ဦးအောင်မြတ်ကျော်က ပြောကြားသည်။

Most Read

Most Recent