အုတ်နှစ်ချပ်လပ်ရာမှ အစပြု၍

အုတ်နှစ်ချပ်လပ်ရာမှ အစပြု၍
Published 24 August 2015
အောင်သူ၊ လဲ့လဲ့အောင်

ကြက်ပျံမကျ စည်ကားလွန်းလှသည့် လူအုပ်အကြား လူအများစုသည် ခေါင်းကိုမော့ လက်ကိုမြှောက်ကာ ဆုတောင်းပြည့်ဘုရားဝင်ပေါက် မုခ်ဦးထက်သို့ လက်ကိုင်ဖုန်းများဖြင့် မှတ်တမ်းတင် ဓာတ်ပုံရိုက်နေကြသည်။လက်ညှိုးတထိုးထိုး၊ လည်တမော့မော့၊ ဖုန်းကင်မရာ တဖျပ်ဖျပ်ဖြင့် လူအများ စိတ်ဝင်တစား ကြည့်ရှုနေသော နေရာသည်ကား ရွှေရောင်သွန်းထားသည့် ဘုရားဝင်ပေါက် မုခ်ဦးအထက် အလယ်တည့်တည့်တွင် အုတ်ခဲနှစ်ချပ်စာ လှစ်ဟထားသည့် နေရာပင်ဖြစ်သည်။ဤသည်ကား တောင်ပြုန်းမင်းနှစ်ပါးပွဲတော် ဖြစ်တည်လာခြင်း၏ သမိုင်းအစပင် ဖြစ်လေတော့သည်။သမိုင်းရာဇဝင်လာအရ သထုံမှရောက်လာသော လူစွမ်းကောင်း ဗျတ္တနှင့် ပုပ္ပားသူ မယ်ဝဏ္ဏတို့ ပေါင်းစည်းရာက ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေးဆိုသည့် သားနှစ်ပါး ဖွားမြင်ခဲ့သည်။ ဗျတ္တ သုဝဏ္ဏဘူမိတိုက်ပွဲတွင် ကျဆုံးသွားသောအခါ သားနှစ်ပါးကို သူရဲကောင်းအဖြစ် အနော်ရထာမင်းစောမှ ခေါ်ယူမြှောက်စားခဲ့သည်။အနော်ရထာမင်းကြီးသည် ရွှေဖျဉ်းကြီး၊ ရွှေဖျဉ်းလေး ညီနောင်နှစ်ပါးအား တရုတ်ပြည်မှ စွယ်တော်မြတ်ကို သွားရောက်ပင့်ဆောင်စေခဲ့ပြီး မင်းနှစ်ပါးနှင့် မှူးမတ်များ ပင့်ဆောင်တော်မူလာသော ဗုဒ္ဓစွယ်တော်မြတ်ပွားကို မင်းကြီးကိုယ်တိုင် သွားရောက်ပင့်ဆောင်ခဲ့ရာ ပင့်ဆောင်လာသော ဖောင်တော်မှာ ယခုတောင်ပြုန်းဟု ခေါ်ဆိုသော အရပ်တွင် ရပ်တန့်ခဲ့ခြင်းကြောင့် အနော်ရထာမင်းကြီးက ၎င်းနေရာတွင် ဘုရားတည်ရန် ဆုံးဖြတ်ခဲ့သည်။ဘုရားတည်သောအခါ  အနော်ရထာမင်းကြီးက လူတစ်ဦးလျှင် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် လှူနိုင်ရန် စစ်တမ်းကောက်၍ လာရောက်ပေးရန် ကြေညာလိုက်သည်။ မြေးတော်မင်းနှစ်ပါးမှာ သောက်စားမူးယစ်နေသောကြောင့် အုတ်တစ်ချပ်၊ သဲတစ်ဆုပ် မလှူလိုက်ရသဖြင့် ဘုရားပြီးစီးသောအခါ အနော်ရထာမင်းကြီး လာရောက်ဖူးမြော်စဉ် ဘုရားရှေ့တည့်တည့်၌ အုတ်နှစ်ချပ် လပ်ဟနေသည်ကို တွေ့မြင်သွားသောအခါ အုတ်နှစ်ချပ် ပျက်ကွက်သူများကို အပြစ်ပေးရန် မှူးမတ်များကို အမိန့်ပေးလိုက်သည်။ဘုရင့်အမိန့်အရ လွန်တောင်းရွာနှင့် ဝါးရင်းတုတ်ရွာတို့မှပေးသော လွန်ကြိုးနှင့် ချည်တုပ်၍ ဝါးရင်းတုတ်နှင့် မင်းနှစ်ပါးကို အပြစ်ပေးလိုက်ခြင်းကြောင့် မင်းနှစ်ပါး သေဆုံးသွားခဲ့ရပြီး နတ်ဖြစ်ခဲ့ရာ အနော်ရထာမင်းကြီး ဖောင်တော်ဖြင့် တိုင်းခန်းလှည့်လည်စဉ် နတ်ဖြစ်သွားသော မင်းနှစ်ပါးက ကိုယ်ထင်ပြ နယ်တောင်းသောကြောင့် အနော်ရထာမင်းကြီးက အုတ်နှစ်ချပ်လပ်နေသော ဆုတောင်းပြည့်စေတီတော် ယခု တောင်ပြုန်းနယ်ကို အပိုင်စားပေးခဲ့သည်။မင်းနှစ်ပါးကို အကြောင်းပြု၍ ပျော်ပွဲရွှင်ပွဲများ ထည့်သွင်းပြုလုပ်ရာမှ တောင်ပြုန်းခေါ် ရိုးရာနတ်ပွဲတော်ကြီး ဖြစ်ပေါ်လာခဲ့သည်ဟု လေ့လာသိမှတ်ခဲ့ရသည်။အချို့စာပေများတွင် တောင်ပြုန်းမင်းနှစ်ပါးနတ်နန်းသည် အနော်ရထာမင်းလက်ထက် ပုဂံခေတ်ကတည်းက ရှိခဲ့သည်ဟု ဆိုကြသော်လည်း သမိုင်းပညာရှင်များ လေ့လာချက်အရ ပုဂံခေတ်မှ အင်းဝနှောင်းပိုင်းအထိ တောင်ပြုန်းတွင် နတ်ပူဇော်ပသသည့် ပွဲတော်ကျင်းပမှု အထောက်အထား မတွေ့ရဟုဆိုသည်။ကုန်းဘောင်ခေတ် ရောက်သည့်အခါ အချို့ဘုရင်များက တောင်ပြုန်းမင်းနှစ်ပါးနတ်နန်းကို မှူးမတ်များစေခိုင်းပြီး ဝတ္ထုပစ္စည်းများ ဆက်သစေခဲ့သော အထောက်အထားများ ရှိခဲ့သည်ဟုလည်း ဆိြုပန်၏။ဆရာမနုနုရည် (အင်းဝ) ဝတ္ထုထဲတွင် မင်းတုန်းမင်းကြီးလက်ထက်၌ တောင်ပြုန်းပွဲတော်ကြီးကို သီပေါမင်းလက်ထက်အထိ ပိတ်သိမ်းခဲ့သည်ဟု သိရသည်။ ထိုမှ ကိုလိုနီခေတ် ရောက်သည့်အခါ အင်္ဂလိပ်အစိုးရအား မကျေနပ်မှုဖြစ်နေသော ပြည်သူပြည်သားများ အာရုံလွဲစေရန် ရည်ရွယ်ကာ တောင်ပြုန်းပွဲတော်ကြီး ပြန်လည်ကျင်းပခဲ့ကြောင်း ရေးသားထားရှိသည်။ ထို့အပြင် ဆင်ဖြူ ရှင်ဘုရင့်နောင်မင်းတရားကြီး လက်ထက်တွင်လည်း တောင်ပြုန်းပွဲတော်ကြီးကို ပိတ်သိမ်းခဲ့ဖူးကြောင်း သိမှတ်ရသည်။သမိုင်းကြောင်း ပါးစပ်ရာဇဝင်များအရ တောင်ပြုန်းပွဲတော်နှင့် ပတ်သက်၍ အမျိုးမျိုးအဖုံဖုံ ရှိခဲ့သော်ငြားလည်း ခေတ်အဆက်ဆက် ကာလအထွေထွေ ရွေ့လျားကာ တောင်ပြုန်းပွဲတော်ကြီးကို ယနေ့တိုင် လူအများ လက်ခံယုံကြည် ပါဝင်ဆင်နွှဲကာ ကျင်းပလျက် ရှိပေသည်။တောင်ပြုန်းပွဲတော်ကို ဝါခေါင်လဆန်း ၇၊ ၈ ရက်တွင် စတင်ကျင်းပလေ့ရှိပြီး ဝါခေါင်လဆန်း ၁၀ ရက်တွင် နတ်ညီလာခံသဘင်၊ ဝါခေါင်လဆန်း ၁၁ ရက်တွင် ချိုးရေးတော်သုံးပွဲ ဝါခေါင်လဆန်း ၁၄ ရက်တွင် ယုန်ထိုးပွဲ၊ ဝါခေါင်လပြည့်နေ့တွင် ထိမ်ပင်ခုတ်ပွဲတော်များကို ကျင်းပကာ ဝါခေါင်လပြည့်ကျော် ၁ ရက်တွင် ဆုတောင်းပြည့်ဘုရားပွဲအဖြစ် သံဃာတော်များအား