၂၀၁၅ ရွေးကောက်ပွဲ ထူးမခြားနားနဲ့ ပိတ်ပွဲအခမ်းအနား ကျင်းပပါတော့မယ်

၂၀၁၅ ရွေးကောက်ပွဲ ထူးမခြားနားနဲ့ ပိတ်ပွဲအခမ်းအနား ကျင်းပပါတော့မယ်
Published 18 July 2015
ဖိုးလမင်း (ဆင်ဖြူကျွန်း)

၂၀၁၅ ရွေးကောက်ပွဲကြီးကိုဖြင့် ပြည့်သူတွေ အားကိုးတကြီး မျှော်လင့်နေကြပါတယ်။ မျှော်လင့်မယ်ဆိုလည်း မျှော်လင့်ထိုက်ပါတယ်လေ။ ၁၉၆၂ ခုကနေ ၂၀၁၅ ထိ ဆင်းရဲတွင်းထဲက မတက်နိုင်ကြပဲကလား။ ဆရာကြီးတို့ပြောင်းလဲပြီ ပြောင်းပါပြီ ဒလဟော ပြောနေကြတော့ နည်းနည်းတော့ ယုံပါရဲ့။ စေ့စေ့တွေးလိုက်ရင်တော့ သူတို့ အရှင်သခင်ကြီးရဲ့ လိမ်ဆင်ကြီးကို မြင်ကြပြီးသားပါ။ ဒီမိုကရေစီတော်လှန်ရေးခေတ်ကာလမှာ ဟန်ပြရွေးကောက်ပွဲကြီးလုပ်ပြီး တို့လူလေးများအဖွဲ့ကို တင်ထားခဲ့တာ မဟုတ်လား။ လွှတ်တော်မှာ တစ်မတ်သား တပည့်တွေထား ဟန်ပြလွှတ်တော်ကြီးတွင်၊ တပည့်ကြီးများ အဝတ်လဲရောပြီး၊ ပြင်မှာလား ဥပဒေနဲ့ဘာနဲ့ညာနဲ့  ၇၅ ရာခိုင်နှုန်းကျော် ရမတဲ့။ ကဲ ဒီနှစ် ဇွန်လထဲမှာ ခမ်းခမ်းနားနား ဆွေးနွေးပွဲတွေ လုပ်လိုက်ကြတော့ သိရောမဟုတ်လား။ ထူးတော့ထူးပါရဲ့ ဘာမှ မခြားနားတော့ပါဘူးဆိုတဲ့အသံ သောသောညံ။ ဘာများတတ်နိုင်ကြဦးမှာလဲဗျာတို့။ ဂိုဏ်းသင့်မှာဖြစ်လို့ ထူးမခြားနားသီချင်းကြီးနဲ့တော့ မပတ်သက်ပါဘူးဗျာ နော်။ တိုင်းပြည်အတွက် တကယ်လုပ်ချင်တဲ့ ဒီမိုကရေစီလမ်းခင်းမယ်ဆိုရင် တစ်ပြည်လုံး မဲပုံးထောင် ဆန္ဒယူကြည့်ပါလား။ တကယ်တို့ အာဇာနည်မမနဲ့ အသင်တို့ကတစ်ဖွဲ့၊ တစ်ယောက်နဲ့တစ်ဖွဲ့ကဲ ဘယ်လိုလဲ။ ပြည်တွင်းမပြောနဲ့ ပြည်ပအာဆီယံလား။ ကုလလား ဆန္ဒယူကြည့်စမ်းပါဦး။ သိတော့ သိနေကြမှာပါဗျာ။ သူတစ်ယောက်သာ ဒီနေ့တွေ့နေရတဲ့ ဆင်းရဲတွင်းက ကယ်နိုင်မယ့်သူအစစ် ဖြစ်တယ်ဗျာ။ ခုချိန်မှာ တကယ်တိုင်းပြည်အပေါ် စေတနာထား ကယ်တင်ချင်တယ်ဆိုရင် ရှင်းနေတာပါ။ တို့လူလေးများ ယူထားတဲ့ အာဏာစည်းစိမ် မစိုးရိမ်သင့်ပါပဲလျက် အကာအကွယ်ယူနေကြမယ်ဆိုရင်တော့ ဆိုးသထက် ဆိုးကြတော့မယ်။ 
လမ်းပေါ်ရောက်မလားဆိုတာတော့ ရှိလာမှာ စိုးရိမ်မိပါရဲ့။ အကုသိုလ်တွေ ကုသိုလ်တွေ နောက်နှစ်ပေါင်းများစွာ လုပ်နေကြဦးမယ်ဆိုရင်တော့ ဗုဒ္ဓရဲ့ဓမ္မမှာတော့ အမြဲထာဝရ မရှိဘူးမဟုတ်လား။ ဗုဒ္ဓသားသမီးတွေ၊ သည်းခံမေတ္တာထား။ 
ဒါက ချောချောမောမော အလွယ်လေးလေ။ ဘယ်တော့ မှ ရန်ငြိုးဆိုတာ မရှိဘူး။ ကိုယ့်အကြောင်းနဲ့ ကိုယ်ကတော့ လုပ်ကြပေါ့။ ဆရာတို့ အထုပ်ကြီးတွေ ဘယ်လောက်ကြီးကြီး အာဏာကြီးတွေ ဘယ်လောက်ရှိရှိ သတ်မှတ်ထားတဲ့အချိန်မှာ ထားခဲ့ရမယ့် ဝန်ထုပ်ဝန်ပိုးကြီးတွေပါ။ ခုချိန်မှာ သတိပေးချင်တာကတော့ ကိုယ့်အချိန်မှာ ကုသိုလ်ဆိုတဲ့ အကြောင်းတရားများသာ ချမ်းသာစေမယ့် အလုပ်တွေပါပဲ။ ကိုယ်တာဝန်ယူခဲ့တဲ့ကာလမှာ တိုင်းပြည် ဘယ်လိုဖြစ်ခဲ့သလဲဆိုတာ အသေအချာသိနေကြပြီပဲ။ ပြင်မယ်ပြင်မယ်ဆိုတာ ခုမလုပ်ရင် နောင် ငါးနှစ်ကြာမှ အခွင့်အရေးတစ်ခါရတော့မယ်ဆိုတာ သဘောပေါက်ရင်တော့ ကျေးဇူးများမယ်ပေါ့ဗျာ။
 
