ဓာတ်ပုံတစ်ပုံ၏ရာဇဝင်

ဓာတ်ပုံတစ်ပုံ၏ရာဇဝင်
Published 18 July 2015
မောင်တင်ဦး(မြောင်းမြ)

ဧည့်ခန်းထဲက ဓာတ်ပုံ
 
ဒီအခန်းလေးက ကျွန်မနဲ့မောင်တို့ရဲ့ဘဝအစပဲ။ ကျွန်မရောမောင်ပါ ဘဝသစ် ထူထောင်ပြီဆိုမှ ဘယ်သူ့ကိုမှ အားမကိုးချင်တာကြောင့် နှစ်ယောက်တည်းနေရမယ့် ဒီအခန်းလေးကို တစ်နှစ်စာချုပ်နဲ့ ငှားနေလိုက်ကြတယ်။ အခန်းကို တစ်နှစ်စာပိုင်ပြီဆိုတော့ ပစ္စည်းတွေ နေရာတကျဖြစ်အောင် ချရတာအတော်ပင်ပန်းသား။ 
 
ဒီအချိန်မှာ မောင်က ဓာတ်ပုံတစ်ပုံ ထုတ်လာတယ်။ ပေါင်ကွပ်ထားပေမယ့် ကျောဘက်ကသာ မြင်ရသေးသမို့ ဘယ်သူ့ပုံဆိုတာ မသိရသေးဘူး။ ဒါနဲ့ မနေနိုင်တော့လို့ “ဒါဘယ်သူ့ပုံလဲမောင်” “ချိတ်ပြီးတော့၊ နုသိမှာပေါ့” 
မောင်ကတော့ အုတ်နံရံပေါ်မှာ သံကို သေသေချာချာ ခိုင်ခိုင်ခံခံဖြစ်အောင် စိတ်ရှည်လက်ရှည် ရိုက်နေပါတယ်။ ပြီးမှ ခုန ဓာတ်ပုံကို မျက်နှာသုတ်ပဝါနဲ့ သေသေချာချာ ပွတ်ပြီး သန့်ရှင်းရေးလုပ်တယ်။ ပြီးတော့မှ သံငုတ်မှာ ဓာတ်ပုံကို ချိတ်လိုက်တယ်။ ပြီး တည့်မတည့် အဝေးကြည့်၊ အနီးကြည့်လုပ်နေတယ်။ စိတ်တိုင်းကျပြီဆိုမှ “ကိုင်း ဘယ်သူ့ပုံလဲ ကြည့်လိုက်စမ်း။” စင်စစ် မောင်မကြည့်ခိုင်းမီကတည်းက ကြည့်ပြီးပြီ။ သိပြီးပြီ။
 
“ဗိုလ်ချုပ်အောင်ဆန်း” ရဲ့ ဓာတ်ပုံဆိုတာ သိပြီးသား။ “ဘယ်လိုလဲ၊ ဓာတ်ပုံချိတ်တာကို နုကန့်ကွက်ဦးမလား။” “ကန့်ကွက်စရာလားမောင်ရဲ့၊ နုလည်း ဗိုလ်ချုပ်ကို ကြည်ညိုပြီးသား။” မောင်က အားပါးတရအသံနဲ့ အော်လိုက်တယ်။ “ဒါဆို ကန့်ကွက်သူ မရှိဘူးပေါ့”
 
