ဗိုလ်ချုပ်၏ ဖက်ဒရယ်အိပ်မက်နှင့် ဘယ်ဝယ်ဘယ်ဆီ

ဗိုလ်ချုပ်၏ ဖက်ဒရယ်အိပ်မက်နှင့် ဘယ်ဝယ်ဘယ်ဆီ
Published 17 July 2015
ရွှေဒါးမောင်လေးရည်

“မြန်မာမတော့ပူစရာဘို့၊ တဗျူဟာ အောင်ခမန်းတွင်မှ၊ လူမသမာ အမှောင်သန်းချိန်မို့၊ သောင်ကမ်းမို့မို့ဆီက ဖောင်နန်းကတို့နှင့် အကြေဒဂုန်တည်းဟူသော၊ ရေစုန်မျောလေရဲ့၊ သြော် တောင်နန်းမြောက်နန်း အဆောင်ကြငှန်းနဲ့၊ အခေါင်မမြန်းရခင်က၊ အောင်ပန်းညှိုးရရှာတဲ့၊ အောင်ဆန်းတို့ သေပုံနှမြော” ဆရာကြီး သခင်ကိုယ်တော်မှိုင်း၏ ဗိုလ်ချုပ်နှင့်အပေါင်းပါ အာဇာနည်များ ကျဆုံးခဲ့ရသဖြင့် ဖြေမဆည်နွမ်းလျမှုဖြင့် ရေးစပ်သီကုံးခဲ့သည့် အာဇာနည်ဗိမာန် မဟာလေးချိုးကြီးမှ နောက်ဆုံး အပိုဒ်စာသားများပါပေ။ လွမ်းလည်း လွမ်းလောက်ပါပေသည်။ ကျွန်တော်တို့၏ နိုင်ငံတော်သည် လွတ်လပ်သော နိုင်ငံအဖြစ် အခြေပြုရပ်တည်ခဲ့သည်မှာ ၆၈ နှစ် သက်တမ်းတိုင်ခဲ့ပေပြီ။ ဒီမိုကရေစီနိုင်ငံအဖြစ်ဖြင့်လည်း ငါးနှစ်တင်းတင်း ပြည်ပေရော့မည်။ ဒီမိုကရေစီ၏ အနှစ်သာရအဖြစ် အများစု၏ ရင်တွင်းဆန္ဒများ အရင်းတည်လျက် လူအနည်းစု၏ သဘောထားများကို အလေးဂရုပြုသည့် စနစ်ဖြစ်ပေရာ၊ ကိုယ်နှင့် အယူသဘောမတူရုံဖြင့် ကိုယ်နှင့်မတူ ကိုယ့်ရန်သူအဖြစ် သဘောထား၍မရသော လမ်းစဉ်သာဖြစ်ပေသည်။ ဗိုလ်ချုပ်မျှော်မှန်းခဲ့သည့် နိုင်ငံပုံရိပ်တွင် တိုင်းပြည်ခေါင်းဆောင်ဆိုရာ၌ တစ်ဦးတစ်ယောက်တည်း၏ ဆန္ဒဖြင့် ခေါင်းဆောင်မှုမျိုးမဟုတ်ဘဲ အဖွဲ့အစည်းဖြင့် ခေါင်းဆောင်သည့် ပုံစံမျိုးဖြစ်ပေသည်။ လူမျိုးရေးသဘောတရားတွင်လည်း ကိုယ့်လူမျိုးမှမြတ်သည်ဟူသော သဘောမျိုးမထားခဲ့။ ကိုယ့်လူမျိုးအပေါ် ချစ်ခင်သော်လည်း တခြားတစ်ပါးသော လူမျိုးများအပေါ် အထင်သေးခြင်း မုန်းတီးခြင်းမဖြစ်ကြဘဲ အချင်းချင်း ရင်းနှီးချင်ကြလျက် တစ်ကမ္ဘာလုံးနှင့် ယှဉ်သော အကျိုးစီးပွားကို လိုလားသောစိတ်ဖြင့် ရှင်သန်နေထိုင်လိုသူ ဖြစ်သည်။လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နှင့်  စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာ တွေးတောခွင့်၊ ကိုးကွယ်လိုရာ ဘာသာကို ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင်မှ ကင်းလွတ်ခွင့်၊ လူတိုင်းပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ဆေးဝါးအကူအညီရခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ ကင်းလွတ်ချမ်းသာခွင့် အလုပ်သမား လယ်သမားများရဲ့ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ လူနည်းစုတိုင်းရင်းသားများ၏ အနည်းဆုံးအခွင့်များကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း၊ ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုစာနာစာ အထိအခိုက်လျော်ကြေး၊ ရန်ပုံငွေအစရှိသည်တို့ကို အစိုးရထားပြီး အိုမင်း၍လည်းကောင်း၊ နာဖျား၍လည်းကောင်း၊ ထိခိုက်နာကျင်၍ လည်းကောင်း၊ အလုပ်လုပ်ချင်သော်လည်း အလုပ်မရနိုင်၍ သော်လည်းကောင်း၊ အသက်မွေးဝမ်းကျောင်း မပြုနိုင်စွမ်းသူများကို အစိုးရ၏ အထောက်အပံ့ရရှိခွင့်၊ ဒီမိုကရေစီအခွင့်အရေးမျိုးတွေလည်း ရှိရမယ်ဟု မိန့်မြွက်ခဲ့ဖူးပေသည်။တိုင်းရင်းသားအချင်းချင်း ရင်းနှီးချစ်ကြည်စွာဖြင့် သွေးစည်းညီညွတ်ရေးအတွက်လည်း ဗြိတိသျှတို့က တောင်တန်းနယ်လူမျိုးများသည် အောက်ကျနောက်ကျ ဖြစ်နေသေးသဖြင့် လွတ်လပ်ရေးနှင့်မတန်ဟု ထင်ကြောင်း ထိုသို့ ထင်မြင်ချက်ကို မြန်မာများက သဘောမတူကြောင်း၊ မြန်မာပြည်လွတ်လပ်ရေးရသည်နှင့် တစ်ပြိုင်နက် တောင်တန်းနယ် လွတ်လပ်ရေးရမည်ဟု မြန်မာများ ထင်မြင်ကြောင်း၊ မြန်မာများသည် တောင်တန်းဒေသအတွက် ပြောဆိုခြင်းသည် စိုးမိုးအုပ်ချုပ်လို၍ မဟုတ် သို့ရာတွင် တောင်တန်းနယ်မြေများသည် မြန်မာပြည်နှင့်အတူ အဆင့်အတန်း အခွင့်အရေးရစေလိုသောကြောင့်ပင် ဖြစ်ကြောင်း၊ မြန်မာများသည် ဗြိတိသျှကျွန် မဖြစ်လိုကြောင်း၊ ထိုနည်းတူစွာ တောင်တန်းလူမျိုးများသည်လည်း ဗြိတိသျှကျွန်များအဖြစ် မရောက်စေလိုကြောင်း၊ ထို့အပြင် တောင်တန်းလူမျိုးများသည် မြန်မာကျွန်အဖြစ်လည်း မဖြစ်စေလိုကြောင်းကို ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ပင်လုံတောင်တန်းဒေသ ညီလာခံမိန့်ခွန်း၌ ဗိုလ်ချုပ်၏ တန်းတူညီမျှမှု စိတ်ဓာတ်ကို တွေ့ရပေသည်။ပုဒ်မ ၄၃၆ (ခ) ပါ တိုင်းဒေသကြီး ပြည်နယ်များ၏ ရပိုင်ခွင့်၊ ပြည်သူလူထု၏ စစ်မှန်သော ကိုယ်စားပြုမှု တိုင်းရင်းသားများ တောင်းဆိုသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ သယံဇာတခွဲဝေခွင့် အပါအဝင် အခွန်အတုတ် မျှဝေခံစားခွင့်များကို နှစ်ပေါင်း ၆၀ ကျော်ကြာ တိုင်းရင်းသားတို့ တောင်းဆိုလျက်ရှိသည့် လမ်းကြောင်းပေါ် ရောက်ရှိနိုင်ရေးအတွက် ကန့်ကွက်ငြင်းခုန်လျက်ရှိသည့် တပ်မတော်သားတို့၏ အာဘော်အတိုင်း မဖြစ်စေရေး စဉ်းစားပေးဖို့အထိ ဆွေးနွေးချက်များကို ရှုမြင်နားဆင်နေရသည်မှာ မသက်မသာရှိလှပေသည်။ အဆိုပါကိစ္စနှင့် ပတ်သက်၍ “၂၀၀၈  အခြေခံဖွဲ့စည်းပုံဥပဒေကို ပြည်သူ့ဆန္ဒနှင့်အညီ ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ခြင်းမပြုနိုင်ပါက အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရန် လွန်စွာ ခက်ခဲနိုင်ပါသည်။အပစ်အခတ်ရပ်စဲရေးစာချုပ် ရေးဆွဲလက်မှတ်ရေးထိုးနိုင်ရန် မလွယ်ကူပေ။ နိုင်ငံသားများ အထူးသဖြင့်  တိုင်းရင်းသားညီနောင်များ တောင်းဆိုနေကြသည့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသော တန်းတူညီမျှသော ဖက်ဒရယ်ပြည်ထောင်စုကြီး တည်ထောင်နိုင်ရေးမှာလည်း အလှမ်းကွာဝေးနေမည် ဖြစ်ပေသည်။ ပြည်သူအတွက် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအာမခံချက် အပြည့်အဝပေးနိုင်သော တရားဥပဒေစိုးမိုးသည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရန်လည်း အလှမ်းဝေးနေပါဦးမည်။ တရားဥပဒေစိုမိုးမှု အားနည်းနေပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ပါးရေးအမျိုးသားရေး မျှော်မှန်းချက်သည်လည်း မှေးမှိန်နေမည်ဖြစ်သည်။ ထို့ကြောင့် လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေကို ကျယ်ကျယ်ပြန့်ပြန့် ပြင်ဆင်ရန် အမျိုးသားရေးတောင်းဆိုမှုတစ်ရပ် ဖြစ်ပေါ်လာနေပြီ ဖြစ်ကြောင်းဖြင့် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက တင်ပြခဲ့သည်ကို တွေ့ရပေသည်။မွန်အမျိုးသားပါတီအတွင်းရေးမှူးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ စတင်စဉ်ကပင် ၉၂ ရာ ခိုင်နှုန်းကျော် ထောက်ခံမှုရတယ်ဆိုတာက စပြီး မှန်ကန်တယ်လို့ မယူဆခဲ့ကြကြောင်း၊ တပ်မတော်အနေနဲ့ ဒါကို မှန်တယ်လို့ ယူဆခဲ့ရင် ပြည်သူကြားချပြပြီး ပြင် မပြင် ကောက်ခံလိုက်ရင် အဖြေပေါ်လာမယ်လို့ ထောက်ပြခဲ့ပါတယ်။ ဒီမိုကရေစီစံနှုန်းနဲ့လည်း မညီဘူး။ အမျိုးသားရေးတန်းတူညီမျှမှု မရှိခဲ့လို့ သူတို့ ပါတီကတော့ လုံးဝအသစ်ပြန်ရေးဆွဲဖို့သာ မူချထားခဲ့တယ်လို့ဆိုပြီး ၂၀၀၈ ဖွဲ့စည်းပုံဟာ ပြည်သူ့အကျိုးမပြုဘူးလို့ အပြတ်ဆိုပါတယ်။ ရွေးချယ်ခံ လွှတ်တော်ကိုယ်စားလှယ်များအနက် တိုင်းရင်းသားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တို့က ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ဆန္ဒတူညီကြသော်လည်း ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား ကိုယ်စားလှယ်တို့က လုံးဝမပြင်ဆင်ရေးဘက်က ရပ်တည်နေပေသည်။ သည်သို့ဆို သော် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ရည်မှန်းခဲ့သည့် ဒီမိုကရေစီစံနှုန်းများနှင့် ဖက်ဒရယ်နိုင်ငံတော်ကြီးဆီသို့ ချီတက်ရာ၌ အဟန့်အတားများနှင့်အတူ နိုင်ငံသားတို့ဆန္ဒနှင့် လွှတ်တော်၏ဆန္ဒ တစ်သားတည်းကျရေး ခရီးဝေးနေဦးမည်သာပင်။

Most Read

Most Recent