၂၀၁၅ က ဘယ်လိုစခန်းသွားကြမှာလဲ။ တရားမျှတစွာ လုပ်မယ် လုပ်မယ်လို့တော့ ပြည်ပတွေရောက်အောင် အော်နေပါရဲ့။ ယုံရတော့ ခက်ခက်ပါပဲဗျာ။ ကြည့်လေ ရွေးကောက်ပွဲ တာဝန်ခံမှာက ဘယ်သူပါလဲ။ ရွေးကောက်ပွဲဝင်မယ့် ပါတီနဲ့ ကင်းကင်းရှင်းရှင်းလား။ မဲရုံမှူးစတဲ့ ဝန်ထမ်းတွေ ဘယ်သူလဲ။ ရွေးကောက်ပွဲဝင်မယ့် အဖွဲ့အစည်းနဲ့ ကင်းကင်းရှင်းရှင်းဖြစ်မှာလား။ သြဇာခံဖြစ်လို့တော့ သေပြီဆရာ။ အဓိကအကျဆုံးအချက် မဲစာရင်းတာဝန်ခံနိုင်ရဲ့လား။ ရာခိုင်နှုန်း ၃၀ က ရာခိုင်နှုန်း ၈၀ ထိ မှားတယ်ဆိုပဲ။ မကြာခင်က အခိုင်ဆုံး စနစ်အကျဆုံးကောက်ခဲ့တဲ့ သန်းခေါင်စာရင်းမသုံးဘူးဆိုတော့ ဘယ်လိုမှန်းကြရမှာလဲ။ သိသလောက်ကတော့ ဆယ်အိမ်မှူးနဲ့ စာရေးတွေအိမ်စေ့ လိုက်ကောက်နေတာပဲ။ မှတ်ပုံတင်တောင်းတယ်။ အိမ်ထောင်စုစာရင်းတောင်းပြီး ပြုစုကြတာပဲ ဟုတ်လား။
 
