ရွေးချယ်ရမည့် အနာဂတ်

ရွေးချယ်ရမည့် အနာဂတ်
Published 20 July 2015
ကိုသိန်း (ကျောက်ကြီး)

လူ့လောကမှ လူရယ်လို့ ဖြစ်လာရင် မိမိတို့ အနာဂတ်ကို မိမိတို့ ရွေးချယ်ပိုင်ခွင့်ရှိဖို့ လိုပါတယ်။ မိမိတို့ အနာဂတ် မိမိတို့ ရွေးချယ်ပိုင်ခွင့် ရှိကြမှသာ မိမိတို့ လျှောက်လှမ်းချင်တဲ့ အနာဂတ်ခရီးကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ကြမှာ ဖြစ်ပါတယ်။ မိမိတို့ အနာဂတ်ကို မိမိတို့ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် မရှိရင် ပညာရေး၊ စီးပွားရေး၊ လူမှုရေးတွေပါ အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေမှာ ဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန် အာဆီယံ ၁၁ နိုင်ငံထဲမှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေ အောက်ဆုံးအဆင့် ရပ်တည်နေရပြီး ဒေသတွင်း နိုင်ငံတွေကြားမှာ ကျွန်တော်တို့ လူမျိုးတွေ မျက်နှာငယ်စွာ ရပ်တည်နေရတဲ့ အနေအထားတွေဟာ နှစ်ပေါင်း ၅၀ ကျော် စစ်အာဏာရှင် စနစ်ဆိုးရဲ့ လောင်းရိပ်အောက်မှာ မိမိတို့ရဲ့ အနာဂတ်ကို မိမိတို့ကိုယ်တိုင် ရွေးချယ်ပိုင်ခွင့် မရရှိခဲ့ခြင်းရဲ့ အကျိုးဆက်တွေကြောင့်ပဲ ဖြစ်ပါတယ်။ပြောင်းလဲလာတဲ့ ခေတ်စနစ်နဲ့အတူ လူငယ်တွေရဲ့ အနာဂတ်၊ ပြည်သူတွေရဲ့ အနာဂတ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ပြုနိုင်မှသာ ပညာရေး၊ လူမှုရေး၊ စီးပွားရေးတွေဟာ အဘက်ဘက်က တိုးတက်လာမှာ ဖြစ်ပါတယ်။ လူငယ်တွေရဲ့ အနာဂတ်အတွက် သူတို့ဝါသနာပါရာကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မပေးခဲ့တဲ့ မိဘအများစုရဲ့ အတ္တတွေကြောင့် လူငယ်အများစုဟာ အချိန်တွေကုန် လူပန်းစိတ်ပန်းဖြစ်ကာ ဘွဲ့ရပညာတတ် ဖြစ်လာကြပေမယ့် မိသားစုအကျိုး၊ ပတ်ဝန်းကျင်အကျိုး၊ နိုင်ငံအကျိုးအတွက် အနုတ်လက္ခဏာကိုသာ ဖော်ဆောင်နေပါတယ်။ ထို့အတူ ခေတ်အဆက်ဆက် နိုင်ငံအကြီးအကဲတွေရဲ့ ကိုယ်ကျိုးအတ္တစိတ်တွေကြောင့် တိုင်းရင်းသား ပြည်သူတွေဟာ ယနေ့အချိန်ကာလအထိ မိမိတို့ အနာဂတ်ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် မရရှိကြဘဲ တိုင်းပြည်အဘက်ဘက်က ယိုယွင်းနေသလို ပြည်သူအများစုရဲ့ စိတ်ဓာတ်တွေဟာ အကောင်းထက် အဆိုးဘက်ကို ဦးတည်နေခြင်းပဲ ဖြစ်ပါတယ်။ယနေ့အချိန်မှာ အနာဂတ်မဲ့လာတဲ့ လူငယ်အများစုရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ များပြားလာခြင်းဟာ တိုင်းပြည်အတွက် ကောင်းတဲ့အလားအလာ မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူ အများစုကို ကြည့်လိုက်ရင် ဆယ်ကျော်သက် လူငယ်လေးတွေ ဖြစ်နေခြင်းဟာ နိုင်ငံအနာဂတ်အတွက် ရင်လေးစရာတွေ ဖြစ်နေသလို မျိုးဆက်သစ် လူငယ်တွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတော်အစိုးရ အနေနဲ့ လျစ်လျူရှု မထားသင့်ပဲ အလေးအနက်ထားဖို့ လိုအပ်နေတာကို မီးမောင်းထိုးပြနေတဲ့ သာဓကတွေ ဖြစ်ပါတယ်။ ဘွဲ့ရပြီး အလုပ်အကိုင် အခွင့်အလမ်း နည်းပါးလို့ မျှော်လင့်ချက်မဲ့နေတဲ့ လူငယ်တွေ အလုပ်အကိုင်မရှိလို့ စိတ်လေပြီး မူးယစ်ဆေးဝါးသားကောင် ဖြစ်သွားကြတဲ့ လူငယ်တွေ မိမိတို့ အရည်အချင်းနဲ့ ပြည်တွင်းမှာရနိုင်တဲ့ အလုပ်အကိုင် အခြေအနေဟာ ကျေနပ်လောက်စရာ မရှိလို့ ပြည်ပကို ထွက်ခွာသွားကြတဲ့ ပညာတတ်လူငယ်တွေ၊ မိသားစု စားဝတ်နေရေး ဖြေရှင်းဖို့အတွက် ရရာအလုပ်ကို လုပ်ဖို့ ပြည်ပကို တရားဝင်သော် လည်းကောင်း၊ တရားမဝင်သော် လည်းကောင်း ထွက်ခွာနေရတဲ့ လူငယ်တွေရဲ့ အဖြစ်ကို မျက်ကွယ်မပြုထားသင့်တော့ပါဘူး။ ယနေ့ အချိန်အခါမှာ နိုင်ငံရဲ့ အဓိက လိုအပ်ချက်ဟာ အလုပ်အကိုင် အခွင့်အလမ်းတွေပဲ ဖြစ်ပါတယ်။ အလုပ်အကိုင်တွေ ကိုယ်စီရှိကြမှလည်း လူငယ်တွေဟာ ယုံကြည်မှုတွေ ရှိကြမှာပါ။ နိုင်ငံအတွင်း အလုပ်လက်မဲ့တွေ ပေါလာတာနဲ့အမျှ လူမှုရေးပြဿနာတွေ ပေါ်ပေါက်လာနိုင်တာဟာ အရှိတရားတွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်မို့လည်း နိုင်ငံတော် အနာဂတ်အတွက် အဆုံးအဖြတ်ပေးရမဲ့ ကာလနဲ့ နီးကပ်လာချိန်မှာ အလုပ်လက်မဲ့ ပြဿနာကို နိုင်ငံတော် အစိုးရအနေနဲ့ အတတ်နိုင်ဆုံး ဖြေရှင်းဆောင်ရွက်ပေးသွားမှသာ လူမှုရေး ပြဿနာတွေက တစ်ဆင့်ပေါ်ပေါက်လာနိုင်တဲ့ ဥပဒေမဲ့ လုပ်ရပ်တွေ လျော့ပါးသွားမှာ ဖြစ်ပါတယ်။စာရေးသူတို့ ပြည်သူတွေ အနေနဲ့လည်း ဒီနေ့ ဒီအချိန်အခါမှာ မိမိတို့ ဘဝတွေကို အဆုံးအဖြတ်ပေးမယ့် အနာဂတ်ကာလအတွက် ယခင်ကထက် နိုင်ငံရေး အသိအမြင် ကြွယ်ဝဖို့ နားမျက်စိတွေ ဖွင့်ထားကြဖို့ လိုနေပါပြီ။ ကိုယ်ကိုယ်တိုင် မစူးစမ်း မဆင်ခြင် မလေ့လာကြဘဲ သူများပြောသမျှ သူများဆိုသမျှတွေကို နားယောင်နေကြဦးမယ် ဆိုရင်တော့ နောက်ထပ် နှစ်ပေါင်းများစွာ ဒီပုတ်ထဲက ဒီပဲတွေနဲ့ ဆက်လက် စခန်းသွားနေကြရပါလိမ့်မယ်။ မိမိတို့ဘဝတွေ တိုးတက်ဖို့ မိမိတို့ မျိုးဆက်သစ်တွေ တိုးတက်ဖို့အတွက် မိမိတို့ အနာဂတ်ကို မိမိတို့ကိုယ်ပိုင် ဖန်တီးနိုင်မှသာ လိုရာခရီးကို ရောက်ရှိကြမှာ ဖြစ်ပါတယ်။ အချိန်ရှိခိုက် လုံ့လမစိုက်ကြဘဲ ဘေးထိုင်ပြီး ဘိုင်ကြဘုပြော ပုံစံမျိုးတွေနဲ့ စခန်းသွားနေပြီး ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရတာဆိုတဲ့ သဘောထားတွေ၊ နိုင်ငံရေးအလုပ် နိုင်ငံရေးသမားတွေပဲ လုပ်လိမ့်မည်ဆိုတဲ့ စိတ်ထားတွေ၊ ဘာမျှဖြစ်လာမှာ မဟုတ်ပါဘူး။ ဒုံရင်းက ဒုံရင်းပါပဲဆိုတဲ့ ကျဉ်းမြောင်းတဲ့ အမြင်သဘောထားတွေကို ပြောင်းလဲပြီး မိမိတို့ ဘဝတွေအတွက် ရရှိလာတဲ့ အခွင့်အရေး တစ်ခုကို ရရှိလာတဲ့ တန်ဖိုးရှိတဲ့ အချိန်အတောအတွင်းမှာ အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ မဲပေးသွားနိုင်ရေး မဲစာရင်းတွင် ပါမပါကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီနေ့ ဒီအချိန်ကာလမှာ မိမိတို့ ပတ်ဝန်းကျင် မိမိတို့ အသိုင်းအဝိုင်း မိမိတို့ မိသားစုဘဝတွေ ဘယ်လောက်အတိုင်းအတာထိ ပြောင်းလဲနေပြီလဲဆိုတဲ့ အချက်ကို လက်တွေ့ကျကျ လေ့လာစမ်းစစ်ကြဖို့ လိုပါတယ်။ လူ့ဘဝမှာ လူရယ်လို့ ဖြစ်လာကြရင် စားဝတ်နေရေး အရေးသုံးပါးနဲ့ မိမိတို့ဘ၀ လုံခြုံရေးဟာ အဓိကကျတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ မိမိတို့ ပြည်သူတွေရဲ့ ဘဝတွေဟာ စားဝတ်နေရေးတွေ ပြေလည်ပြီး မိသားစုဘဝတွေ ဘယ်လောက်လုံခြုံနေကြပြီလဲဆိုတဲ့ အချက်က အရေးကြီးပါတယ်။ အလုပ်လက်မဲ့တွေ ပေါများလာပြီး စားဝတ်နေရေး မပြေလည်မှုတွေကြောင့် နေ့ခင်းကြောင်တောင် ပစ္စည်းယူ၊ လူသတ်၊ မုဒိမ်းမှုကျူးလွန်တဲ့ ဖြစ်စဉ်တွေ ပေါများလာတာ၊ အုပ်စုဖွဲ့ပြီး ဥပဒေမဲ့လုပ်ရပ်တွေ ကျူးလွန်လာတာတွေဟာ မိသားစုဘဝတွေ လုံခြုံမှုအတွက် စိုးရိမ်စိတ် ပိုစေခဲ့ပြီး တရားဥပဒေ စိုးမိုးမှု အသိုက်အမြုံတွေနဲ့အတူ လှပတဲ့ အနာဂတ်ကို ဖြတ်သန်းသွားချင်ကြမှာပါ။ ဒါပေမဲ့ နိုင်ငံအတွင်းမှာ စစ်ဘေးဒဏ်တွေ လူမှုရေး၊ ဘာသာရေး၊ ပဋိပက္ခတွေ၊ လယ်ယာမြေ သိမ်းဆည်းမှုတွေ အထူးသဖြင့် အပြောင်းအလဲကို လိုလားမှု မရှိတဲ့ သူတွေရဲ့ အပြုအမူနဲ့ ဆုံးဖြတ်ချက် လုပ်ရပ်တွေကြောင့် ပြည်သူပြည်သား အများစုဟာ လူမှုဒုက္ခအပေါင်းကို ခါးသီးစွာ ခံစားနေကြရပါတယ်။၂၀၁၅ ခုနှစ်ဟာ မြန်မာနိုင်ငံ တစ်မျိုးသားလုံး၊ တစ်နိုင်ငံလုံး၊ ပြည်သူတစ်ရပ်လုံးအတွက် အရေးပါတဲ့ ရွေးကောက်ပွဲကြီးကို ကြုံတွေရမယ့် နှစ်လည်း ဖြစ်သလို နှစ်ပေါင်း ၅၀ ကျော် အနာဂတ်တွေ ေ၀ဝါးနေတဲ့ ပြည်သူတစ်ရပ်လုံးအတွက် ကံကြမ္မာကို