နှစ်သုံးဆယ်ကြာပြီးနောက်
 
ကျွန်မရောမောင်ပါ ပင်စင်စားတွေဖြစ်နေပြီ။ သမီးရော သားပါ အင်ဂျင်နီယာဖြစ်လာတယ်။ ကျွန်မရဲ့ပင်စင်၊ မောင်ရတဲ့ ပင်စင်နဲ့ သား၊ သမီးဝင်ငွေစုပြီး တိုက်ခန်းတစ်ခန်း ဝယ်လိုက်တယ်။ ဒါနဲ့ တိုက်ခန်းအသစ်ကို ပြောင်းကြရွှေ့ကြတယ်။ 
ဒီတစ်ခါတော့ အိမ်ထောင်ပရိဘောဂကို နေရာချတာ ကျွန်မနဲ့မောင် မဟုတ်တော့ဘူး။ သားနဲ့သမီး စိတ်ကြိုက်ဖြစ်လာတယ်။ ဒီလို တစ်နေကုန်ကြာသည်အထိ ပစ္စည်းက နေရာချလို့မပြီးသေးဘူး။ နောက်ဆုံး ဧည့်ခန်းမှာ အိမ်ဟောင်းက ဖြုတ်လာတဲ့ဓာတ်ပုံတွေ ပြန်ချိတ်ဖို့ပဲ ကျန်တော့တယ်။ ကျွန်မလည်း ကျွန်မအမေနဲ့အဖေပုံကို ဖုန်တွေပြန်သုတ်။ သန့်ရှင်းသပ်ရပ်အောင်လုပ်ပြီး အဲဒီပုံကို လက်မှာ ကိုင်ထားရင်း ဘယ်နေရာချိတ်ရမလဲ စဉ်းစားနေတယ်။ မောင်လည်း သူ့မိဘ ဓာတ်ပုံလေး တကိုင်ကိုင်နဲ့ပေါ့။ အတော်ကြာတော့ မောင်က တူနဲ့အုတ်ရိုက်သံကိုယူပြီး ဧည့်ခန်းနံရံမှာ ရိုက်ဖို့ ဟန်ပြင်လိုက်တယ်။ သမီးက “အဖေ ဘာလုပ်မလို့လဲ။” “ အော် အဖေ့အဖေနဲ့ အမေ့ပုံတွေ ချိတ်မလို့ ” “ဟာ မချိတ်ပါနဲ့တော့ အဖေရာ၊ အဖေက ချိတ်ရင်၊ အမေကလည်း ချိတ်ဦးမှာ။ အဲဒီတော့ နှစ်ယောက်လုံးမချိတ်နဲ့တော့။ အဖေနဲ့အမေ့ပုံပဲ ချိတ်တော့။” 
 
သမီးက သူဘွဲ့ယူတုန်းက ကျွန်မနဲ့မောင် တွဲရိုက်ထားတဲ့ ဓာတ်ပုံကို နံရံမှာချိတ်လိုက်တယ်။ ပြီးတစ်ဖက်တစ်ချက်မှာ သားပုံနဲ့ သမီးပုံကို ချိတ်လိုက်တယ်။ ပြီးတော့ အဲဒီပုံသုံးပုံရဲ့ အထက်မှာ ဓာတ်ပုံတစ်ပုံ ထပ်ချိတ်ပြန်တယ်။ အဲဒီပုံက သားကလည်း ကြည်ဖြူ။ သမီးကလည်း လေးစား။ ကျွန်မနဲ့မောင်ကလည်း ကြည်ညို။ အဲဒီပုံပဲပေါ့။ ဗိုလ်ချုပ်အောင်ဆန်းပုံလေ။ ကျမတို့ဗိုလ်ချုပ်ပုံပေ့ါ။
 
ရာဇဝင်ထဲမှ ဓာတ်ပုံ
 
ဓာတ်ပုံတွေမှာ သမိုင်းတွေအများကြီးရှိတယ်။ အဲဒီဓာတ်ပုံတွေထဲမှာ ရာဇဝင်အပြည့်ရှိတဲ့ ဓာတ်ပုံက ဗိုလ်ချုပ်ဓာတ်ပုံ ဖြစ်တယ်။ သားစဉ်မြေးဆက် တည်ရှိခဲ့တဲ့ ရာဇဝင် က ဖျောက်ဖျက်လို့ မရနိုင်ဘူး။
 