အရင်လည်း ဒီအတိုင်းလုပ်ဖူးပြီပဲ။ ဆယ်အိမ်မှူးဆိုတာ လူကိုယ်တိုင် မကောက်တောင် လူစာရင်းနာမည်နဲ့ သိနေတာတွေပါ။ ရှိတာသေတာ ဘယ်မသိရှိပါ့မလဲ။ ဘယ်လိုဖြစ်လို့ ဒီစာရင်းမှားရတာလဲ။ ကွန်ပျူတာအပြစ်လို့လည်း ပြောနေဆိုပဲ။ 
အံ့ရောအံ့ရော။ ဒီကွန်ပျူတာခေတ်ကြီးမှာ ကွန်ပျူတာချို့ယွင်းလို့ပါဆိုရင်တော့ ကမ္ဘာမှာ လွှမ်းမိုးဦးမယ်။အံ့ဖွယ်ပဲဖြစ်တော့မှာ။ နီးလေ ဘယ်လိုမျက်လှည့်ပြကြဦးမလဲ။ အောက်လမ်းနည်းတွေများ သုံးဦးမှာလား။ ရင်လေးကြရဦးမှာပါ။ 
တို့လူလေးတို့ အားလုံးလုပ်နိုင်တာက ရွှေမန်းတင်မောင် ဇာတ်ထဲကလို “ ဒါထက်တောင်တတ်သေး” ဆိုပဲ မလုပ်နိုင်တာမရှိဘူး ပြောလားပြောရဲ့။ ကဲကြည့်မယ်။ တို့လူလေးတွေ အရည်အချင်းဂုဏ်သတင်းလေးတွေဗျာ။
 
ပညာရေးဝန်ကြီးက “ကျွန်းပင်ကြီးက ကိုင်းပင်ကြီးမှီ”လျှပ်စစ်ကိစ္စခုတစ်နိုင်ငံလုံး ရာခိုင်နှုန်း ၃၀ အရင်ပုဂ္ဂိုလ်ကြီးက ပိုလျှံနေတာ ဘာလုပ်နေရမှာလဲ။ ရောင်းမယ်လေဆိုခဲ့။ လျှပ်စစ်မရှိလည်း ဖယောင်းတိုင်ထွန်းပေါ့။ 
အားကိုးလောက်ပါရဲ့ခေါင်းဆောင်ကြီးတု့ိ။ကဲ ထန်းလျက်တွေ ပိုနေရင် မျိုးထား။ ဝယ်သာမကောင်းရင် အစားထည့် ကဲရွှေမန်းဇာတ်ထဲကပဲ။ “ဟုတ်ပါ့မလား မောင်ကာလုရယ်” စကားသံတွေ ကြားကြားနေရတယ်ဗျို့။ ဒီမိုး ဒီလေ ဒီလူတွေ ခေါင်းဆောင်လို့ ဖြစ်မလား။ တစ်ချိန်က ဆရာကြီး တစ်ဦးခေါင်းဆောင်အသုတ် (၁) ထဲက သူနိုင်ငံတော်မှာ မြို့တွင်းမီးရထားလမ်းဖောက်၊ ရေပေါ်ဟိုတယ်နဲ့ မြို့သစ်ကြီး တည်လိုက်သေးသဗျာ။ ခုဘယ်ပျောက်ကုန်ပြီလဲ။ ဒီငွေတွေ မနှမြောကြဘူးလား၊ မြို့ရှေ့တစ်ပိုင်းလုံး ဝိုင်းကြီးတိုက်ကြီးတွေ ဟိန်းလို့။ ဒါပေမဲ့ တို့လူမျိုးတွေ မဟုတ်ဘူး။
 
