အသွားစေခိုင်းသူ၊ အစွယ်လိုသူနဲ့ လေးပစ်သူများသို့

အသွားစေခိုင်းသူ၊ အစွယ်လိုသူနဲ့ လေးပစ်သူများသို့
Published 19 July 2015
ဒေါက်တာခင်မောင်ညို

နိဒါန်းကြွက်ထောင်ချောက်ဆိုတဲ့ ပုံပြင်လေးကို ကြားဖူးနား၀ ရှိကြမှာပါ။ ပုံပြင်လေးရဲ့ ရည်ရွယ်ချက်ကောင်းလွန်းလို့ ပြန်ပြောပါရစေ။တစ်ခါက ရွာလေးတစ်ရွာက အိမ်လေးတစ်အိမ်မှာ ကြွက်ကလေးတစ်ကောင် ရှိတယ်။ ဒီကြွက်ကလေးဟာ အတော်လေးကို သောင်းကျန်းလို့ အိမ်ရှင်က မြို့သွားတဲ့အခါ ကြွက်ထောင်ချောက်တစ်ခု ဝယ်လာသတဲ့။ ဒါကို လူတွေနဲ့ ရင်းရင်းနှီးနှီး အနေကြာလာတဲ့ ကြွက်ကလေးက သိသတဲ့။ သူ့ကို ဒုက္ခပေးမယ့် ပစ္စည်းမှန်းသိတော့ ကြောက်တာပေါ့။ဒီတော့ သူဟာ အနီးအနားမှာရှိတဲ့ တိရစ္ဆာန်တွေကို ရင်ဖွင့်တာပေါ့။ ပထမ သူဟာ အိမ်မှာမွေးထားတဲ့ ကြက်ဖကြီးနဲ့ သွားတွေ့သတဲ့။“ကြက်ဖကြီးရေ၊ အိမ်မှာ ကြွက်ထောင်ချောက်ကြီး ရောက်နေပြီဗျ”ဒါကို ကြားတော့ ကြက်ဖကြီးဟာ အူကြောင်ကြောင် ဖြစ်သွားတယ်။ ဒါပေမဲ့ အလိုက်သင့်တော့ ပြန်ပြောတာပေါ့။“အေး၊ ကြွက်ထောင်ချောက်ဆိုတာ တို့ကြက်တွေနဲ့ မဆိုင်ဘူးကွ၊ မင်းတို့နဲ့ပဲ ဆိုင်တယ်။ မင်းသတိထားနေ” လို့ ပြောလိုက်တယ်။ဒါနဲ့ ကြွက်ကလေးဟာ စိတ်မကောင်း ဖြစ်သွားပြီး အိမ်မှာမွေးထားတဲ့ ဝက်ကလေးကို သွားပြောတယ်။“ကိုဝက်ရေ၊ အိမ်မှာ ကြွက်ထောင်ချောက်ကြီး ရောက်နေပြီဗျ” လို့ ပြောပြသတဲ့။ဒါကိုကြားတော့ ဝက်ကြီးက “အေး၊ ကြွက်ထောင်ချောက်ဆိုတာ တို့ဝက်တွေနဲ့တော့ မဆိုင်ဘူးကွ၊ မင်းတို့နဲ့ပဲ ဆိုင်တယ်” လို့ ပြန်ပြောတာပေါ့။ ဒီအခါ ကြွက်ကလေး စိတ်မကောင်း ဖြစ်သွားတယ်။ ဒါကိုမြင်တော့ ဝက်ကလေးက “အေးကွာ..မင်းသတိထားနေပေါ့” လို့ ပြောလိုက်တယ်။ ဒါနဲ့ ကြွက်ကလေးဟာ စိတ်သက်သာရာရလိုရငြား အိမ်မှာမွေးထားတဲ့ နွားကြီးဆီ သွားပြောတယ်။“ကိုနွားကြီး..