ဆွမ်းတော်ကြီးလောင်းလှူခြင်းများကို နှစ်စဉ်ပြုလုပ် ဆောင်ရွက်ကြသည်။ယခုနှစ် တောင်ပြုန်းပွဲတော်မတိုင်ခင် ရက်များက မြန်မာနိုင်ငံ တစ်ဝန်းတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းကြောင့် ပွဲတော်လာ ဧည့်ပရိသတ်များ လျော့နည်းနိုင်ဖွယ် ရှိသည်ဟု တောင်ပြုန်းပွဲသို့ လာရောက်ကြသည့် ဈေးသည်များနှင့် နှစ်စဉ်လာရောက်သည့် ကနားစီးတို့က ကြိုတင်ခန့်မှန်း သုံးသပ်ခဲ့ကြသော်လည်း တကယ့်ပွဲတော် စတင်ကျင်းပသည့် နေ့မှာပင် ရောက်ပန်းဆက်သူ၊ နတ်ပြကန်တော့ပွဲထိုးသူ၊ ဗောင်းတော်ဆက် ပဝါကပ်၊ စီးပွားလာဘ်လာဘ အလို့ငှာ ငွေကြေးဆက်သသူများ၊ ဆုတောင်းပြည့်ဘုရားအား ရွှေသင်္ကန်းကပ်လှူသူများ၊ တောင်ပြုန်းပြန် အမှတ်တရဆိုင်များ၊ အညာမုန့်အဆုံး ရောင်းသူဝယ်သူ၊ သွားသူလာသူများဖြင့် တောင်ပြုန်းပွဲတော်ကြီးမှာ စည်ကားမြဲဖြစ်သည်။တောင်ပြုန်းပွဲတော်ကြီး၏ မမြင်နိုင်သည့် ထူခြားမှုတွေလားဟု စိတ်ထဲမှာ တွေးထင်မိသည်။တောင်ပြုန်းအဝင်အထွက် လမ်းတစ်လျှောက်မှာလည်း ကလေး၊ လူငယ်၊ လူကြီး ပျိုပျို၊ အိုအို အရွယ်စုံတို့မှ ‘ပိုက်ဆံကြဲပါဗျို့’ ‘ပိုက်ဆံကြဲဗျို့’ ဟု အော်ဟစ်နေသံများက ပွဲသွား၊ ပွဲပြန်ကား၊ ဆိုင်ကယ်စက်သံများကို ကျော်လွန်ကာ လမ်းဘေးဝဲယာ လယ်ကွင်းပြင်ထက် ပျံ့လွင့်လျက် ရှိနေသည်။ဖုန်အလိမ်းလိမ်း၊ စက်အင်ဂျင် မီးခိုးငွေ့ကြားက မျက်စိတစ်ဆုံးကား၊ ဆိုင်ကယ်ယာဉ်တန်းများကို ငေးမောရင်း ရှေးယခင်က လှည်း၊ လှေ ခရီးဖြင့် စစနောက်နောက် ပျော်ပျော်ပါးပါး တောင်ပြုန်းပွဲတော်ကို လာရောက်ကြသည်ဟု လူကြီးသူမများ ပြောပြဖူးသည့် မြင်ကွင်းများမှာ ယခုဆိုလျှင် ပုံပြင်တစ်ခုသဖွယ် ရှိနေချေတော့သည်။တောင်ပြုန်းပွဲတော်ကြီးသည် လှေ၊ လှည်းခေတ်များကို ဖြတ်ကျော်ကာ ယနေ့ခေတ်ကား၊ ဆိုင်ကယ်အဆုံးထိ ဖြစ်တည်လျက်ရှိရာ နောင် မည်သို့သော ခေတ်ကာလတိုင် ဘယ်လိုပုံစံနှင့် ဆက်လက်ရွေ့လျားသွားမည် ဆိုတာကတော့ စဉ်ဆက်မပျက် ရွေ့လျားနေသည့် အချိန်ကာလက မှတ်တမ်းတင် ထားရှိပါလိမ့်မည်။သို့ပေမဲ့ အုပ်နှစ်ချပ်လပ်နေသည့် ဆုတောင်းပြည့်ဘုရားနှင့် တောင်ပြုန်းမင်းနှစ်ပါးအား ကိုးကွယ်ယုံကြည်သူများ ရှိနေသည့်တိုင် တောင်ပြုန်းပွဲတော်ကြီးမှာ ပုံစံအမျိုးမျိုး၊ အရောင်အသွေး အဖုံဖုံဖြင့် အထက်မြန်မာ အညာဒေသ၏ အထင်ကရ ပွဲတော်တစ်ခုအဖြစ် ထင်ကျန်နေပေဦးမည်ဟု တွေးဆမိပါသည်။

Most Read

Most Recent