လာပါတော့မယ် လာတော့မယ် ဥပဒေတွေ။ သမ္မတမဖြစ်စေချင်တဲ့ ဥပဒေတွေရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌကျတော့ ဘာဥပဒေမှမလို ခန့်လို့ သူခန့်ရင် ရသဗျ။ ကဲခု ဘယ်လိုသဘောနဲ့ ဘယ်လိုလူခန့်ခဲ့ကြသလဲ။ 
မဲစာရင်းစည်းရုံးရေး လုပ်ကိုင်ကြမယ့် ရွေးကောက်ပွဲကျင်းပရေးဝန်ထမ်းတွေ၊ စည်းရုံးရေးအရင်က ရွာတိုင်းမှာ အုပ်ချုပ်ရေးမှူးက လူသစ်ဆို ဧည့်စာရင်းစစ်တော့တာပဲ။ ရွာအဝင်ကို မခံဘူး။ ဒီဥပဒေ အတည်ပြုတုန်းက မဲရုံဝန်ထမ်းက မဲရုံမှူးရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဝန်ထမ်းတွေက ဆရာ၊ ဆရာမတွေ။ တိုးတိုးပဲ။ ရှုံးလို့ကတော့ အိပ်ရာလိပ်ပြင်ထား မပြုတ်တောင် ပြောင်းရမှာ။ ဆိုလိုက် အပြတ်ပါပဲ။ တိုင်းပြည်အဓိက အခြေခံဥပဒေကြီးကို နာဂစ်ဥပဒေလို့ အမည်တွင်ခဲ့တာကလား။ ရေဆင်ရေဆင်ဆိုတဲ့ လိမ်ဆင်ကြီးပါ။ အချိန်တန်လာတော့ ကြိုတင်မဲဆိုတာလည်း ခုတော့ မဖုံးနိုင်မဖိနိုင် ဝန်ခံနေကြပြီ မဟုတ်လား။ ဒါပေမဲ့ အဲဒီကြိုတင်ဆရာကြီးတွေ မောင့်ကျက်သရေ ခေါင်းပေါင်းကြီးတွေနဲ့ ခန့်ခန့်ကြီး မရှက်ကြဗျာ။
 
ရွေးကောက်ပွဲ ဘယ်သူ ဘယ်အဖွဲ့နိုင်နိုင် ကျန်ရစ်ခဲ့ထားခဲ့တာက တို့လူကလေးများ ဝန်ကြီးဝန်ကလေး အကြံပေးတစ်ရာကျော် ရဲ့ အစိုးရအဖွဲ့ကြီးအတွင်းဝန်များအပြင် အောက်အဆင့်ဆင့် အကြီးအကဲအားလုံးတို့ လူလေးများ ပြည့်လျှံပါဗျာ။ 
ဆက်လုပ်မယ်အစိုးရ ဘာသွားလုပ်လို့ရမှာတဲ့လဲ။ သူတို့ကို ဖြုတ်လို့ရမှာလား။ ခေါင်းဆောင်မမ ထောင်ကျခံ အနှိပ်စက်ခံ၊ လုပ်ကြံခံခဲ့ရတဲ့အပြင် မျှော်လင့်ထားတဲ့ မျှော်လင့်ချက်တွေ ဒီလွှတ်တော်မှာ မဲခွဲလိုက်တော့ သိပြီလို့ထင်ပါရဲ့။စိတ်ရှည်ရှည်ထား နောက်တစ်ပတ် နှစ်ပတ် မမ အသက်က “၈၀” ကျော်မှာဗျ။ အဲဒီအချိန် တကယ်လုပ်ရမှာက ဓမ္မဗျ။ အိုမယ်နာမယ် သေမယ်မလွဲပါဘူး။ ဓမ္မနဲ့ အိုနာသေဖို့ အကောင်းဆုံးပါလို့ ပြောလိုက်ချင်ပါရဲ့။ အဓိကနေရမှာက ကျန်းမာရေးဖြစ်ပြီဗျာ။ ကြုံလို့ပြောပြချင်သေးပါတယ်။ သေမယ်ရောဂါ ကင်ဆာဗျ။ ဒီမှာ ဖြစ်ကြတော့ များမှများပါပဲ။ ခုဓာတ်ကင်ဖို့ စောင့်နေတဲ့သူတွေ များလွန်းလို့ မန္တလေး၊ ရန်ကုန်၊ တောင်ကြီး တန်းစီစောင့်နေကြတာ တစ်နှစ်မက ကြာမှာဆိုပဲ။ စောင့်ရင်းနဲ့သေမယ့်လူက များလှသဗျာ။ အဲဒါလောက်ဖြစ်နေတာ၊ တစ်တိုင်းပြည်လုံး ဆင်းရဲကြပါတယ်ဆိုလည်း အဘတို့အဖွဲ့က စေတနာထား ကုသိုလ်ယူတတ်မယ် မရှိကြဘူး။ ဒါပေမဲ့ သူတို့က ဒီက ကျောင်းတွေ ဆေးရုံတွေ မသုံးကြဘူးဗျ။ မကြာမီကဘဲ ဘဘသောင်းကြီး ဘန်ကောက် ဂျောင်းသတဲ့ဗျာ။ ဒါကြောင့် ဒါကြောင့် မမကို တင်ချင်ကြပါတယ်ဗျာ။ မမသာ တကယ်နေရာရခဲ့ရင် ရောက်လာကြမယ့် အနိုင်နိုင်ငံက မေတ္တာတွေ လုံးဝမျှော်လင့်နိုင်တယ်ဗျ။”
 