၁၉၁၅ ခုနှစ်မှ ၁၉၄၇ အထိ အသက်ရှင်ခဲ့တဲ့ ဗိုလ်ချုပ်ဟာ သူ့အတွက် အသက်ရှင်ခဲ့တာ မဟုတ်ဘူး။ လူသားဆန်တဲ့ ဗိုလ်ချုပ်ဟာ လူသားတာဝန်ကျေပွန်ဖို့ အိမ်ထောင့်တာဝန်ကို အချိန်မဖြုန်းဘဲ သူနာပြုဆရာမ ဒေါ်ခင်ကြည်ကို အချိန်တိုအတွင်း လက်ထပ်ယူခဲ့တယ်။ လူသား တာဝန်ကျေပွန်စွာ အိမ်ထောင်ပြုခဲ့တဲ့ အကျိုးရလဒ်က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို မျိုးဆက်ချပေးခဲ့တာ ဖြစ်တယ်။ ထို့အတူ အမေ့ကိုလွမ်းပေမယ့် အမေ့ထံပြန်ကာ လွမ်းဆွေးပြမနေဘဲ အချိန်ပြည့် တိုင်းပြည်လွတ်လပ်ရေးအကြောင်းပဲ တွေးနေတတ်သူဖြစ်တယ်။ အမေက သား (ဗိုလ်ချုပ်) ထံ လာလည်လို့လည်း လှိုက်လှဲပျူငှာမရှိဘူး။ နိုင်ငံ့အရေးကို စိတ်မအေးနိုင်ဖြစ်နေတာကြောင့်ဆိုတာ အမေကပဲ နားလည်ခွင့်လွှတ်ပေးလိုက်ရ တယ်။ ကျောင်းက (ဥပဒေဘွဲ့)ကိုလည်း ပြီးဆုံးအောင် မတက်နိုင်ဘူး။ ကျောင်းစာထက် နိုင်ငံရေးက အရေးကြီးတာကို ဗိုလ်ချုပ်က သိတယ်။ ထိုခေတ်က ဘွဲ့ရပညာတတ်ဆို အစိုးရအလုပ် (အရာရှိအလုပ်) ရဖို့ဆို သေချာပေါက်ပဲ။
 
ဆိုလိုချင်တာက ဗိုလ်ချုပ်ရဲ့သက်တမ်း (၃၂)နှစ်မှာ လူမှန်း သိတတ်ခါစမှစကာ တိုင်းပြည်အရေးကိုသာ မျက်နှာမူခဲ့တယ်။ တိုင်းပြည်အရေးထက် ဘာကိုမှ ဦးစားပေးခြင်း မရှိခဲ့ဘူး။ စင်စစ်အသက် ၃၂ နှစ်ဆိုတာ လူငယ်သာသာတာ ရှိသေးပြီး ပျော်လို့ပါးလို့ ကောင်းတုန်းအရွယ်ပဲ ဖြစ်တယ်။ တကယ်တော့ ဗိုလ်ချုပ်ဟာ အသက်အလိုက်သာ ခံစားရယူနိုင်တဲ့ ပျော်ရွှင်မှု၊ ဇိမ်ခံမှု၊ စည်းစိမ်ယစ်မှုစတဲ့ လူငယ်သဘာဝကို လုံး၀ လျစ်လျူရှုခဲ့သူ ဖြစ်တယ်။ 
 
ဗိုလ်ချုပ်မှာ တိုင်းပြည်ကို လွတ်လပ်ရေးရယူပေးခဲ့တဲ့ ဂုဏ်တစ်ခုတည်းမဟုတ်ဘူး။ လူငယ်၊ လူကြီး၊ နိုင်ငံရေးသမား၊ စစ်သား၊ စစ်ဗိုလ်ချုပ်၊ တက္ကသိုလ်ကျောင်းသား၊ စာရေးဆရာ၊ အယ်ဒီတာ စတဲ့ လူမျိုးစုံ လူတန်းစုံတို့ စံပြုရမယ့် ပုဂ္ဂိုလ်ကြီးဖြစ်တယ်။ 
ဘယ်ရှုထောင့် က ကြည့်ကြည့် အပြစ်ကင်းတဲ့သူဖြစ်တယ်။
 
ဒီလို စံပြပုဂ္ဂိုလ်ကြီးဟာ သင်္ခါရသဘောအရ သေဆုံးရပေမယ့်၊ ရာဇဝင်သဘောအရ သေလို့မဖြစ်ဘူး။ ကျွန်မရဲ့အဘိုး၊ အဘွားတို့ဟာ မိသားစုတာဝန် ကျေပွန်ရုံသာရှိခဲ့လို့ စာတစ်စောင်ပေတစ်ဖွဲ့ကာ ရာဇဝင်တင်လို့ မရနိုင်ဘူး။ ဒါကြောင့် ရာဇဝင်မတင်ခဲ့တဲ့ ပုဂ္ဂိုလ်ရဲ့ ဓာတ်ပုံတွေဟာ ကာလတစ်ခု အမိန့်အာဏာအရ လူမြင်ကွင်းမှာ ချိတ်ဆွဲလို့ရခဲ့ပေမယ့် ရေရှည်တော့ ချိတ်ဆွဲခွင့်မရနိုင်ဘူး။
 