အဆုံးအဖြတ်ပေးမယ့် အနာဂတ်ကို ရွေးချယ်ရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း လူငယ်လူရွယ်တွေ တပ်မတော်သားတွေ၊ နိုင်ငံ့ဝန်ထမ်းတွေနဲ့ နယ်ပယ်အသီးသီးက လူထုလူတန်းစား အလွှာအသီးသီးဟာ မိမိတို့နိုင်ငံ မိမိတို့လူမျိုးတွေရဲ့ အနာဂတ် မိမိတို့ မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် ကိုယ်ကျိုးမဖက် ရင့်ကျက်တဲ့ ကိုယ်ပိုင်အတွေးအခေါ် ဆုံးဖြတ်ချက်တွေ အမှီအခိုကင်းတဲ့ စိတ်ထားတွေ မှန်ကန်တဲ့ ရပ်တည်ချက်တွေနဲ့အတူ အဆုံးအဖြတ် မမှားကြဖို့ အရွေးအချယ် မှန်ကန်ကြဖို့ အထူးပဲ အရေးကြီးလှပါတယ်။ လူထုလူတန်းစား တစ်ရပ်လုံး ရွေးချယ်မှု မှန်ကန်ပြီး ဆုံးဖြတ်ချက်တွေ မှန်ကန်မှသာ တိုင်းပြည်ရဲ့ အနာဂတ် ငြိမ်းချမ်းပြီး သာယာလှပလာမှာ ဖြစ်သလို ရွေးချယ်မှုတွေ၊ ဆုံးဖြတ်ချက်တွေ လွဲမှားနေမယ် ဆိုရင်တော့ ပြည်သူတွေရဲ့ အနာဂတ်ဟာ ဆင်းရဲတွင်း သံသရာလည်နေဦးမှာ ဖြစ်ပါတယ်။မည်သို့ပင်ဆိုစေကာမူ ပြည်သူတွေရဲ့ ရွေးချယ်ချင်တဲ့ အနာဂတ်ဟာ လက်တစ်ကမ်းအလိုကို ရောက်ရှိလာပြီ ဖြစ်ပါတယ်။ မိမိတို့နိုင်ငံ အရှေ့တောင်အာရှမှာ အဆင်းရဲဆုံး နိုင်ငံအဖြစ်က လွတ်မြောက်ရေး မိမိတို့ လူမျိုးတွေ ဒေသတွင်းနိုင်ငံတွေနဲ့ အိမ်နီးချင်း နိုင်ငံတွေကြားမှာ ဂုဏ်သိက္ခာရှိစွာ ရပ်တည်နိုင်ရေး၊ မိမိတို့ အနာဂတ်ကံကြမ္မာကို မိမိတို့ကိုယ်တိုင် ဖန်တီးနိုင်ရေးတို့အတွက် နိုင်ငံနှင့်လူမျိုးကို ကိုယ်စားပြုမဲ့ အစိုးရသစ်တစ်ရပ် ပေါ်ထွန်းလာရေးအတွက် ပြည်သူတစ်ဦးချင်းစီရဲ့ ရွေးချယ်မှု မှန်ကန်ရေးဟာ အဓိက အခန်းကဏ္ဍမှာ ပါဝင်လာပြီ ဖြစ်ပါတယ်။ သို့ဖြစ်၍လည်း “ဒီဒေသ ခင်ဗျားတို့ ဒေသရဲ့ အနာဂတ်ကို စစ်အာဏာရှင် ဒါမှမဟုတ် စစ်တပ်ရဲ့ အလိုအတိုင်း ဖော်ဆောင်ရမှာ မဟုတ်ဘူး။ ဒီဒေသရဲ့ အနာဂတ်ကို စွန့်ဦးလမ်းပြသူတွေ၊ တီထွင်ဖန်တီးသူတွေနဲ့ အိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်သူတွေက ဖန်တီးရမှာဖြစ်တယ်” ဆိုတဲ့ မြန်မာနိုင်ငံကို ရောက်ရှိခဲ့စဉ် အမေရိကန်သမ္မတ ဘားရက်အိုဘားမား ပြောခဲ့တဲ့ စကားလိုပဲ ပြည်သူတစ်ရပ်လုံးဟာ မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် အနာဂတ်ကို ဖော်ဆောင်နေသူတွေ၊ ဖော်ဆောင်ချင်သူတွေနဲ့အတူ ကိုယ်ကျိုးမဖက်တဲ့ အာဇာနည် စိတ်ဓာတ်တွေနဲ့ မိမိတို့ အနာဂတ်ကို ရွေးချယ်သွားဖို့ လိုအပ်နေပြီဖြစ်ပါကြောင်း ရေးသားလိုက်ရပါတယ်။

Most Read

Most Recent