ရွေးကောက်ပွဲကြီးကိုတော့ လာမယ့် နိုဝင်ဘာ “၈” ရက်လို့ ကြေညာလိုက်ပါပြီ။ ယုံကြည်ရမှာလား။ ဒီပွဲကြီး ဆူပွက်သွားရင် ဆရာကြီးတို့ ဘယ်လိုလုပ်ဦးမလဲ။ ပြီးလဲ ထူးမခြားနားကတော့ အသေအချာပါပဲ။ မယုံဘူးလား။ ဘာလို့မယုံကြရလဲ။ ဒီအာဏာရှင်တစ်စု နှစ်ပေါင်း ၅၀၊ ၆၀ ကျော်အတွင်း တိုင်းပြည်ဘယ်လိုဖြစ်ခဲ့ကြရသလဲ။ တာဝန်ခံတဲ့သူတွေကတော့ အထင်အရှားပါ။ ဒါပေမဲ့ ဆင်းရဲတွင်း ပီပီပြင်ပြင်ကျခဲ့ရတာ။ တောတွေပြောင်တာ၊ တောင်တွေပျောက်တာ၊ ဆည်တွေ အကျိုးမဲ့ဆောက်တာ ဘယ်သူတာဝန်ယူသလဲ။ ခုထိလည်း မြေတွေသိမ်းထားဆဲ။ ဒီတာဝန်ခံသူဆိုသူတို့ ဘာလို့ပိုင်ရှင်ထင်ပြီး လုပ်ချင်တိုင်းလုပ်ခဲ့ကြတာလဲ။ တောတွေ ပြောင်တာ ဘယ်သူမှ တာဝန်မရှိကြပါဘူးတဲ့ဗျာ။ မကောင်းတာရော ဝန်ခံခဲ့ပါသလား။ ဝေလာဝေး သူတို့ဘယ်လောက်ချမ်းသာတာ၊  မပြောကြပါဘူးဗျာ။ ခုရွေးကောက်ပွဲကြီး ဘယ်သူတာဝန်ခံမလဲ။ သမ္မတနဲ့ ဥက္ကဋ္ဌကတော့ နိုင်ငံခြား၌ပါ တရားမျှတပွင့်လင်းပြီး ဒီမိုကရေစီလမ်းပေါ်ရောက်မှာလို့ ကတိအကြိမ်ကြိမ်တော့ ဆိုခဲ့ကြပါရဲ့။ ဒီတော့ ဒီအတွက် တာဝန်ယူမယ်လား အရင်လို ကြိုတင်မဲလိုဖြစ်ရင် တာဝန်ယူမှာလား ရဲရဲကြီးနိုင်ငံခြားတိုင်းပြည်တွေမှာလို နုတ်ထွက်ပြ၊ ကိုယ့် ကိုယ်ကိုယ် သတ်သေလုပ်ပြနိုင်မှာလား။ တာ ဝန်အရှိဆုံးကတော့ ဥက္ကဋ္ဌနဲ့ ဥက္ကဋ္ဌကို ခန့်ခဲ့တဲ့ သမ္မတကြီးတို့ပဲ မဟုတ်လား။

Most Read

Most Recent