ရာဇဝင်ကိုမဖျက်ဆီးနဲ့
 
ဒီလို ရာဇဝင်နဲ့ချီရှိတဲ့ ဓာတ်ပုံကို အလှချိတ်ဆွဲဖို့မဟုတ်ဘူး။ ရာဇဝင်ရှိတဲ့ ဗိုလ်ချုပ်ဓာတ်ပုံကို ချိတ်ဆွဲအသုံးချကြပြီဆိုရင် ချိတ်ဆွဲသူတို့ရဲ့ ရာဇဝင်ဟာ ဗိုလ်ချုပ်နီးပါး သန့်ရှင်းရမယ်။ ရာဇဝင်ရှိရမယ်။ တိုင်းပြည်ချစ်စိတ် ရှိရမယ်။ ပြည်သူကို ရင်ဝယ်သားကဲ့သို့ သနားငဲ့ညှာတဲ့စိတ် ရှိရမယ်။ တရားမျှတမှုကို မြတ်နိုးသူ၊ လိုက်နာကျင့်ကြံသူ ဖြစ်ရမယ်။ ပြောသလို (ကတိပေးသလို) လုပ်သူဖြစ်ရမယ်။ ဗိုလ်ချုပ်ဂုဏ်ရည်ကို မီမှ ဗိုလ်ချုပ်ဓာတ်ပုံကို ချိတ်ဆွဲ သုံးစွဲခွင့်ရှိရမယ်။ ဥပါယ်တံမျဉ်နဲ့ ဗိုလ်ချုပ်ဓာတ်ပုံကို အသုံးချပြီး မိမိ ပါတီ၊ မိမိ အဖွဲ့အစည်းကို ပြည်သူအထင်ကြီးအောင်၊  ပြည်သူတွေကို ထင်ယောင်ထင်မှားဖြစ်အောင် မလုပ်ကြပါနဲ့။ ခုလည်း တစ်ခါက ခါးခါးသီးသီးဖြစ်နေပြီး လူမြင်ကွင်းမှာ မချိတ်ဆွဲခဲ့တဲ့ ဗိုလ်ချုပ်ဓာတ်ပုံကို ခုတော့ ပါတီတိုင်း၊ နေရာတိုင်းမှာ ချိတ်ဆွဲနေကြပြန်ပြီ။ ဘယ်လိုရည်ရွယ်ချက်တွေနဲ့ ပြန်ချိတ်ဆွဲနေကြတာလဲ။ ဗိုလ်ချုပ်ကိုချစ်တဲ့ ပြည်သူတွေကို ဗိုလ်ချုပ်ဓာတ်ပုံနဲ့ သွေးဆောင်ဦးမလို့လား။ ဘာပဲဖြစ်ဖြစ် ကျွန်မနဲ့မောင်ရဲ့ဓာတ်ပုံ ဟာလည်း သက်တမ်းတစ်ခုအတွင်းသာ ချိတ်ဆွဲခံရမှာပါ။ ဗိုလ်ချုပ်ဓာတ်ပုံက မြန်မာပြည် တည်သရွေ့ ချိတ်ဆွဲနေရဦးမှာပါ။ သူ့ရဲ့ စွန့်လွှတ်မှုကို ဘယ်သူကများ လိုက်မီနိုင်ကြလို့လဲ။
 
ဒါကြောင့်  ဗိုလ်ချုပ်ဓာတ်ပုံကို ချိတ်ဆွဲထားသူတိုင်း ဗိုလ်ချုပ်ကဲ့သို့ တိုင်းပြည်ချစ်သူ ဖြစ်ပါစေ။ ဗိုလ်ချုပ်စိတ်ဓာတ် မွေးနိုင်ပါစေ။ အနစ်နာခံနိုင်သူ၊ ရိုးသားသူပြည်သူအားလုံး ရဲ့ စံပြနေထိုင်နိုင်သူ ကိုယ်ကျိုးစွန့်သူ စတဲ့ ရာဇဝင်များနဲ့ ထုံမွမ်းနိုင်ကြပါစေ။ ဗိုလ်ချုပ်လို ရာဇဝင်မှာ စာတင်နိုင်တဲ့ ပုဂ္ဂိုလ်ကိုတော့ နေရာမှန် ဧည့်ခန်းဆောင်မှာ ကျက်သရေရှိရှိ ထားနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Most Read

Most Recent