ကိုနွားကြီး”“ဟေ-ဘာတုံး”“အိမ်မှာ ကြွက်ထောင်ချောက်ကြီးတစ်ခု ရောက်နေပြီဗျ”“ဟေ ဟုတ်လား၊ အေးကွာ သတိထားပေါ့၊ ကြွက်ထောင်ချောက်ဆိုတာ တို့နွားတွေနဲ့တော့ မဆိုင်ဘူးကွ” လို့ ပြောလိုက်တယ်။ဒီလိုနဲ့ ကြွက်ကလေးဟာ အိမ်ထဲပြန်ဝင်ပြီး သူပုန်းနေကျ ချောင်ထဲ ဝင်ပုန်းနေတာပေါ့။အိမ်ရှင်လင်မယားက ကြွက်ထောင်ချောက်ကိုဆင်ပြီး ဒိန်ခဲကို အစာအနေနဲ့ ထည့်ထားသတဲ့။ညဘက်ရောက်တော့ ကြွက်ထောင်ချောက်က ‘ဒေါက်’ ခနဲ အသံကြားတယ်။ ဒီအသံကို ကြားတဲ့ အိမ်ရှင်မဟာ ကြွက်တော့ မိပြီလို့ သူထောင်ထားတဲ့ ကြွက်ထောင်ချောက်ဆီကို အပြေးသွားတယ်။ တကယ်တော့ ကြွက်ထောင်ချောက်မှာ မိနေတာက ကြွက်မဟုတ်ဘူး။ မြွေတစ်ကောင် ဖြစ်နေတယ်။ မြွေဟာ ကြွက်ထောင်ချောက်ပေါ်ကနေ ဖြတ်သွားမိလို့ အမြီးဟာ ထောင်ချောက်ထဲ ညပ်မိနေတာ ဖြစ်တယ်။ အိမ်ရှင်မဟာ အမှောင်ထဲ မမြင်မစမ်းနဲ့ ကြွက်ထောင်ချောက်ကို သွားကိုင်တော့ ဒေါသဖြစ်နေတဲ့မြွေက ပေါက်လိုက်တော့တယ်။ ဒါနဲ့ အိမ်ရှင်မကို ဆေးရုံတင်လိုက်တာပေါ့။ အဲဒီခေတ်က ဆေးရုံမှာ မြွေဆိပ်ဖြေဆေးလည်း မရှိလေတော့ အိမ်ရှင်မရဲ့ရောဂါက တိုးပဲတိုးလာတယ်။ နောက်ဆုံး ရိုးရာနည်းနဲ့ပဲ ကုမယ်ဆိုပြီး အိမ်ကိုခေါ်လာတယ်။ အိမ်ရောက်တော့ တိုင်းရင်းဆရာက အားရှိအောင် ကြက်စွပ်ပြုတ်လေး တိုက်ဖို့ပြောတော့ ကြွက်ထောင်ချောက်ဟာ သူနဲ့ဘာမှ မဆိုင်ဘူးလို့ပြောတဲ့ ကြက်ဟာ စွပ်ပြုတ်ဖြစ်သွားရှာတယ်။ ဒီလို မြွေပေါက်ခံရတဲ့ အကြောင်းကိုကြားတော့ ရပ်နီးရပ်ဝေးက ဆွေတွေမျိုးတွေ အိမ်ကို သတင်းလာမေးတယ်။ ဒီအခါ ကြွက်ထောင်ချောက်ဟာ သူနဲ့မဆိုင်ဘူးပြောတဲ့ ဝက်ကိုပေါ်ပြီး တချို့ကို ချက်ကျွေးတယ်။ တချို့ကိုလည်း ဆေးကုစရိတ်ရအောင် ရောင်းစားရတာပေါ့။ဒါပေမဲ့ အိမ်ရှင်မဟာ မြွေဆိပ်နဲ့ပဲ ဆုံးပါးသွားတယ်။ ဒီအခါ သူတို့ဆီက ထုံးစံအတိုင်း ရက်လည်မှာ တစ်ရွာလုံးအတွက် ကျွေးမွေးရတယ်။ ဒီအတွက် ကြွက်ထောင်ချောက်ဟာ သူနဲ့ ဘာမှမဆိုင်ဘူးလို့ ယူဆတဲ့ နွားဟာလည်း အမဲသား ဖြစ်သွားရရှာတယ်။ ပတ်ဝန်းကျင်မှာ ဖြစ်နေတာတွေဟာ တို့တစ်တွေနဲ့ အားလုံး ဆိုင်တတ်ပါတယ်။ကဒါဖီနဲ့ လစ်ဗျားအရင်ခေတ်ကတော့ တစ်စုံတစ်ခု လုပ်တဲ့အခါ မဆိုင်သလို နေကြသူတွေ အများကြီးပါပဲ။ ခိုင်းတာလုပ်၊ ပေးတာယူ၊ ကျွေးတာစား၊ ခံမပြောနဲ့ဆိုတဲ့ခေတ်လည်း ရှိခဲ့တယ်။ လူမှု အသိုင်းအဝိုင်းဟာ အားလုံးက ဝိုင်းလုပ်ရတဲ့ နေရာပါ။ တစ်ယောက်ယောက်က လူလည်ကျရင်တော့ အဲဒီနိုင်ငံက ဆင်းရဲတော့တာပါပဲ။ အထူးသဖြင့် အစိုးရနဲ့ လက်နက်ကိုင် အဖွဲ့အစည်းတွေမှာ အာဏာနဲ့လက်နက် ရှိနေလေတယ်။ သူတို့အနေနဲ့ ပြည်သူတွေဟာ သူတို့ပြုသမျှ နုရမယ်လို့ ထင်နေကြတယ်။ သူတို့ဟာ လောဘတွေနဲ့ ပြည်သူတွေကို လှည့်စားကြတယ်။ ဒီလိုပြဿနာမျိုးကို နိုင်ငံများစွာမှာ အကြိမ်ကြိမ် တွေ့ဖူးပြီဖြစ်တယ်။ဥပမာအနေနဲ့ တင်ပြရရင် ကဒါဖီနဲ့ လစ်ဗျားကိစ္စပဲပေါ့။ ကဒါဖီဆိုတာ တစ်ချိန်က လစ်ဗျားနိုင်ငံရဲ့ ခေါင်းဆောင်ပါပဲ။လစ်ဗျားမှာ ရေနံထွက်တယ်။ တစ်နေ့ကို ဒေါ်လာ သန်း ၂၀၀ ကျော် ဝင်ငွေရှိတဲ့ နိုင်ငံပါပဲ။ ဒီပမာဏဟာ အင်မတန်များပါတယ်။ ဒါပေမဲ့ အာဏာရော၊ လက်နက်ကိုင်တပ်ဖွဲ့တွေကိုရော ပိုင်ဆိုင်ထားတဲ့ ကဒါဖီဟာ ပြည်သူတွေကို လှည့်ဖြားပြီး ပြည်သူပိုင်ငွေတွေကို မောင်ပိုင်စီးတော့တာပဲ။ လစ်ဗျားမှာ ချမ်းသာသင့်တဲ့ ပြည်သူတွေဟာ ဆင်းရဲနေကြတယ်။ နောက်ဆုံး တော်လှန်ရေးဖြစ်ပေါ်ပြီး ကဒါဖီဟာ သူ့ရဲ့ရွှေသေနတ်နဲ့သူ လုပ်ကြံခံခဲ့ရတယ်။ ဒီနေရာမှာ ပြဿနာပြီးသွားရင် တော်သေးတာပေါ့။ ဒါပေမဲ့ ယနေ့တိုင် လစ်ဗျားမှာ ငြိမ်းချမ်းမှု မရှိပါဘူး။ဒီနေရာမှာ သတိထားရမှာက ကဒါဖီကို နှစ်ပေါင်း ၃၀ လောက် အာဏာရှင် လုပ်ခွင့်ပေးခဲ့ကြလို့ပါပဲ။ ဒီနှစ် ၃၀ မှာ ပညာရေး၊ လူမှုရေး၊ စီးပွားရေး အစစအရာရာ နိမ့်ကျတဲ့ လစ်ဗျားနိုင်ငံသားတွေဟာ ပြည်တွင်းစစ်သံ သရာထဲကို ကျရောက်သွားရှာလေတော့တာပါပဲ။ ကျွန်တော်တို့ကော ဘာထူးလို့လဲ၊ အလုယူခံထားရတယ်။ ကျွန်တော်တို့ဟာ နှစ် ၅၀ ကျော် အဖျက်ဆီးခံထားရတယ်။ ချမ်းသာတဲ့ နိုင်ငံတစ်ခုကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားတယ်။ ခု ဒီမိုကရေစီလမ်းကြောင်းနဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ကြံစည်ကြတယ်။ အင်မတန်ကောင်းပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ အစိုးရကို စောင့်ကြည့်ဖို့ လိုတယ်လို့ ယူဆတယ်။ဂျာနယ်လစ်တွေပွင့်လင်းမြင်သာမှသာ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်မှာ ဖြစ်တယ်။ အစိုးရရဲ့ လုပ်ဆောင်တာတွေကို ပြည်သူတွေကို ချပြဖို့ လိုတယ်။ ဒီတာဝန်ကို စတုတ္ထမဏ္ဍိုင်လို့ပြောတဲ့ မီဒီယာက ထမ်းဆောင်ရပါတယ်။ ဒီအတွက် ဂျာနယ်လစ်တွေ လိုတယ်။ တကယ်တော့ ဂျာနယ်၊ သတင်းစာ မီဒီယာဆိုတာ ပြည်သူနဲ့ အစိုးရအကြား ပေါင်းကူးပါပဲ။ဒါပေမဲ့ ဂျာနယ်လစ်တွေကို အစိုးရတွေက မရှိမကောင်း ရှိမကောင်းလို့ ယူဆတယ်။ သူ့အနေနဲ့ ဂျာနယ်လစ်တွေရဲ့ မကောင်းတာကိုသာ မြင်တတ်တယ်။ ဒါကြောင့် အစိုးရနဲ့ မီဒီယာသမားတွေ မတည့်ကြဘူး။ မီဒီယာရဲ့ လုပ်ဆောင်ချက်တွေဟာ အစိုးရ စည်းကမ်းလွတ် လုပ်တာတွေကို ချပြနိုင်တဲ့ အနေအထားတွေမှာ ရှိတယ်။ဒီအတိုင်းပဲ။ အခွန်ရှောင်တဲ့ ခရိုနီတွေ၊ ပြည်သူကို နှိပ်စက်တဲ့ သူဌေးတွေဟာ မီဒီယာကို မုန်းတယ်။ ဒီလိုမုန်းရုံနဲ့တော့ ဘာမှ မထိခိုက်တတ်ပါဘူး။ ဒါပေမဲ့ မီဒီယာတွေကြောင့် ထိခိုက်သူများကတော့ မီဒီယာကို ဖြိုဖျက်ချင်ကြတယ်။ ဒါကြောင့် နိုင်ငံတကာမှာ ဂျာနယ်လစ်တွေဟာ တစ်နှစ်ကို ၅၀ ကနေ ၁၀၀ အထိ ချေမှုန်းခံနေရတာကို တွေ့ရတယ်။သူတို့ဟာ အသတ်ခံရတဲ့အပြင် ထောင်ကျတာတွေ ပြန်ပေးအဆွဲခံရတာတွေလည်း ရှိတယ်။ ဥပမာပြရရင်တော့ ချာလီဟက်ဘဒူး (Charlie Habdo) ဆိုတဲ့ ပြင်သစ်မဂ္ဂဇင်းပါပဲ။ ဒီနှစ် ဇန်နဝါရီလ ၇-၁-၂၀၁၅ မှာ အယ်ဒီတာတစ်ယောက်နဲ့ ကာတွန်းဆရာသုံးယောက်ဟာ ပြင်သစ်၊ ပဲရစ်မြို့က Charlie Habdo မဂ္ဂဇင်းတိုက်မှာ သေနတ်နဲ့ပစ်ပြီး အသတ်ခံရတယ်။ ဒါဟာ ဘယ်သူတွေနဲ့ဆိုင်လဲ။ ပဲရစ်မြို့သူ မြို့သားတွေ၊ လန်ဒန်မြို့သူ မြို့သားတွေ၊ ဘာလင်မြို့သူ မြို့သားတွေဟာ လမ်းပေါ် ထွက်ခဲ့ကြတယ်။ အင်မတန်ချမ်းတဲ့ သူတို့ဆီက ဆောင်းရာသီညဘက်မှာ သူတို့ဟာ လမ်းပေါ်ထွက်ပြီး ဆုတောင်းပွဲတွေ လုပ်တယ်။ သူတို့ဟာ သေဆုံးသူတွေနဲ့ အတူရှိနေကြောင်း ထုတ်ဖော်ပြသကြတယ်။အထူးခြားဆုံးကတော့ အဲဒီမှာ “I am Charlie” ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ပြီး ‘ကျွန်တော်က ချာလီပါ’ ဒါမှမဟုတ် ‘ကျွန်မဟာ ချာလီပါ’ လို့ ပြောသွားတာပါပဲ။ဂရုစိုက်ဖို့ပါပြီးခဲ့တဲ့နှစ်က ဂျာနယ်လစ် ကိုပါကြီးဟာ အတိုက်အခိုက်ခံရပြီး သေဆုံးသွားတယ်လို့ သိရတယ်။ အမှုက စစ်ဆေးဆဲမို့ ဘာကြောင့် ဘယ်လိုသေဆုံးတယ် ဆိုတာကို ပြောခွင့် မရှိပါဘူး။ ဒါက နယ်စပ်မှာ ဖြစ်တာပါပဲ။ယနေ့မှာတော့ ရန်ကုန်မြို့မှာပါ လက်ရဲဇက်ရဲ ဖြစ်လာတာကို တွေ့လာရတယ်။ Eleven Media ရဲ့ စီအီးအိုကို တိုက်ခိုက်တဲ့ ကိစ္စပါပဲ။‘ကုံးသီး’ တွေနဲ့ အသေပစ်တယ် ဆိုတာကို ပတ်ဝန်းကျင်က သတိထားမိတယ်။ “သေအောင်ပစ်၊ မှန်ကွဲအောင်ပစ်” လို့ပြောပြီး ပစ်တယ်လို့ ကာယကံရှင်က ကြားခဲ့ပါတယ်။သေသေချာချာ စီစဉ်ထားတဲ့ Organized Crime ပါပဲ။ ကားတွေပိတ်ဆို့နေတဲ့ ရန်ကုန်လိုမြို့မှာ လုပ်ကြံလို့ အင်မတန် လွယ်တယ်။ ဒါဟာ တို့နဲ့မဆိုင်ဘူးလို့ လျစ်လျူရှုထား ကြမှာလား။မသေပါနဲ့ဦးတကယ်တော့ ဒီလိုလူတွေ တိုင်းပြည်အတွက် အများကြီး လိုပါတယ်။ ကျွန်တော်တို့ဆီ နားမလည်ပါးမလည် လုပ်ကြံခံရ အသတ်ခံရနဲ့ သေဆုံးသူတွေ အများကြီးရှိတယ်။ဥပမာ ဂီတနက်သန် ကိုစောညိန်းဆိုရင် ၃၀ ကျော်နဲ့ ကွယ်လွန်ရတယ်။ သူ့ရဲ့ အနုပညာကို ရိုက်သတ်လိုက်သူက မသိဘူး။ သူဟာ စာရေးဆရာ၊ သီချင်းရေးဆရာ အနုပညာရှင် ဖြစ်တယ်။ သူ့ကို ခဏနဲ့ သတ်လိုက်လို့ရတယ်။ သူ့လို ပညာရှင်တွေ နှစ် ၁၀၀ မှာ တစ်ယောက် မွေးဖွားမလာနိုင်ပါဘူး။ဒီအတိုင်းပါပဲ။ သိပ္ပံမောင်ဝဆိုရင် ခေတ်စမ်းစာပေ စာရေးဆရာပါပဲ။ သူဟာ အစိုးရဝန်ထမ်း ဖြစ်တယ်။ သူ့ကို ဓားပြက သတ်လိုက်တယ်။ သတ်တဲ့ ဓားပြဟာ သိပ္ပံမောင်ဝဟာ မြန်မာစာပေကို ဘယ်လိုအကျိုးပြုနေသလဲ ဆိုတာကို သိတာ မဟုတ်ဘူး။ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံတဲ့ အဖွဲ့ကတော့ ဗိုလ်ချုပ်ကို မသိကြတာ များတယ်။ သူတို့ သေနတ်နဲ့ ပစ်တာ ဘယ်သူတွေကို ပစ်တာလဲ ဆိုတာကို သူတို့ မသိကြဘူးတဲ့။ သူတို့လည်း ခိုင်းတာကို လုပ်သွားတာပါပဲ။ လူချစ်လူခင် အင်မတန်များတဲ့ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရတာကတော့ ပြည်သူတွေ အဓိက နစ်နာရပါတယ်။ တိုင်းပြည်လည်း ဆုံးရှုံးတာပါပဲ။အဆုံးရှုံးခံမှာလားလီကွမ်ယူဟာ စင်ကာပူနိုင်ငံကို ထူထောင်တော့ ရန်ကုန်ကို နမူနာယူပါတယ်။ သူ့ရဲ့ အစည်းအဝေးတစ်ခုမှာ ခေါင်းဆောင်တွေ မဆုံးရှုံးအောင် စောင့်ရှောက်ရမယ် ဆိုတာကို အတိအလင်း ပြောသွားတယ်။“ခင်ဗျားတို့ သေသေချာချာ မှတ်ထားရမှာက မြန်မာပြည်ဟာ ဗိုလ်ချုပ်အောင်ဆန်း အလုပ်ကြံခံရလို့ ဒီလိုဖြစ်တာပါ” တဲ့။အရှေ့တောင်အာရှမှာ အလားအလာ အရှိဆုံးနိုင်ငံဟာ အောက်ဆုံးရောက်သွားတာကို လီကွမ်ယူ သုံးသပ်ခြင်းပါပဲ။ဒီတော့ ကျွန်တော်တို့ရဲ့ နောက်ထပ် ခေါင်းဆောင်တွေကို ဆုံးရှုံးခံလို့ မဖြစ်ဘူး။ လုပ်ကြံတာကို Assassin လို့ ခေါ်ပါတယ်။ Assassin ဆိုတာ လူသတ်မှုပါ။ သတ်ရန် ကြံစည်ကြိုးစားတာတွေကို တွေ့နေရပါတယ်။ ခေါင်းဆောင်တွေကို အဆုံးအရှုံး မခံကြပါနဲ့။သူတို့ကို ဆုံးရှုံးလိုက်ရင် ဆက်တိုက်နစ်နာမှုတွေ အများကြီးပဲ မဟုတ်လား။ ဒါကြောင့် ဦးဆောင်ဦးရွက်ပြုမယ့် သူများဟာ အနေအထိုင် အသွားအလာ ဆင်ခြင်သင့်တယ်။နိဂုံးနိဂုံးမှာ ပြောရရင်တော့ မေတ္တာတရားပေါ့လေ။ လူလူချင်းထားသင့်တဲ့ ချစ်ခြင်းမေတ္တာကို မေ့မနေပါနဲ့၊ ဘယ်ဟာကိုမှ အမုန်းနဲ့ ဖြေရှင်းလို့ မရပါဘူး။ ကိုယ်ချင်းစာနာကြရမယ်။ အထူးသဖြင့် အများအကျိုးအတွက် ဆောင်ရွက်နေသူတွေကို ကူညီဖေးမဖို့ လိုတယ်။ မနှောင့်ယှက်ရပါဘူး။ဒါက အရေးအကြီးဆုံးပါပဲ။ ဒါပေမဲ့ အမှောင်တွေက ဖုံးကွယ်နေတယ်။ လုပ်သင့် မလုပ်သင့် မသိတော့ဘူး။ မသိတာကို မောဟလို့ ခေါ်တယ်။မောဟဆိုတဲ့ အမိုက်မှောင် ဖုံးပြီးနေတာပါ။ တစ်ချိန်တည်းမှာ လောဘဆိုတဲ့ လိုချင်တပ်မက်မှုဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးပါဘူး။ မြန်မာပြည်ကြီး နိမ့်ကျနေတာ အားလုံးသိပါတယ်။ ကူညီကြပါ။အသွားစေခိုင်းသူရော၊ အစွယ်လိုသူကော၊ လေးပစ်သူပါ သင်ခန်းစာယူနိုင်ကြပါစေ။

Most Read

Most Recent